close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး-လက်ဘနွန် အပစ်ရပ်ကာလ ၄၅ ရက် သက်တမ်းတိုး

အပစ်ရပ် ကာလကို နောက်ထပ် ၄၅ ရက် ထပ်တိုးဖို့ အစ္စရေးနဲ့ လက်ဘနွန်ကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဓာတ်ပုံ - EPA

အပစ်ရပ် ကာလကို နောက်ထပ် ၄၅ ရက် ထပ်တိုးဖို့ အစ္စရေးနဲ့ လက်ဘနွန်ကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

အဲဒီနှစ်နိုင်ငံ အစိုးရတွေကြား အပစ်ရပ်ရေးကိစ္စ ကြားဝင် ညှိနှိုင်းပေးနေတဲ့ အမေရိကန်က အခုသတင်းကို မေလ ၁၅ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပစ်ရပ် ကာလအတွင်းမှာတော့ အစ္စရေးဟာ လက်ဘနွန် ပိုင်နက်ထဲမှာ စစ်ဆင်ရေးတချို့ ဆက်လက် လုပ်ဆောင်ခဲ့ပေမယ့် သဘောတူညီမှုကို ချိုးဖောက်ရာ မရောက်ဘူးလို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စစ်ပြု တိုက်ခိုက်ခဲ့တဲ့နောက် မတ်လဆန်းမှာ လက်ဘနွန် အခြေစိုက်၊ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက အစ္စရေးကို စတင် တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးကလည်း လက်ဘနွန် ပိုင်နက်ထဲမှာ ရှိနေတဲ့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အပြင်းအထန် လက်တုံ့ပြန်ခဲ့တာကြောင့် လက်ဘနွန်ကိုပါ စစ်မီး ကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်တော့ အမေရိကန်နဲ့ အီရန်တို့ အပစ်ရပ်သွားချိန်မှာ အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေကြား အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပါတယ်။ အဲဒီ ကနဦး သဘောတူညီမှုဟာ မေလ ၁၇ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း အခုတော့ နောက်ထပ် ၄၅ ရက် သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သက်တမ်းတိုး အပစ်ရပ်ကာလ ကုန်ဆုံးမယ့် ဇွန်လ ၂ ရက်နေ့လောက်ကျရင်တော့ အစ္စရေး-လက်ဘနွန် စစ်ရပ်စဲရေး စာချုပ်မျိုး ချုပ်ဆိုနိုင်ဖို့ထိ မျှော်လင့်ထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တော်မီပစ်ဂေါ့က ပြောပါတယ်။

လက်ရှိ အပစ်ရပ် သဘောတူညီမှုဟာ အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေကြားမှာပဲ ချုပ်ဆိုထားတာဖြစ်ပြီး ဟစ်ဇ်ဘိုလာကတော့ အသိအမှတ် ပြုမထားပါဘူး။ ဒါ့အပြင် ရန်စတိုက်ခိုက်ခံရတာ၊ ခြိမ်းခြောက်ခံရတာတွေ ရှိလာရင် အစ္စရေးက လက်ဘနွန် ပိုင်နက်ထဲမှာရှိတဲ့ ဟစ်ဇ်ဘိုလာ တည်နေရာတွေကို ဆက်လက် တိုက်ခိုက်ဖို့လည်း ခွင့်ပြုထားပါတယ်။

ပစ်ဂေါ့က လက်ရှိ အပစ်ရပ် သဘောတူညီမှုကို စစ်ရပ်စဲရေး ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုတဲ့ အဆင့်ထိ မြှင့်တင်သွားနိုင်ဖို့ မျှော်လင့်ထားပြီး မေလ ၂၉ ရက်နေ့ကျရင် နှစ်နိုင်ငံ စစ်တပ်တွေရဲ့ ကိုယ်စားလှယ် အဖွဲ့တွေကို မျက်နှာစုံညီ စည်းဝေးစေဖို့ အမေရိကန် အနေနဲ့ မျှော်လင့်ထားကြောင်းလည်း ပြောကြားသွားပါတယ်။

အပစ်ရပ် ဆွေးနွေးမှုမှာ အစ္စရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ အမေရိကန် နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး ယာချေးလ် လိုင်တာကတော့ ဘယ်လို သဘောတူညီမှုမှာမဆို အစ္စရေးရဲ့ လုံခြုံရေးအတွက် အာမခံချက် အပြည့်အဝ ပေးနိုင်ဖို့ အရေးကြီးတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အနိမ့်အမြင့်တွေ အမျိုးမျိုး ကြုံလာနိုင်ကြောင်း၊ ဒါပေမဲ့ အောင်မြင်မှုတွေ ရမယ့် အလားအလာကတော့ အကောင်းဖက်က ရှိနေကြောင်း သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်နိုင်ငံ ပိုင်နက်ထဲမှာ ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြေညာခဲ့ပါတယ်။ အဲဒီ အခြေအနေက လက်ဘနွန်မှာ အပစ်အခတ် ရပ်စဲထားတဲ့ သဘောတူညီမှု ဆက်လက် တည်တံ့နိုင်ရေးအတွက် စိုးရိမ်စရာတွေလည်း ဖြစ်လာစေပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက တိုက်လေယာဉ် အသစ်တွေ ဝယ်ယူဖို့အတွက် အပြီးသတ် သဘောတူ ခွင့်ပြုချက် ရရှိခဲ့ကြောင်း အစ္စရေး အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် အရာရှိတွေကို လက်ဆွဲနှုတ်ဆက်စေဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုရဲ့ အားထုတ်မှုဟာ မအောင်မြင်ခဲ့ဘဲ ကို့ယို့ကားယား အခြေအနေတစ်ခုနဲ့ အဆုံးသတ်သွားပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ် သဘောတူညီမှု ရရှိခဲ့တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ထားမယ်လို့ အီရန်က ကြေညာခဲ့ပါတယ်။