မတ္တရာမြို့နယ်တွင် အိမ် ၃၀၀ ကျော် မီးရှို့ခံရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လူနေအိမ် ရာနှင့်ချီ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတို့နှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
သပိတ်ကျင်းမြို့နှင့် မတ္တရာမြို့ပေါ်မှ စစ်ကောင်စီတပ်၏ အင်အား ၆၀၀ နီးပါးခန့်သည် ရှားစေးချက်၊ မြောင်းသစ်၊ ရုံးပင်၊ အောင်ချမ်းသာ၊ မြောင်းဦး၊ ကင်းရွာ၊ ကျပ်ပြင်ရွာတို့ကို ခြေကုပ်ယူကာ မတ္တရာအရှေ့ခြမ်းတစ်ခုလုံးကို မွှေနှောက်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကြောင်း ၆ ခုခန့် ခွဲကာ မွှေနှောက်စဉ် ကျောက်ဆည်လေးမှ နေအိမ် ၁၀၀ ကျော်၊ ဇီးဖြူပင်ရွာမှ နေအိမ် ၁၅၀ နီးပါး (လုံးကျွတ်နီးပါး)၊ ရေစိုတောင်ရွာမှ အိမ် ၃ လုံး၊ အောင်ချမ်းသာမှ ၂၅ လုံး၊ ရုံးပင်မှ ၁၀၊ ရှားစေးချက်မှ ၂၀ နှင့် အခြားရွာတို့မှ နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဆိုသည်။
“အရှေ့ခြမ်းတစ်ခုလုံးကို မွှေနှောက်တယ်၊ ရွာအများအပြားကို ၄၀ တစ်စု၊ ၅၀ တစ်စုနဲ့ စစ်ကြောင်းတွေခွဲပြီး ထိုးတာ” ဟု ပြောသည်။ မီးရှို့ခံရသည့် ရွာများနှင့် အိမ်ခြေများကို ပကဖက ဆက်လက် စာရင်းကောက်ယူနေဆဲဖြစ်သည်ဟုလည်း ဆိုသည်။
လက်နက်ကိုင်ခုခံသူတို့နှင့် ဆက်စပ်သည်ဟု ယူဆရသော နေအိမ်များ၊ ရွာများကို စစ်ကောင်စီတပ်က မီးရှို့လေ့ရှိသည်။
ယခုလ ၁၅ ရက်နေ့တွင် ဒေသကာကွယ်ရေးအဖွဲ့များက မတ္တရာမြို့နယ် အရှေ့ဘက်အစွန်တွင် ရှိသည့် အမှတ် ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်း၊ ကင်းစခန်းငယ်တစ်ခုကို စီးနင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီတပ်ကလည်း အင်အားအလုံးအရင်းဖြင့် တန်ပြန်တိုက်စစ်ဆင်ကာ တော်လှန်ရေးတပ်ဖွဲ့များကို လိုက်လံရှာဖွေခဲ့သည်။
တော်လှန်ရေးတပ်များက ရှောင်တိမ်းနေစဉ်မှာပင် တုံ့ပြန်တိုက်ခိုက်သည်ကို တွေ့ရသည်။
ဇူလိုင် ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်တံတားကျေးရွာအနီးနှင့် စလေကျေးရွာအနီးတို့တွင် တစ်ကြိမ်စီ၊ ၁၆ ရက်နေ့တွင် ကင်းကျေးရွာအနီး တစ်ကြိမ်၊ ၁၇ ရက်နေ့တွင် မကျည်းကုန်းကျေးရွာအနီး တစ်ကြိမ်၊ ၁၈ ရက်နေ့တွင် ကင်းကျေးရွာအတွင်း တစ်ကြိမ် PDF တို့က တိုက်ခိုက်ခဲ့ကြသည်။
ယင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ် အရာရှိတစ်ဦး အပါအဝင် စစ်သား ၆ ဦး အနည်းဆုံး သေဆုံးကာ၊ ၁၆ ဦးခန့် ဒဏ်ရာရရှိသွားခဲ့သည်၊ စစ်တပ်အသုံးပြုခဲ့သည့် ကား ၃ စီးလည်း ပျက်စီးသွားခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
မန္တလေးမြို့နှင့် ကပ်လျက် တည်ရှိသော၊ နာမည်ကျော် တောင်ပြုန်းပွဲ နှစ်စဉ် ပြုလုပ်သော မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးသည့် အာဏာသိမ်းတပ်မှ လက်နက်ကိုင်များ သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီကလည်း ထိုဒေသတွင်း စစ်ကြောင်းထိုးမှုအခြေအနေကို သတင်းအမှောင်ချထားသည်။
စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်များတွင် စစ်ကိုင်းတိုင်းအတွင်း လူအများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဘီးလူးစစ်ကြောင်းလည်း ပါဝင်ခဲ့သလို၊ မန္တလေးနန်းတွင်းမှ အကြမ်းဖက်နှိမ်နှင်းရေးတပ်များလည်း ပါဝင်ကြောင်း သိရသည်။
အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခံရစဉ် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အချိန်မီ တိမ်းရှောင်နိုင်ခဲ့သည်၊ အောင်ချမ်းသာကျေးရွာအနီးတွင်မူ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။ ထိုသူ၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ပေါ်ပေါက်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးကာလတစ်လျှောက် မတ္တရာနယ်အတွင်း ပထမဆုံးအကြိမ် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခံရခြင်းဖြစ်သည်ဟု မြို့နယ် ပကဖတာဝန်ခံက ဆိုသည်။
“ဒီလောက် အင်အားအလုံးအရင်းနဲ့ တကယ့်တပ်တွေကို သုံးပြီးထိုးပေမဲ့ ကျွန်တော်တို့ရော၊ အရပ်သားတွေရော၊ ရှောင်တိမ်းနိုင်ခဲ့တဲ့အပြင် တန်ပြန်တိုက်ခိုက်မှုတွေလည်း လုပ်နိုင်ခဲ့တယ်၊ ဒါဟာ ကျွန်တော်တို့ဒေသတွင်းမှာ ခုခံစစ်က အသင့်ဖြစ်နေပြီးပြီ၊ ဒါကြောင့် ကျွန်တော်တို့ ထိုးစစ်တွေ သိပ်မကြာခင် စပါမယ်” ဟု သူက ပြောသည်။
စစ်ခေါင်းဆောင်ကလည်း စစ်ကိုင်း၊ ချင်းနှင့် ကရင်နီဒေသများတွင် ထိုးစစ်အရှိန်မြှင့်ရန် သူ၏ စစ်ဘက်နှင့် အရပ်ဘက်ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင် ၁၃ တွင် အမိန့်ပေးထားသည်။
မတ္တရာမြို့နယ်သည် တအောင်း/ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် လှုပ်ရှားနယ်မြေနှင့် ဆက်စပ်နေသလို ကချင်လွတ်မြောက်ရေးတပ်မတော် လှုပ်ရှားနယ်မြေနှင့်လည်း နီးကပ်စွာ တည်ရှိသည်။ ဒေသတွင်း လူငယ်အများအပြားသည် စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်သင်တန်းတက်ထားကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



