သတင်း

‌ရွှေဘိုရှိ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့များ ဝင်တိုက်၊ သေနတ် ၃ လက်ရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးလက်နက်ကိုင်အဖွဲ့များ အခြေစိုက်ရာစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ယမန်နေ့ (ဇူလိုင် ၂၃) တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေနတ် ၃ လက်နှင့် ခဲယမ်းများ ရရှိခဲ့သည်ဟု သိရသည်။

စစ်သားနှင့် ပျူစောထီး ၂၅ ဦးခန့်ရှိသော ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ မူးမြစ်ကမ်းဘေးရှိ ညောင်ပင်လှရွာတွင် ယမန်နေ့ နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်စဉ် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သော်လည်း ပျူစောထီးများမှာ ညောင်ပင်လှနှင့် ကပ်လျက်ရှိ ညောင်ကိုင်းရွာသို့ ထွက်ပြေးသွားသည်ဟု ရွှေဘိုနယ်ရှိ တိုက်နယ် (၃) ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တာဝန်ခံ ကိုပီတိက ပြောသည်။

“သူတို့ရဲ့အခြေစိုက်စခန်းနဲ့ ကင်းစခန်းတွေကို ဝင်တိုက်ခိုက်တာပါ၊ သူတို့ဘက်ကလည်း ခုခံခဲ့တော့ တိုက်ပွဲဖြစ်တယ်။ စခန်းကို မစီးနင်းနိုင်ခဲ့ဘူး။ အဲ့ဒီနား ကပ်လျက်မှာက သူတို့စခန်းတွေချည်းပဲ၊ ကပ်လျက်ရွာတွေကလည်း ပစ်ကူပေးပြီး ခုခံခဲ့တယ်”

တိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် ၉ ဦးခန့် သေဆုံးကာ ကာဘိုင်သေနတ် ၂ လက်၊ ပြောင်းချော ၁ လက် အပါအဝင် ကျည်ဆန်များနှင့် ကျည်ကာအင်္ကျီ ၇ ထည် သိမ်းယူပြီး ပြန်ဆုတ်ခွာခဲ့သည်ဟုလည်း ပကဖတာဝန်ခံက ဆိုသည်။

“သူတို့စခန်းကိုတော့ မဖျက်ဆီးခဲ့ဘူး။ သူတို့ရဲ့ ဘန်ကာတွေ ကျန်ခဲ့တာပေါ့။ ကပ်လျက်က ညောင်ကိုင်းစခန်းကနေလည်း သူတို့စစ်ကူက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ပြီး တက်လာတော့ ကျွန်တော်တို့က ပြန်ဆုတ်လာလိုက်တာ”

တိုက်ခိုက်ခံရသည့် နေ့မှာပင် စစ်တပ်က ကားများဖြင့် ညောင်ပင်လှရွာသို့ ရောက်လာပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ရွှေဘိုမြို့သို့ သယ်ဆောင်သွားသည်ကို တွေ့ရသည်ဟုလည်း သိရသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။

ပျူစောထီးအခြေစိုက်ရွာ အတိုက်ခံရပြီးနောက် ရေဦးမြို့ပေါ်မှ အင်အား ၂၀၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် ခင်ဦးနယ်မှတစ်ဆင့် ရွှေဘိုနယ်အနောက်ပိုင်းသို့ ဝင်ရောက်လာသည်ဟု ရွှေဘိုမြို့နယ် ပကဖတာဝန်ခံက ပြောသည်။

“နေ့ခင်း ၁ နာရီလောက်မှာတော့ ညောင်ပင်လှထဲကနေ လူနာတွေကို သယ်ပြီးတော့ ရွှေဘိုကို ပို့တယ်။ နေ့ချင်းပဲ ရေဦးကနေပြီးတော့ စစ်ကြောင်းတစ်ခုက ချက်ချင်းရောက်လာတယ်။ တိုက်ပွဲဖြစ်ရာ နယ်မြေထဲကို ရောက်လာတာပေါ့၊ အခုတော့ သရက်ပင်စုရွာထဲကို ဝင်ပြီး နေအိမ်တစ်ချို့ကို မီးရှို့နေတာလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

ရွှေဘိုမြို့နယ်အနောက်ပိုင်း မူးမြစ်တစ်လျှောက်ရှိ ဆင်အင်း၊ ကူးတို့ဆိပ်၊ ညောင်ပင်လှ၊ ညောင်ကိုင်း၊ တည်သီးတော၊ မင်းပေး စသည့် ကျေးရွာများတွင် ဌေးအောင်ဆိုသူ ဦးဆောင်ကာ တစ်ရွာလျှင် ပျူစောထီးအင်အား ၃၀ မှ ၄၀ အထိ စုဆောင်းပြီး လှုပ်ရှားနေသည်ဟုလည်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

စစ်သားအနည်းငယ် ဦးဆောင်လျက် စစ်တပ်ထောက်ခံသူ ဒေသခံများကို စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းဖြင့် ပျူစောထီးအဖွဲ့များ ဖွဲ့ကာ လှုပ်ရှားနေသည်ဟုလည်း ဆိုသည်။

ပျူစောထီးအဖွဲ့များသည် တော်လှန်ရေးအင်အားစုများကို ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် ကျေးရွာများကို စီးနင်းနိုင်သည်အထိ အင်အားမကောင်းသော်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးချိန်တွင် လမ်းပြပေးခြင်းသာမက ပြည်သူပိုင်ပစ္စည်းများ လုယက်သယ်ဆောင်ရာတွင် ပါဝင်ကူညီလေ့ရှိသည်။

စစ်တပ်က ပျူစောထီးအဖွဲ့များကို ဒုတိယကမ္ဘာစစ်လက်ကျန် ကာဘိုင်သေနတ်များ တပ်ဆင်ပေးထားပြီး၊ ခေါင်းဆောင်အဖြစ် ငွေကြေးတတ်နိုင်သူများကို ခန့်ထားလေ့ရှိသည်ဟု ဒေသခံတို့က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button