သတင်း

ကွတ်ခိုင်မြို့အနီးရှိ စစ်ကောင်စီအထိုင်စခန်းကို KIA သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ယမန်နေ့ (ဇူလိုင် ၁၈) တွင် စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်၊ တိုက်ပွဲအနီး ကျေးရွာတစ်ခု လက်နက်ကြီးနှင့် ပစ်ခတ်ခံရသဖြင့် ၁၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအရှေ့ဘက် ၈ မိုင်ခန့်အကွာ၊ လားရှိုး- မူဆယ်လမ်းဘေး ကောင်းရာရွာ တောင်ကုန်းတွင် လွန်ခဲ့သည့် ၃ လခန့်မှ စတင်၍ တပ်စွဲထားသော စစ်တပ်ကို KIA အမှတ် (၉) တပ်ရင်းက ဝင်ရောက်ခိုက်ရာမှ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အဲဒီစခန်းက ကျွန်တော်တို့ သွားရေးလာရေးကို ထိန်းချုပ်ချင်တဲ့သဘောနဲ့ သူတို့ လာထိုင်တဲ့စခန်း ဖြစ်ပါတယ်။ မနေ့က ကျွန်တော်တို့အဖွဲ့တွေက ဝင်စီးပြီးမှ ချေမှုန်းတိုက်ပွဲတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အားလုံး ဝင်စီးခဲ့တယ်။ ချေမှုန်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာတော့ ကျွန်တော်တို့ (စခန်း) မထိုင်ဘူး” ဟု ၎င်းက ဆိုသည်။

KIA ဘက်က အထိအခိုက် မရှိကြောင်း၊ စစ်ကောင်စီတပ် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် နမ့်ဖတ်ကာရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက် အမျိုးသားတစ်ဦး သေဆုံးသွားသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

ကောင်းရာရွာခံတစ်ဦးကလည်း စစ်ကောင်စီတပ် လက်နက်ကိုင်အင်အား ၁၀၀ ဝန်းကျင်ခန့် ၎င်းတို့ဒေသတွင် တပ်စွဲခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့က တိုက်ပွဲ တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

“တိုက်ပွဲ အကြီးအကျယ်ဖြစ်တယ်။ နှစ်ဖက်လုံးက အသေးရော၊ အကြီးရော ပစ်ကြတယ်။ အနေအထားအရ ကြည့်ရင်တော့ KIA က ဝင်တိုက်တာ” ဟု ထိုရွာသားက ဆိုသည်။

စစ်ကောင်စီက တိုက်ပွဲများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ယနေ့ (ဇူလိုင် ၁၉) နံနက်တွင် ကောင်းရာရွာအနီး ၎င်းတို့ ယာယီတပ်စခန်းအတွင်း အင်အား ၆၀ ခန့် ဖြည့်တင်းထားကြောင်း ဒေသခံများထံမှ သိရပြီး စစ်ရေးအခြေအနေ တင်းမာနေသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် လားရှိုး – မူဆယ် လမ်းမကြီးတစ်လျှောက်တွင် မော်တော်ယာဉ်များ သွားလာမှု ရှိသော်လည်း နမ့်ဖတ်ကာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု ယနေ့အထိ ရှိနေဆဲဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် KIA တို့အကြား တိုက်ပွဲများဖြစ်နေပြီး ဇူလိုင် ၁၆ ရက်နေ့ နမ့်ဖတ်ကာမှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကွတ်ခိုင်မြို့နယ်အတွင်း နှစ်ကြိမ်ထက်မနည်း KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ဗိုလ်မှူးကြီးနော်ဘူက ရှမ်းမြောက်၌ ယနေ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း ဆိုသည်။

သို့သော်လည်း ယမန်နေ့က ကချင်ပြည်နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းတစ်ခုကို နှစ်နေရာ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သူက ပြောသည်။

“မနေ့က ဒေါ့ဖုန်းယန်ဘက်မှာ ကျွန်တော်တို့ ကြားဖြတ်ခုခံတဲ့ တိုက်ပွဲတွေရှိပါတယ်။ နောက် မြစ်ကြီးနားဘက်က တက်လာတဲ့ စစ်ကြောင်းတွေကိုလည်း ဂျာပူပတ်ဝန်းကျင်မှာ ကြားဖြတ်ခုခံတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေ မရှိသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီတပ်သည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို ဦးတည်ကာ ဇူလိုင်လဆန်းကတည်းက အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလျက်ရှိသည်။

အဆိုပါစစ်ကြောင်းများအနက် မြစ်ကြီးနားမြို့မှ ချီတက်လာသည့် စစ်ကြောင်းကို ဝိုင်းမော်မြို့နယ် ဂျာပူရွာအနီးနှင့် ဗန်းမော်မှ ချီတက်လာသည့် စစ်ကြောင်းကို ဒေါ့ဖုန်းယန်မြို့အနီးတို့တွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

လက်နက်ကြီးထိပြီး ကျောင်းသားတစ်ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

ယမန်နေ့ ညနေ ၄နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် ကောင်းရာရွာအနီး စစ်တပ်နှင့် KIA တို့ တိုက်ပွဲဖြစ်နေချိန် ၈ မိုင်အကွာရှိ နမ့်ဖတ်ကာရွာ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ) ၁၂၃ က (၁၂၀) မမ လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့သည်။

ကောင်းရာကျေးရွာအတွင်း လက်နက်ကြီး ၁၀ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်တစ်လုံးလည်း မီးလောင်ခဲ့သည်ဟု အထက်ပါ ကောင်းရာရွာသားက ပြောသည်။

လက်နက်ကြီးစ ထိမှန်ခဲ့သည့် အသက် ၉ နှစ်အရွယ် မောင်ဘရန်ဆန်နှင့် သေဆုံးသူ မောင်နော်ပါ။ (ဓာတ်ပုံ- ပေးပို့)

နမ့်ဖတ်ကာရွာ၊ ဇီးဒဘန်ရပ်ကွက်ရှိ နေအိမ် ၂ လုံးအပေါ် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့၍ သားအမိ သုံးဦး၊ အသက် ၂၀ မမေရီ ဆိုသူတို့ လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးစ ထိမှန်သည့် ဇီးဒဘန်ရွာက ဒေါ်ခေါန်နန် (၄၆) နှစ်၊ မောင်နော်ပါ (၁၅ နှစ်)၊ တူဖြစ်သူ မောင်ဘရန်ဆန် (၉ နှစ်) တို့ သုံးဦးကို နမ့်ဖတ်ကာလူမှုကူညီရေးအသင်းက ကွတ်ခိုင်ပြည်သူဆေးရုံသို့ ညတွင်းချင်း အရေးပေါ်ပို့ဆောင်ခဲ့ရာ ည ၉ နာရီခွဲခန့်တွင် မောင်နော်ပါ သေဆုံးခဲ့သည်။

နမ့်ဖတ်ကာရွာအတွင်း လူနေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

တိမ်းရှောင်နေသည့် ဒေသခံနောက်တစ်ဦးကလည်း “တိုက်ပွဲက တစ်နာရီလောက်တော့ ကြာတယ်။ ရွာနဲ့တော့ ဝေးတယ်။ မနေ့က ညပိုင်းလောက်က သူတို့အိမ်မှာ ဗုံးကျတာ။ တစ်ယောက်တော့ သေသွားပြီ။ ကျန်တဲ့သူတွေကတော့ ဆေးကုသနေတုန်းလို့ ပြောတယ်” ဟု ဆိုသည်။

လက်ရှိတွင် အိမ်ခြေ ၄၃ အိမ်ရှိ ကောင်းရာရွာမှ လူဦးရေ ၁၅၀ ကျော်သည် အနီးရှိ ခိုမုန်းကျေးရွာဘုရားကျောင်း၌ တိမ်းရှောင်နေရဆဲဖြစ်သည်။

ဇူလိုင် ၁၇ နံနက်က ကွတ်ခိုင်မြို့မှ သိန္နီမြို့သို့ ဆင်းသွားသည့် စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် (TNLA) နှင့် နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။​

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၉ မှ ၁၁ အတွင်း ကွတ်ခိုင်မြို့အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းစဉ် ၃ ကြိမ်ထပ်မနည်း တိုက်ခိုက်ခံထားရသည်။

စစ်ကောင်စီတပ်က လိုင်ဇာမြို့နှင့် ၁၂ မိုင်ခန့်အကွာ နမ်ဆန်ယန်ကျေးရွာအနီး စစ်အင်အားဖြည့်တင်းနေပြီး စစ်ရေးအခြေအနေ ပြင်းထန်နေချိန် KIA လှုပ်ရှားနယ်မြေ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာတစ်ချို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

ခိုမုန်းရွာ ဘုရားကျောင်းအတွင်း တိမ်းရှောင်နေရသည့် ကောင်းရာရွာခံတချို့ကို ယနေ့ တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button