မင်းအောင်လှိုင်ဘုရား မီတာခ ကျပ်သိန်းထောင်ချီ ကုန်ကျ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချိန်ပိုင်းသာ လျှပ်စစ်မီးလင်းနေချိန်တွင် နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်ထားသည့် ဘုရားကိုမူ လစဉ် ကျပ်သိန်းထောင်ချီ အကုန်အကျခံကာ မီးထွန်းပေးထားသည်။
မာရဝိဇယအမည်ရ ကျောက်ဆင်းတုဘုရား၏ ကုန်ကျစရိတ်မှာ လျှပ်စစ်မီတာခ တစ်ခုတည်းသည်ပင်လျှင် ကျပ် သိန်း ၁၀၀၀ ကျော်ရှိသည်ဟု ယနေ့ (ဩဂုတ် ၂၂) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။
“လျှပ်စစ်မီတာခ သိန်း ၁၅၀၀ နဲ့ ၂၀၀၀ ကြား ကျပါတယ်။ ကျန်တာ မပါသေးပါဘူး”
“သန့်ရှင်းရေး၊ ရေ၊ မီး၊ ဒီဝန်ထမ်းတွေ ခန့်ရမှာဖြစ်ပါတယ်။ အနည်းဆုံး ၆၀၀ နဲ့ ၇၀၀ ကြား ခန့်ရမယ့်အနေအထားရှိပါတယ်” ဟုလည်း အာဏာသိမ်းစစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးလည်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်ဖြစ်သည်ဟု ကြွေးကြော်ထားသည့် ထိုဘုရားကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ခြင်းမဟုတ်ကြောင်း၊ တပ်မိသားစုဝင်များ၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် ပုဂ္ဂလိကအလှူရှင်များ၏ လှူဒါန်းမှုဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ဘုရားတည်ဆောက်မှု ကုန်ကျစရိတ်မှာ စကျင်ကျောက်ဖိုး မပါဝင်ဘဲ အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ရှိသည်ဟုလည်း ပြီးခဲ့သည့်လကုန်ပိုင်း၌ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောဆိုထားသည်။
ယခုလ ၁၉ ရက်နေ့တွင် အာဏာသိမ်းခေါင်းဆောင်က အနီးကပ်စစ်ဗိုလ်ချုပ်တချို့နှင့် ဘုရားကိစ္စ အစည်းအဝေးပြုလုပ်ခဲ့ရာ၌ ဘုရားအတွင်း ဆက်စပ်အဆောက်အအုံများ ဆက်လက်ဆောက်လုပ်ရန်၊ လျှပ်စစ်မီးသုံးစွဲမှု လျှော့ချနိုင်ရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးတပ်ဆင်ရန်တို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။
ဘုရားဝင်ခွင့်အတွက် ကလေးသူငယ်များပါမကျန် ဝင်ကြေးကောက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် ဝေဖန်မှုမြင့်တက်ခဲ့ရာ ဝင်ကြေးနှုန်းထားတချို့ကို ပြင်ဆင်သတ်မှတ်ခဲ့သည့်အပြင် အခမဲ့ဝင်ကြည့်နိုင်မည့်ကာလကိုလည်း သက်တမ်းတိုးထားသည်။
ဘုရားဝင်ခွင့်အတွက် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၊ မြန်မာနိုင်ငံသားများအတွက် တစ်ဦး ကျပ် ၁၀၀၀၊ အလှဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်းအတွက် ကျပ် ၅၀,၀၀၀၊ ယာဉ်ဝင်ခွင့် ကျပ် ၂၀,၀၀၀၊ လေးယောက်စီး ဘက်ဂီကား (Buggy) တစ်နာရီ ကျပ် ၁၀,၀၀၀ နှုန်း စစ်ကောင်စီက သတ်မှတ်ထားပြီး စက်တင်ဘာ ၃ ရက်နေ့မှစ၍ စတင်ကောက်ခံမည်ဖြစ်သည်။
“ပိုက်ဆံရှိမှ ဘုရာဖူးရမယ့် ပုံစံဖြစ်နေပြီ။ စိတ်အေးချမ်းချင်လို့ ဘုရားသွားချင်တောင် အလွယ်တကူ မသွားရဘူး။ သမိုင်းဝင် ယူနက်စကို ဝင်ထားတဲ့ ပုဂံဘုရားတွေတောင် ပိုက်ဆံမပေးရဘူး။ အခုမှ တည်တဲ့ ဘုရားက ဝင်ကြေးပေးရတယ်ဆိုတော့” ဟု နေပြည်တော်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဝေဖန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)




