အခွန်လိမ်လည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့နောက် ဗြိတိန် ဒုတိယ ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အန်ဂျလာ ရေနာဟာ သူ့ရဲ့ နုတ်ထွက်စာကို စက်တင်ဘာ ၅ ရက်နေ့တုန်းက ဝန်ကြီးချုပ် ဆာကီရာ စတာမာဆီ ပေးအပ်ခဲ့ပါတယ်။ သူဟာ အာဏာရ လေဘာပါတီရဲ့ ဒုတိယ အကြီးအကဲ အဖြစ်ကနေလည်း နုတ်ထွက်ပေးခဲ့ရပါတယ်။ အကျိုးဆက်အဖြစ် ပါတီထဲမှာ အဲဒီ လစ်လပ် နေရာအတွက် ပြိုင်ဆိုင်မှုတွေလည်း စတင်လာပါတယ်။
ရေနာဟာ ဟို့ဗ်မြို့မှာရှိတဲ့ သူ့ရဲ့ စတာလင်ပေါင် ၈ သိန်းတန် ဇိမ်ခံတိုက်ခန်း ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်း မှန်မှန် ပြည့်မီတဲ့ အခွန်အခမျိုး မပေးဆောင်ခဲ့ကြောင်း စွပ်စွဲ ခံထားရပါတယ်။ အဲဒီနောက် အတိုက်အခံအင်အားစုတွေက ရေနာကို ထုတ်ပယ်ပေးဖို့ အစိုးရကို ဆက်တိုက် ဖိအားပေးလာခဲ့ပါတယ်။
အခုတော့ ရေနာဟာ ဒုတိယ ဝန်ကြီးချုပ် အဖြစ်ကနေရော၊ အိုးအိမ်စီမံကိန်း ဝန်ကြီးရာထူးကပါ နုတ်ထွက်သွားပြီလို့ စတာမာက အတည်ပြုခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ ကျင့်ဝတ်ရေးရာ အကြံပေးပုဂ္ဂိုလ် ဆာလော်ရီ မက်ဂ်နက်စ်ကတော့ ရေနာဟာ သိက္ခာရှိရှိ ရွေးချယ်သွားတာ ဖြစ်တယ်လို့ အသိအမှတ် ပြုခဲ့ပေမယ့် ဝန်ထမ်းရေးရာ ကျင့်ဝတ်ကို ချိုးဖောက်ခဲ့တာကိုလည်း လက်ခံရမယ်လို့ ပြောပါတယ်။

Public Service Announcement
ရေနာကတော့ တိုက်ခန်းဝယ်ယူမှုမှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေဟာ အမြင့်ဆုံး စံသတ်မှတ်ချက် အဆင့်အတန်းတွေနဲ့ ကိုက်ညီမှု မရှိခဲ့တာကို ဝန်ခံသွားပါတယ်။ တကယ့် ကျွမ်းကျင် အခွန်ဥပဒေ ပညာရှင် တစ်ယောက်ယောက်နဲ့ ထပ်ပြီး မဆွေးနွေးဖြစ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို နောင်တရမိတယ်လို့လည်း ရေနာက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ အမှားအတွက် အပြည့်အဝ တာဝန်ယူဖို့ ရွေးချယ်ခဲ့ကြောင်းလည်း သူက ကြေညာခဲ့ပါတယ်။
ဝန်ကြီးချုပ်ဘဝ ပထမဆုံး တစ်နှစ်တာ ဖြတ်သန်းမှုမှာ အဆင်မပြေတာတွေ များခဲ့တဲ့နောက် အစိုးရ အဖွဲ့ကို အကြီးစား ပြင်ဆင် ဖွဲ့စည်းမှုတွေ လုပ်ထားတဲ့ စတာမာ အတွက်တော့ ရေနာ နုတ်ထွက်ရမှုဟာ ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ အခုအခါမှာတော့ ဒေးဗစ်လမ်မီဟာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ပြီး ရေနာအစား ဒုတိယ ဝန်ကြီးချုပ် ရာထူးကို ပြောင်းလဲ လက်ခံသွားမှာပါ။ သူဟာ တရားရေး ဝန်ကြီး နေရာကိုလည်း ပူးတွဲ ကိုင်တွယ်ပါမယ်။ ယီဗက် ကူးပါးက နိုင်ငံခြားရေး ဝန်ကြီးသစ် ဖြစ်လာပြီး တခြား ဝန်ကြီးနေရာ တချို့မှာလည်း အပြောင်းအလဲတွေ ရှိခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Guardian

















































