ဒိုက်ဦးတွင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရပြီးနောက် အမျိုးသမီးနှစ်ဦး အဖမ်းခံရ
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် စစ်တပ်ပိုင် မိုင်တဲ (Mytel) ဆက်သွယ်ရေးကုမ္ပဏီ၏ တာဝါတိုင် မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အနီးဝန်းကျင်ရှိ ရွာများကို ပိတ်ဆို့စစ်ဆေးကာ ဒေသခံ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးသွားသည်။
ယခုလ ၁၂ ရက်နေ့ ည ၉ နာရီခွဲခန့်၌ ဒိုက်ဦးမြို့နယ်မြောက်ဘက် ၇ မိုင်ခန့်အကွာ ဝါးဂါမဏိရွာရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲခံရပြီးနောက် စစ်တပ်က ပိတ်ဆို့စစ်ဆေးကာ တာဝါတိုင်အနီးရှိ နေအိမ်မှ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးသည့်အပြင် ရွာများကို မီးရှို့မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု ဒေသချင်း ထိစပ်နေသော မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးထံမှ သိရသည်။
“မနေ့က ဖမ်းသွားတာက မစန်းခိုင်နှင့် မမြင့်ဦးလို့ သိရတယ်။ ဒီနေ့ ခွာညိုစျေးဆိုင်က ဆိုင်ကယ်နှစ်စီးကို စကစက ယူသွားတယ်။ ရွာထဲမှာတော့ တော်တော်များများ ပြေးနေရပြီ။ အင်အားအများအပြားနဲ့ မွှေနေတယ်” ဟု ၎င်းက ယနေ့ ပြောသည်။
ဝါးဂါမဏိရွာရှိ မိုင်တဲတာဝါတိုင်ကို KNU နှင့် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ မီးစက် ၁ လုံး၊ ဘက်ထရီအိုး ၄ လုံး ပျက်စီးခဲ့ကာ ကာလတန်ဖိုးငွေ ကျပ်သိန်း ၂၀၀ ခန့် ပျက်စီးဆုံးရှုံးသည်ဟု စစ်လော်ဘီစာမျက်နှာများက တယ်လီဂရမ်လူမှုကွန်ရက်တွင် ရေးသားကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့တွင် စစ်ကောင်စီပစ်မှတ်များကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်လေ့ရှိရာ စစ်တပ်ပိုင် မိုင်တဲကုမ္ပဏီ၏ ဆက်သွယ်ရေးတာဝါတိုင် အများအပြား ဖျက်ဆီးခံရသည်။ အချို့သော တော်လှန်ရေးအဖွဲ့များက မိုင်တဲတာဝါတိုင်မှ ရရှိသော အစိတ်အပိုင်းများဖြင့် လက်လုပ်သေနတ်များ ထုတ်လုပ်သည်။
ဒိုက်ဦးမြို့နယ် ဝါးဂါမဏိရွာရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲခံရပြီးနောက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့သည်လည်း အပြန်လမ်းတွင် မိုင်းခွဲတိုက်ခိုက်ခံရသည်ဟု သိရသည်။
စစ်တပ်က ကားသုံးစီးဖြင့် လာရောက်စစ်ဆေးခြင်းဖြစ်ကြောင်း၊ မိုင်းခံရသဖြင့် Honda Fit အမျိုးအစား ကားတစ်စီးပျက်စီးကာ ဒိုက်ဦးအခြေစိုက် အမှတ် (၄၄၀) ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီးသန်းဇော်ဦးနှင့် တပ်ကြပ်ကြီးရခိုင်ဆိုသူတို့ ထိခိုက်ဒဏ်ရာရသဖြင့် ဆေးရုံပို့ထားရကြောင်း အထက်ပါ သထုံ PDF အဖွဲ့ဝင်က ဆိုသည်။
မိုင်းခွဲတိုက်ခိုက်ခံရသည့် တာဝါတိုင်ကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Soul Takers UG နှင့် 9 Star UG ဆိုသော မြို့ပြပြောက်ကျားအဖွဲ့နှစ်ခုက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

Soul Takers UG နှင့် 9 Star UG ဆိုသော မြို့ပြပြောက်ကျားအဖွဲ့နှစ်ခုက တာဝါတိုင်ကို မိုင်းခွဲခဲ့သည်၊ တာဝါတိုင်ကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
လတ်တလောတွင် ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းဒေသများ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF အဖွဲ့များနှင့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့၏ ပူးပေါင်းစစ်ဆင်ရေးကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။
ယခုလ ၉ ရက်က ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းကို PDF နှင့် ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယင်းနေ့မှာပင် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီး၌ KNU/PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ၏ အမှတ် (၅၈၉) ခြေမြန်တပ်ရင်းတို့ သုံးနာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့သည်။
တိုက်ပွဲအပြီး စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၂၁ လက်၊ ဒရုန်းပစ် ၁ လက်၊ မိုင်းရှာစက် ၁ ခု၊ ၆၀ မမ ဗုံးသီးများနှင့် ကျည်မျိုးစုံ အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးကာ ၎င်းတို့ဘက်မှ ၃ ဦး သေဆုံးသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပံ့ပိုးကူညီပေးနေသည်ဟု ယခုလ ၁၀ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ KNLA ၏ ဗဟိုစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် စောတာမလာသောက ထုတ်ဖော်ပြောဆိုသည်။
“ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ အနီးဆုံးမှာရှိနေတဲ့ ပဲခူးရိုးမစစ်ဆင်ရေးမှာလည်း KNU ကနေပြီးတော့ အဓိက ပံ့ပိုးမှုရှိနေတယ်ဆိုတာကိုလည်း ပြောလိုပါတယ်”
“လက်ရှိစစ်ရေးအခြေအနေကတော့ KNU ရဲ့ နယ်မြေဒေသ မြောက်ဘက်မှာဆိုရင်တော့ စစ်တောင်းမြစ် အနောက်ဘက်ကမ်းကို စစ်ရေးဆင်နိုင်သလို တောင်ဘက်မှာဆိုလည်း ရေး-ထားဝယ် ကားလမ်းဘက်မှာလည်း စစ်ဆင်ရေးတွေ လုပ်နိုင်ပါတယ်။ အဲ့ဒီအပြင် တပ်မဟာ (၁) ဘက်မှာလည်း သထုံ-ဘီးလင်း-ကျိုက်ထို ဒီကားလမ်းမကြီးမှာ စစ်ဆင်ရေးလုပ်နိုင်ပါတယ်။ KNU က နယ်မြေပိုမိုပြီးတော့ ထိန်းချုပ်လာနိုင်တယ်” ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



