သတင်း

လောင်းလုံးပကဖ သတ်ခဲ့သူ ၂ ဦး ဒလန်မဟုတ်ဟု မိသားစုများဆို

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုက သီလရှင် ဒေါ်နန္ဒစာရီနှင့် ကိုနေရဲစိုးတို့ကို စစ်တပ်သတင်းပေးများဟု ဆိုကာ သတ်ဖြတ်ခဲ့ခြင်းမှာ မှားယွင်းစွပ်စွဲပြီး သတ်ဖြတ်ခြင်း ဖြစ်သည်ဟု ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ကမူ သီလရှင် ဒေါ်နန္ဒစာရီနှင့် ကိုနေရဲစိုး၊ စစ်သား ၂ ဦး အပါအဝင် စုစုပေါင်း ၉ ဦးကို ဇူလိုင် ၁၀ ရက်မှ စက်တင်ဘာ ၁၄ ရက်အတွင်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ထိုသူတို့မှာ ပျူစောထီးနှင့် စစ်တပ်အတွက် သတင်းထောက်လှမ်းသူများ၊ ပျူစောထီးအဖွဲ့ဝင်၊ ပျူစောထီးမိသားစုဝင်များ၊ စစ်ကောင်စီလုပ်ငန်းများတွင် ပါဝင်နေသူများ ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထားဝယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းတိုက်တွင် သီတင်းသုံးသည့် အသက် ၆၄ နှစ်အရွယ် ဒေါ်နန္ဒစာရီမှာ စစ်တပ်သတင်းပေးမဟုတ်ကြောင်း ၎င်း၏ မွေးစားသားဖြစ်သူက ပြောသည်။

“အဲဒါ (ဒလန်) ကတော့ လုံးဝ မဟုတ်ဘူးဗျ။ သူက ကျန်းမာရေးလည်း မကောင်းဘူး။ ဘယ်မှလည်း သွားတဲ့သူမဟုတ်ဘူး။ ကျောင်းမှာပဲ နေတာ” ဟု ၎င်းက ဆိုသည်။

ဒေါ်နန္ဒစာရီမှာ အစာအိမ်၊ ဆီးချို၊ ကျီးပေါင်း၊ အကြောတက်ရောဂါများ ခံစားနေရကြောင်း၊ ဇူလိုင် ၁၆ နံနက်တွင် လောင်းလုံးမြို့နယ်ရှိ ကဒက်ငယ်မြောက်ကျောင်းသို့ ဝါတွင်း ဝတ်ပြုကန်တော့ရန် သွားရာမှ ပြန်မလာတော့ဘဲ ပျောက်ဆုံးနေခဲ့ကြောင်း ပြောသည်။

သီလရှင်သည် ဦးအောင်မိုးဆိုသူနှင့်အတူ သွားခဲ့ခြင်းဖြစ်ပြီး အသွားလမ်းတွင် ဘေးကင်းခဲ့ကြောင်း၊ ကန်တော့ပြီး နံနက် ၁၁ နာရီခန့်အထိ ဖုန်းအဆက်အသွယ်ရခဲ့ပြီး အပြန်လမ်းတွင် သတ်ဖြတ်ခံရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

လောင်းလုံး PDF ၏ ထုတ်ပြန်ချက်တွင် လောင်းလုံးမြို့နယ်၊ မြခါးပတ်ရွာမှ ဦးအောင်မိုးသည် ဒေသတွင်းပျူစောထီးခေါင်းဆောင်၏ ညွှန်ကြားချက်ဖြင့် စစ်ကောင်စီနှင့်အတူ စစ်ကြောင်းတွင် လိုက်ပါခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းတို့ လုပ်ဆောင်သည်ဟု စွပ်စွဲထားသည်။ သီလရှင်သည်လည်း တော်လှန်ရေးတပ်များ၏ သတင်းကို စုံစမ်းပြီး စစ်ကောင်စီထံ ပေးပို့သည်ဟုလည်း စွပ်စွဲထားသည်။

လောင်းလုံး PDF ၏ Facebook  ထုတ်ပြန်ချက်တွင် တချို့က ဦးအောင်မိုး ဒလန်ဖြစ်ကြောင်း သက်သေချပြရန် မှတ်ချက်ပေးရန် တောင်းဆိုထားကြသည်ကို တွေ့ရသည်။

ဒေါ်နန္ဒစာရီ၏ မွေးစားသားက သူ့မိခင်နှင့် ပတ်သက်ပြီး အာမခံသည်ဟု ပြောသည်။

“အောင်မိုးဆိုတဲ့လူအကြောင်းတော့ ကျွန်တော် အာမမခံနိုင်ဘူး။ သီလရှင်ကိုတော့ ဒလန်တွေဘာတွေ လုံးဝမဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံတယ်” ဟု သီလရှင် ဒေါ်နန္ဒစာရီ၏ မွေးစားသားက ပြောသည်။

မိခင်ဖြစ်သူ သတင်းအစအန မရဘဲ ၂ လကျော်ကြာ ပျောက်ဆုံးပြီးနောက် လောင်းလုံးပကဖ သတင်းထုတ်ပြန်သည့်အခါမှသာ သတ်ဖြတ်ခံရသည်ကို သိရကြောင်း ၎င်းက ပြောသည်။

“အခု သေဆုံးတဲ့အမှု သမားရိုးကျလား၊ တစ်ယောက်ယောက် (မှားယွင်း) သတင်းပေးလို့ပဲ သတ်ခိုင်းတာလားလို့ ကျွန်တော်မေးချင်တယ်” ဟု ၎င်းက ဆိုသည်။

သီလရှင် ဒေါ်နန္ဒစာရီ၊ အတူတွေ့ရသည့် ဦးအောင်မိုးတို့အကြောင်း ထုတ်ပြန်ချက် (ဓာတ်ပုံ – LLPDF)

အသတ်ခံရသူ အသက် ၂၅ နှစ်အရွယ် ကိုနေရဲစိုး (ခ) ကိုတောက်တောက်မှာ ကားမောင်းကားပြင် အလုပ်လုပ်နေပြီး ဒလန်လုံးဝမဟုတ်ကြောင်း မိခင်ဖြစ်သူက အခိုင်အမာဆိုသည်။

စက်တင်ဘာ ၁၄ ရက်နေ့က အင်းဇောက်ကျေးရွာရှိ ကွမ်းယာဆိုင်တွင် သားဖြစ်သူကို လက်နက်ကိုင်အဖွဲ့တချို့က ဆိုင်ကယ်သုံးစီးဖြင့် လာရောက်ဖမ်းခေါ်သွားပြီး အိမ်ပြန်ရောက်မလာတော့ကြောင်း၊ သားဖြစ်သူ သေဆုံးသည့်သတင်းကို ထုတ်ပြန်ချက်ဖတ်ရချိန်မှ သိရကြောင်း သူက ပြောသည်။

“အခုမှသိတယ် အခုမှသိတယ်။ လာနိုးနိုး လာနိုးနိုး မျှော်နေတာပေါ့။ ကိုယ့်သားလည်း အပြစ်မရှိဘူးဆိုတော့” ဟု သူက ပြောသည်။

“အဲဒီလို လုပ်သွားတာ လုံးဝ မကျေနပ်ဘူး။ အခု အသတ်ခံရတာ အမေတို့မှာ ဒုက္ခဖြစ်နေပြီ။ အမှန်တရားလိုချင်တယ်”

လောင်းလုံး PDF ၏ စွပ်စွဲချက်တွင် ကိုနေရဲစိုး (ခ) ကိုတောက်တောက်သည် ဒေသတွင်းပျူစောထီးခေါင်းဆောင်၏ လူယုံဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို ထောက်လှမ်းနေသူဟုလည်း ပါရှိသည်။

ကိုနေရဲစိုး (ခ) ကိုတောက်တောက်အကြောင်း ထုတ်ပြန်ချက် (ဓာတ်ပုံ – LLPDF)

လောင်းလုံးပကဖကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်တွင် ရှိသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည်။

နိုင်ငံတကာဥပဒေ လူ့အခွင့်အရေးစံနှုန်းများဖြင့် တိုင်းတာမည်ဆိုပါက စစ်ကောင်စီဘက်က ကျူးလွန်သည့်အမှုများသာမက တော်လှန်ရေးအင်အားစုဘက်က ကျူးလွန်သည့်အမှုများကိုလည်း ထောက်ပြရန် လိုအပ်ကြောင်း Democracy Movement Strike Committee – Dawei ၏ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဒီဟာမျိုးက တော်လှန်ရေးအတွက် ကောင်းတာထက် ဆိုးတာ ပိုဖြစ်စေတယ်။ ကျွန်တော်တို့တော်လှန်ရေးက ဂုဏ်သိက္ခာရှိတယ်။ တော်လှန်ရေးက ဂုဏ်သိက္ခာပွန်းပဲ့သွားတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ပေးဆပ်အနစ်နာခံမှုတွေက အလဟဿဖြစ်ကုန်မှာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအဖွဲ့ဝင်က ပြောသည်။

“ခံရတဲ့ မိသားစုဘက်မှာလည်းပဲ တရားမျှတမှုမရဘူး။ လူတစ်ယောက်ကို သတ်လိုက်တာ လူတစ်ယောက်ပဲ သေသွားတာ မဟုတ်ဘူး၊ သူ့မိသားစုတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်။ အဲလိုအခြေအနေမျိုးမှာ မျှမျှတတလုပ်စေချင်တယ်”

တနင်္သာရီတိုင်းတွင် ယခုကဲ့သို့ မှားယွင်းသတ်ဖြတ်သည့် ဖြစ်စဉ်များရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တိုင်ကြားခဲ့သော်လည်း ထိရောက်သည့် အရေးယူမှု မလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလက ဘုတ်ပြင်းမြို့နယ်တွင် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ခရီးသည်တင်ကားကို စစ်ကောင်စီကားနှင့် မှားယွင်းပစ်ခတ်မိပြီး အမျိုးသမီးတစ်ဦးနှင့် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း လောင်းလုံးမြို့နယ်တွင် ပျူစောထီးတစ်ဦး၏ နေအိမ်ကို ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT) က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။

ထို့ပြင် အခြား ဒလန်ဟု စွပ်စွဲခံရသူနှင့် ပြည်သူ မှားယွင်းပစ်ခတ်ခံရမှုများ၊ ခရီးသည်တင်ကား မှားယွင်းပစ်ခတ်ခံရမှုများလည်း တနင်္သာရီတိုင်းတွင် ဖြစ်ပွားခဲ့သည်။

တနင်္သာရီတိုင်းအတွင်း အဖြစ်အပျက်များကို စောင့်ကြည့်လေ့လာနေသည့် FE5Tanintharyi အဖွဲ့၏ ဇူလိုင်လစာရင်းများအရ ၇ လအတွင်း စုစုပေါင်း အရပ်သား ၁၇၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အတွင်း လက်သည်မပေါ်ဘဲ အသတ်ခံရသူ ၇၃ ဦး၊ ဒလန်သတ်ဖြတ်မှု ခေါင်းစဉ်အောက်မှ  ၅၁ ဦး၊ စစ်ကောင်စီနှင့် လက်ဝေခံတပ်ဖွဲ့များက သတ်ဖြတ်မှုတွင် ၅၂ ဦး သေဆုံးခဲ့ကြသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button