သတင်း

မိုးကုတ်နှင့် နောင်ချိုတွင် တိုက်ပွဲပြင်းထန်နေ

တအာင်းတပ်ဖွဲ့ TNLA က နိုင်ငံအလယ်ပိုင်းဒေသအနီး ၎င်း၏ လှုပ်ရှားနယ်မြေအတွင်းရှိ စစ်ရေးပစ်မှတ်တချို့ကို ဝင်တိုက်လိုက်သည်။ PDF နှင့် ပူးတွဲပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။

မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ် နောင်ချိုမြို့တို့မှ စစ်ကောင်စီတပ်စခန်းများကို ယနေ့ (အောက်တိုဘာ ၂၆) နံနက်တွင် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

မိုးကုတ်ရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို တိုက်ခိုက်ရန်အတွက် TNLA နှင့် မိုးကုတ် PDF တို့က “မိုးလုံးမှိုင်း” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ခု ဆင်နွှဲနေသည်။

ထို့အတူ မိုးကုတ်မြို့အနီး နောင်ချိုမြို့နယ်တွင်လည်း TNLA နှင့် မန္တလေး PDF တို့၏ “ကနောင်” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးလည်း ရှိသည်။

မိုးလုံးမှိုင်း နှင့် ကနောင်စစ်ဆင်ရေး

TNLA နှင့် မိုးကုတ် PDF တို့သည် မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်အရပ်တွင် ရှိသည့် စစ်ကောင်စီစခန်းကို ယနေ့နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီခွဲခန့်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း မိုးကုတ် PDF တပ်ရင်း (၃) တပ်ရင်းမှူး ကိုလရောင်က ဆိုသည်။

“ရန်သူက လက်နက်ကြီး ဆက်တိုက်ပစ်နေတယ်၊ တိုက်ပွဲကလည်း ဆက်ဖြစ်နေတုန်းပါ။ ကျွန်တော်တို့စစ်ဆင်ရေးက မပြီးသေးပါဘူး” ဟု သူက ဆိုသည်။

၎င်းတို့ တိုက်ခိုက်နေသည့် စခန်းတည်နေရာအတိအကျကိုမူ မိုးကုတ် PDF တပ်ရင်းမှူးက စစ်ရေးကန့်သတ်ချက်အရဟု ဆိုကာ ပြောကြားခြင်းမရှိပေ။

မန္တလေး-မိုးကုတ်ကားလမ်း ကျပ်ပြင်ရပ်အနီးတွင် ရှိသည့် ဂွေးပင်ကျေးရွာမှ စစ်စခန်းနှင့် နာရီဝက်ခန့် ကားမောင်းရသည့် စစ်ကောင်စီစခန်းအနီးတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံတို့အဆိုအရ သိရသည်။

မိုးကုတ်မြို့အရှေ့ပိုင်း စစ်တန်းရပ်ကွက်ရှိ စစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်သံများကိုလည်း ဆက်တိုက်ကြားနေရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲတွေ ဖြစ်နေတာက တစ်လကျော်နေပြီ၊ ဒီနေ့ကြားရတဲ့ လက်နက်ကြီးသံတွေက အကျယ်ဆုံးပဲ၊ ကျွန်တော်တို့မှာ တုန်တုန်သွားရတာ” ဟု မိုးကုတ်မြို့ခံ အမျိုးသားက ဆိုသည်။

တိုက်ပွဲများကြောင့် မိုးကုတ်မြို့ခံများမှာ အိမ်အပြင်မထွက်ရဲကြဘဲ မြို့အတွင်းတွင် သွားလာသူမရှိ‌၊ လမ်းများမှာ ရှင်းလင်းခြောက်ကပ်နေကြောင်း သိရသည်။

မိုးကုတ်-မန္တလေး ပြေးဆွဲနေကြသည့် လိုင်းကားများအပါအဝင် ခရီးသွားများမှာလည်း လမ်းတွင် သောင်တင်နေကြပြီး နံနက် ၁၀ နာရီခန့်တွင်မှ လမ်းပြန်ပွင့်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် မြို့ခံလူထုအကြားတွင်လည်း စစ်ကောင်စီတပ် ဗျူဟာကုန်းအနီး ဗိုလ်ကုန်းရပ်ကွက်၊ စစ်တန်းရပ်ကွက်တို့မှ ကြောက်လန့်တတ်သူများ၊ ကျန်းမာရေးမကောင်းသူများ ရှောင်တိမ်းကြရန် စစ်ကောင်စီက ကြေညာထားသည်ဟူသော သတင်းလည်း ထွက်ခဲ့သည်။

အလားတူ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အုမ္မသီးရွာအနီးတွင်လည်း ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မော်တော်ယာဉ်များ ပိတ်မိနေသည်။ ထိုဒေသတွင် TNLA နှင့် မန္တလေး PDF တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ရင်ဆိုင်နေခြင်း ဖြစ်သည်။

ယနေ့နောင်ချိုတိုက်ပွဲအတွင်း လေတပ် လာရောက်တိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်း ရှိခဲ့သည်ဟု မန္တလေး PDF ကိုအော်စမွန်က ပြောသည်။

မိုးကုတ်နှင့် နောင်ချိုတစ်ဝိုက်မှ စစ်ကောင်စီစခန်းများကို ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး တော်လှန်ရေးတပ်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။

ပြည်နယ်နှင့်တိုင်း သတ်မှတ်ပုံကြောင့် တစ်နေရာစီတွင် ရှိနေကြသော်လည်း မိုးကုတ်နှင့် နောင်ချိုမြို့တို့သည် မော်တော်ယာဉ်ဖြင့် သွားလာပါက ၃ နာရီခန့်သာ ကြာသည့် အကွာအဝေးတွင် တည်ရှိသည်။ ထိုဒေသများသည် စစ်ကောင်စီ စစ်သင်တန်းကျောင်းများရှိရာ ပြင်ဦးလွင် (မေမြို့) နှင့်လည်း နာရီအနည်းငယ်သာ ကြာသည့် ခရီးတွင်ရှိသည်။

TNLA တပ်ဖွဲ့ဝင်များကို ရှမ်းမြောက်တစ်နေရာတွင် တွေ့ရစဉ် (ဓာတ်ပုံ – TNLA ပြန်ကြားရေး)

ထို့ပြင် TNLA အင်အားကောင်းရာ ဒေသများနှင့်လည်း နီးစပ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံနှင့် နမ့်ဆန်မြို့နယ်အတွင်း အခြေစိုက်သည့် TNLA သည် ကျောက်မဲ၊ ​သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ နှင့် မိုးကုတ် စသည့် ဒေသများတွင် စစ်ရေးလှုပ်ရှားလေ့ရှိသည်။

သုတေသနအဖွဲ့များက အင်အား ၈,၀၀၀ ခန့်ရှိသည်ဟု တွက်ချက်ခန့်မှန်းထားသည့် TNLA သည် PDF များအပြင် စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေသည့် ရခိုင်တပ် AA၊ ကချင်တပ် KIA၊ ကိုးကန့်တပ် MNDAA၊ ရှမ်းတပ် SSPP/SSA တို့နှင့်လည်း မဟာမိတ်ဆက်ဆံရေးရှိပြီး စစ်ဆင်ရေးတချို့တွင် ပူးပေါင်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button