နိုင်ငံအနှံ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုများ၊ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ရာမှ ပေါ်ပေါက်လာသော တိုက်ပွဲများ ရှိနေသော်လည်း ရခိုင်ပြည်နယ်တွင်မူ ထိုဖြစ်ရပ်များ ရှိမနေပေ။
ပြည်နယ်အတွင်း သင်္ဘောဆိပ်မြို့ဖြစ်သော ကျောက်ဖြူမြို့သည် တည်ငြိမ်အေးချမ်းနေပြီး ကထိန်အလှူပွဲအတွက် ပြင်ဆင်နေသူများကိုပင် တွေ့နိုင်သည်။
ခရိုင်မြို့ကြီးဖြစ်သော ကျောက်ဖြူမြို့တွင် ကမ္ဘာသိ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီးပွားရေးစီမံကိန်းကြီး ရှိနေပြီး ဒေသခံတို့ သဘောမကျလင့်ကစား ဒေါ်လာဘီလျံချီ ကုန်ကျမည့် ထိုဆိပ်ကမ်း ရင်းနှီးတည်ဆောက်ခွင့်ရ တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ရန် ဒေါ်လာ ၅ သန်း ထည့်နိုင်သည့် နိုင်ငံသားပိုင်ကုမ္ပဏီများကို အာဏာသိမ်းစစ်ကောင်စီက ဖိတ်ခေါ်ထားသည်။
မြန်မာကုမ္ပဏီများ စိတ်ဝင်စားကြောင်းဖော်ပြလွှာ (EOI) တင်သွင်းနိုင်ကြောင်း နိုဝင်ဘာ ၄ ရက်နေ့ စစ်တပ်ထိန်းချုပ်သတင်းစာတွင် စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာန၊ မြန်မာအထူးစီးပွားရေးဇုန်လုပ်ငန်းအဖွဲ့က ကြေညာသည်။
စစ်ကောင်စီက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အမြန်ဆုံးစတင်ရန် ပြင်ဆင်လျက်ရှိရာ လုပ်ပိုင်ခွင့်ရ တရုတ်နိုင်ငံပိုင် China International Trust Investment Corporation- CITIC ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ရန် မြန်မာနိုင်ငံဘက်မှ စစ်ကောင်စီအသိအမှတ်ပြု နိုင်ငံသားပိုင်ကုမ္ပဏီအစုအဖွဲ့ကို ဖွဲ့စည်းရန် စီစဉ်ခြင်းဖြစ်သည်။
ထို့သို့ဖွဲ့စည်းရာတွင် ကုမ္ပဏီအရေအတွက် မည်မျှပါဝင်မည်ကို အတိအကျ မသိသော်လည်း အနည်းဆုံး ဒေါ်လာ ၅ သန်း ထည့်ဝင်နိုင်သည့် အချက်အပါအဝင် အချက် ၉ ချက်နှင့် ကိုက်ညီသည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများကို စိစစ်ရွေးချယ်သွားမည်ဟု ဆိုသည်။
ကုမ္ပဏီဥပဒေအရ မှတ်ပုံတင်ထားပြီး လည်ပတ်လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ရန်၊ သက်တမ်း ၁၀ နှစ်အထက် (သို့မဟုတ်) အခြေခံအဆောက်အအုံ တည်ဆောက်မှုအတွေ့အကြုံ ၅ နှစ်ရှိသော ကုမ္ပဏီဖြစ်ရမည်၊ သုံးနှစ်အတွင်း ပျှမ်းမျှ ဒေါ်လာသန်း ၂၀ ဝင်ငွေရှိရမည်၊ အမည်ပျက်စာရင်း အသွင်းခံထားရခြင်းမရှိရ၊ နည်းပညာနှင့် ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်နိုင်ရမည် စသည့် အချက်များ ပါဝင်သည်။
ဘဏ္ဍာရေးအစီရင်ခံစာ၊ အခွန်ကင်းရှင်းကြောင်း တင်ပြရမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားကုမ္ပဏီများဖြစ်ပါက ကုမ္ပဏီသက်တမ်းနှင့် အတွေ့အကြုံကို လျှော့ပေါ့စဉ်းစားမည်၊ လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား၍ စီပွားကူးသန်းဌာနထံ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
ထိုစီမံကိန်းတွင် တရုတ် CITIC ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း၊ ကျန် ၁၅ ရာခိုင်နှုန်းကို မြန်မာကုမ္ပဏီအစုအဖွဲ့များက ရင်းနှီးမြှုပ်နှံမည်ဖြစ်၍ ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများကို စောင့်ကြည့်လေ့လာ သုတေသနပြုနေသည့် Center for Peace and Development အမှုဆောင်ဒါရိုက်တာ ဦးထွန်းကြည်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မြန်မာကုမ္ပဏီအစုအဖွဲ့အဖြစ် Myanmar Kyauk Phyu Special Economic Zone Holding Consortium Public- MKSHC ကို ဖွဲ့စည်းခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ထိုစီမံကိန်းတွင် ဆက်လက်ပါဝင်ခြင်းရှိမရှိ မရှင်းလင်းကြောင်း ၎င်းက ဆိုသည်။ MKSHC တွင် ပုဂ္ဂလိကကုမ္ပဏီပေါင်း ၄၀ ထက်မနည်း ပါဝင်ထားသည်။
“ဒီပရောဂျက်ကို စမယ်ဆိုရင် မြန်မာဘက်က ရှယ်ယာရှင်တွေ လိုနေတယ်။ ဒီရှယ်ယာရှင်တွေ မရှိဘူးဆိုရင် စလို့မရဘူး။ သူတို့ (စစ်ကောင်စီ) မှာ ဒီဟာ အခက်အခဲတစ်ခုဖြစ်တယ်။ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် စစ်ကောင်စီဘက်က ကြိုးစားလာတဲ့ ခြေလှမ်းတစ်ခုလို့ နားလည်တယ်” ဟု ၎င်းက ဆိုသည်။
အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရစေမည့် စီမံကိန်းကို တရုတ်က မုချအကောင်အထည်ဖော်မည်ဖြစ်သလို စစ်ကောင်စီကလည်း စီမံကိန်းနှင့် ဆက်နွှယ်သည့် မြေပြင်တိုင်းတာစစ်ဆေးမှုများရှိနေကြောင်း ၎င်းက ဆိုသည်။
သို့သော် အာဏာသိမ်းစစ်ဗိုလ်ချုပ်များလက်ထက် စီပွားရေးမူဝါဒတည်ငြိမ်မှု အားနည်းခြင်းကြောင့် မြန်မာကုမ္ပဏီများ၏ စိတ်ဝင်စားမှုအခြေအနေအပေါ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း သူက ဆိုသည်။
“လက်ရှိအခြေအနေမှာ ဘယ်သူဌေးမှ အလုပ်သိပ်လုပ်တာမျိုး မရှိဘူးဗျ။ အားလုံးက နိုင်ငံခြားမှာ Investment (ရင်းနှီးမြှုပ်နှံမှု) လုပ်ရင်လုပ်မယ်။ မလုပ်တဲ့သူဌေးဆိုလည်း ငွေကို နိုင်ငံခြားဘဏ်တွေမှာပဲ ထားပြီးတော့ ဒီမှာ အဆင်ပြေအောင် ကြည့်နေရတဲ့ သဘောမှာရှိတယ်” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းပြီးနောက် ကျောက်ဖြူ SEZ စီမံခန့်ခွဲမှုကော်မတီကို စစ်ကောင်စီက စိတ်ကြိုက်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဦးသိန်းစိန်လက်ထက် ကော်မတီဥက္ကဋ္ဌဟောင်း ဦးမြင့်သိန်းကို ထိုနေရာတွင် ပြန်ခန့်လိုက်သည်။ ဦးမြင့်သိန်းသည် ရဲမှူးချုပ်၊ ဒုဝန်ကြီး စသည့် ရာထူးများ ရှိခဲ့ဖူးသူဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီလက်ထက် ကျောက်ဖြူရေနက်စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ကို ဦးမြင့်သိန်းနှင့် ရင်းနှီးကျွမ်းဝင်သည့် ဦးကျော်လှိုင် ပိုင်ဆိုင်သော Myanmar Survey Research (MSR) Consortium အမည်ရ ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိခဲ့သည်။

စစ်ကောင်စီ၏ ဝင်ငွေရလမ်း
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ကြရန် စစ်ကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၂၅ ရက်နေ့ စီးပွားရေးရာကော်မတီအစည်းအဝေးတွင် ပြောဆိုခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းမှုတို့က စီးပွားရေးကို စီမံခန့်ခွဲရန် ကြိုးပမ်းသည့် စစ်ကောင်စီကို အထိနာစေသည်။
စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုတွင် တရုတ်ပါဝင်မှု ၂၇ ရာခိုင်နှုန်းရှိနေသည်ဟုလည်း သိရပြီး ဗိုလ်ချုပ်ကြီးများက ရှားပါးသည့် မဟာမိတ်တရုတ်ထံမှ ရင်းနှီးမြှုပ်နှံအသစ်ကို မျှော်လင့်နေမည် ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်မည်၊ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများစွာ ရရှိလာမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။
သို့ရာတွင် ယခင်စီမံကိန်းအတွေ့အကြုံများအရ ကျောက်ဖြူတွင် တည်ဆောက်မည့် စီမံကိန်းသည်လည်း ဒေသခံများအတွက် မက်လုံးအဆင့်ထက် မပိုကြောင်း၊ တရုတ်နှင့် စစ်ကောင်စီတို့၏ အကျိုးစီးပွားကို ပိုမို ဦးစားပေးဖွယ်ရှိကြောင်း ဒေသတွင်းလေ့လာသူတို့က ယူဆကြသည်။
အထူးစီးပွားရေးဇုန်
ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်တို့ကို တည်ဆောက်ရန် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံပိုင် CITIC ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့က တင်ဒါအောင်မြင်ခဲ့သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းကို မဒေးကျွန်းတွင် အလျား မီတာ ၂၅၀၀၊ အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်း၊ ရမ်းဗြဲကျွန်းတွင် အလျား မီတာ ၁၅၀၀၊ အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်း တည်ဆောက်မည်ဟု သိရသည်။
ပေ ၁၀၀၀ အထက် ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်မည့် အဆိုပါ ရေနက်ဆိပ်ကမ်းကို သုံးပြီး ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့၊ ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ တင်ပို့သွားမည်ဟု သိရသည်။
စီမံကိန်းထဲတွင် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကမ်း စသည့် အပိုင်း (၃) ပိုင်း ပါဝင်ပြီး ကနဦးအနေဖြင့် ရေနက်ဆိပ်ကမ်းကို ဦးစွာအကောင်အထည်ဖော်မည်ဖြစ်ကြောင်း International Commission of Jurists (ICJ) ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာဖော်ပြချက်အရ သိရသည်။
ထို့ပြင် စီမံကိန်းအတွင်း ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်းကျေးရွာက မြေဧက ၃၇၀ နှင့် ရမ်းဗြဲကျွန်းတွင် ၂၃၇ ဧက၊ စုစုပေါင်း ၆၀၇ ဧကကို စီမံကိန်းဇုန်အဖြစ် သတ်မှတ်ထားသောကြောင့် ယင်းဧရိယာထဲက လူဦးရေ ၂၀၀၀၀ ခန့်မှာ နေရာပြောင်းရွှေ့ရမည့်အထဲတွင် ပါဝင်နေကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
စီမံကိန်းကြောင့် ထိခိုက်ရသည့် ဒေသခံများအရေး
စီမံကိန်းကုမ္ပဏီများ ဝင်ရောက်လာမှုကြောင့် ဒေသခံအများစုတွင် အလုပ်အကိုင်အခွင့်အလမ်း မျှော်လင့်ချက်များရှိခဲ့ကြသော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်ခဲ့ကြသည်။
ပင်လယ်အောက် ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးနှင့် ရေနံတင်သင်္ဘောများ ဝင်ထွက်သွားလာနိုင်ရေး အကြောင်းပြချက်ဖြင့် ရေပြင်ဧရိယာကန့်သတ်မှုများကြောင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ခဲ့ကြရပြီး စီမံကိန်းဧရိယာ အကြောင်းပြချက်ဖြင့် လယ်ယာမြေများလည်း သိမ်းဆည်းခံခဲ့ကြရသည်။
ထိုသို့သော ဒေသခံများ၏ ဆုံးရှုံးနစ်နာခဲ့ရမှုများနှင့် ပတ်သက်၍ ရခိုင်သယံဇာတကို ရခိုင်တို့ စီမံခန့်ခွဲမည်ဆိုသော ခေါင်းစဉ်ဖြင့် ၂၀၁၆ ခုနှစ်တွင် လူဦးရေ ၂၀၀ ကျော်က စစ်တွေမှ ကျောက်ဖြူအထိ ချီတက်ဆန္ဒပြခဲ့ဖူးသည်။
၂၀၁၇ ခုနှစ်ကလည်း ကျောက်ဖြူမြို့နယ် ရေလုပ်သားတို့က စက်လှေများဖြင့် ရေပေါ်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်၊ စီမံကိန်းများကြောင့် ဆုံးရှုံးမှုနှင့် ပတ်သက်၍ အခြားဆန္ဒပြပွဲများလည်း ၅ ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့သည်။
သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် EIA, SIA စစ်တမ်းကောက်ယူခြင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် စမ်းသပ်စစ်ဆေးခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။
ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် စမ်းသပ်စစ်ဆေးနေစဉ်မှာပင် ကျောက်ဖြူ သံဇစ်မြစ်ကို အားကိုးပြီး အသက်မွေးနေကြသည့် ဒေသခံရေလုပ်သားများ လုပ်ငန်းခွင်ဝင်ခွင့် မရခဲ့ကြပေ။ ဤသို့ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ တွင် ရေလုပ်သားတချို့က ဒေသခံတို့၏ ဆန္ဒမပါဘဲ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်း အလိုမရှိဆိုသည့် ကန့်ကွက်စာတချို့ကို သံဇစ်မြစ်ဝန်းကျင်တွင် ချိတ်ဆွဲခဲ့ကြသည်။
လွှတ်တော်အခန်းကဏ္ဍပျောက်ဆုံးပြီး အရပ်ဘက်အဖွဲ့အစည်းများ လုပ်ကိုင်နိုင်စွမ်းမရှိသည့်အချိန်တွင် တရုတ်စီမံကိန်းကြီးများကို အလျင်စလို အကောင်အထည်ဖော်ရန် စိုင်းပြင်းနေသည့် စစ်ကောင်စီကို တားနိုင်မည့်သူ မရှိပေ။

ဒေသခံလူထု စိုးရိမ်ချက်
မဒေးကျွန်းဒေသခံများသည် ယခင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကပင် ခါးသီးသော အတွေ့အကြုံများကို ရင်ဆိုင်ခဲ့ရပြီဖြစ်၍ ယခုလာမည့် SEZ အပေါ်တွင်လည်း စိုးရိမ်ကြောက်လန့်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
“ရွှေစီမံကိန်း မစတင်ခင်က အလုပ်အကိုင်တွေရမယ်၊ ရွာတွေကို လျှပ်စစ်မီးပေးမယ်၊ လမ်းတွေ ဖောက်ပေးမယ်၊ သောက်သုံးရေတွေ ဖြန့်ဖြူးပေးမယ်၊ ဒေသခံကို ဦးစားပေးပြီးတော့ အလုပ်ခေါ်မယ်လို့ ပြောတာပဲ။ တကယ်တမ်း လက်တွေ့ကျတော့ အဲဒါ တခြားစီဖြစ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မဒေးကျွန်းဒေသခံတစ်ဦးက ပြောသည်။
“အခုလက်ရှိ အဲဒီကုမ္ပဏီထဲမှာ အလုပ်သမားတွေက ဒေသခံအလုပ်သမား ထက်ဝက်မရှိဘူး။ လယ်သမားတွေမှာ လယ်မြေတွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးသွားတယ်။ ငါးဖမ်းသူတွေ ငါးမဖမ်းရတော့လို့ နေရပ်စွန့်ခွာ ထွက်သွားရတယ်။ အခုလည်း ရေနက်ဆိပ်ကမ်းတွေ ဆောက်လာပြန်ရင် ဒေသခံတွေပဲ ဆုံးရှုံးမှာ”
ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ၂၀၂၂ ခုနှစ်တွင် တရုတ်က ကျောက်ဖြူအနာဂတ် အမည်ရ ရွေ့လျားဆေးခန်း ပရဟိတလုပ်ငန်းဆိုင်ရာ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရသည်။
၂၀၂၂ နောက်ဆုံး ၄ လတွင် စီမံကိန်းနယ်မြေအနီး ဒေသခံ ၁၆၂၉ ဦးကို အခမဲ့ စစ်ဆေးကုသမှုပေးခဲ့သည်ဟု CITIC Myanmar အစီရင်ခံစာက ဆိုသည်။
အလားတူ ကျောက်ဖြူအနာဂတ် အမည်ဖြင့်ပင် တရုတ်ဘာသာစကားသင်တန်းတစ်ခုကို ဖွင့်လှစ်ရန်အတွက် သင်တန်းသားများကို CITIC Myanmar က ခေါ်ယူခဲ့သည်။
တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံကြိုဆိုကာ ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့မှာ ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်း (KDNEDA) ဖြစ်သည်။
အသင်း၏ ရည်ရွယ်ချက်မှာ အကန့်အသတ်မရှိ ဖွံ့ဖြိုးတိုးတက်လာမည့် ကျောက်ဖြူဒေသကို လွှမ်းမိုးထားရန်၊ လုပ်ငန်းရှင်များအဖြစ် ရပ်တည်နိုင်ရန်၊ ဆင်းရဲခြင်းမှ လွတ်မြောက်ရန်၊ ရခိုင်များ အိမ်ပြန်လာနိုင်ရန်ဟု ဆိုထားသည်။
၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် KDNEDA အသင်း၏ ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်ကို တရုတ်က သူ့နိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်ထားသည်။
“ဒေသခံတွေ လုပ်ငန်းရှင်များအဖြစ် ရပ်တည်နိုင်ဖို့၊ ရင်းနှီးမြှုပ်နှံနိုင်ပြီး ကျွန်တော်တို့နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုတဲ့ အခုလိုအချိန်မှာ မြန်မာပြည်ကို စွန့်ခွာမသွားကြတဲ့ မိတ်ဆွေကောင်းတွေ လိုအပ်ပါတယ်” ဟု KDNEDA ၏ Facebook စာမျက်နှာတွင် သြဂုတ်လ ၁၂ ရက်နေ့က ရေးသားထားသည်။
တရုတ်၏ ပိုးလမ်းမစီမံကိန်း BRI စီမံကိန်းထဲတွင် အခရာကျပြီး တရုတ်နိုင်ငံပိုင် CITIC Group က တည်ဆောက်ခွင့်ရထားသည့် ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းများကို မူလက ဆိပ်ကမ်း ၁၀ ခုအထိ ဆောက်ရန် ရည်မှန်းခဲ့ကြသော်လည်း အကြွေးပိမည့်အရေး စိုးရိမ်ချက်နှင့် ဆိပ်ကမ်း ၂ ခုအထိ လျှော့ချတည်ဆောက်ရန် NLD အစိုးရလက်ထက်တွင် ဆုံးဖြတ်ခဲ့သည်။
ဒေါ်လာ သန်း ၇,၃၀၀ ကုန်ကျမည့် မူလစီမံကိန်းမှ သန်း ၁,၃၀၀ အထိ လျှော့ချလိုက်ခြင်းလည်း ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများကို ၂၀၁၅ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်တွင် မြန်မာဘက်က ၁၅ ရာခိုင်နှုန်း၊ တရုတ်က ၈၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့ကြသည်။ NLD အစိုးရလက်ထက်တွင် စီမံကိန်းအရွယ်အစားကို သိသိသာသာ လျှော့ချလိုက်ပြီး မြန်မာဘက်က ၃၀ ရာခိုင်နှုန်း၊ တရုတ်ဘက်က ၇၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုအဖြစ် ညှိနှိုင်းပြင်ဆင်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်တွင် စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းများ သွက်လက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ကျောက်ဖြူမြို့နယ်က ရေနက်ဆိပ်ကမ်း ၂ ခုနှင့် စက်မှုဇုန်ကို ချိတ်ဆက်မည့် လမ်းပိုင်းအတွက် EIA ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်သုံးသပ်ခဲ့ပြီးနောက် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။
၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီက တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလျံ တန်ဖိုးရှိသည့် ရခိုင်က ထွက်သည့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခဲ့သည်ဟု တရုတ်အကောက်ခွန်ဌာနတစ်ခုကို ကိုးကားပြီး BETV Business News တွင် ဖော်ပြသည်။
ကန်ဒေါ်လာ ၁ ဘီလျံခန့် အကုန်အကျခံ တည်ဆောက်ခဲ့သည့် ဓာတ်ငွေ့ပိုက်လိုင်းက နှစ်စဉ် ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံကို ဖြန့်ဝေပို့ဆောင်နိုင်ခဲ့သည်။
ဟောင်ကောင်ကုမ္ပဏီ စွန့်ခွာ
ကျောက်ဖြူမြို့နယ်တွင် ၂၀၁၉ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့သည့် ဟောင်ကောင်ကုမ္ပဏီ V power သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းသည် ၂၀၂၁ တွင် စတင်လည်ပတ်ကာ လျှပ်စစ်ထုတ်လုပ်ခဲ့သည်။
သို့ရာတွင် Vpower 1 စက်ရုံနှင့် V power 2 တို့သည် ၂၀၂၂ အောက်တိုဘာလတွင် ရပ်တန့်ကာ စက်များကို ဖြုတ်သိမ်းသွားခဲ့သည်။ နောက်ဆုံးလည်ပတ်ခဲ့သည့် V power 3 စက်ရုံသည်လည်း သဘာဝဓာတ်ငွေ့ အလုံအလောက်မရရှိသည့်အတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ရပ်ဆိုင်းသွားခဲ့သည်။ ဟောင်ကောင်နိုင်ငံအခြေစိုက် V power Group မှ LNG ဓာတ်ငွေ့သင်္ဘောကလည်း ၂၀၂၃ ခု မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာခဲ့သည်။
လက်ရှိတွင် တရုတ်အစိုးရပိုင်လုပ်ငန်း Power china resources နှင့် ပြည်တွင်းကုမ္ပဏီ Supreme Group တို့၏ လျှစ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်လျက်ရှိသည်။
တစ်ချိန်တည်းတွင်ပင် ရခိုင်ပြည်နယ် အမ်း၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် ဆောက်လုပ်မည့် လေအားလျှပ်စစ်စီမံကိန်းသုံးခုကို တရုတ်ကုမ္ပဏီများဖြစ်ကြသည့် Primus Advanced technologies Limited, Asia Ecoenegy Development Limited, Yunnan Machinery and Equipment Import and Export Co.,Ltd တို့နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့အကြား မတ်လ ၁ ရက်နေ့က စာချုပ်ချုပ်ဆိုခဲ့သည်။
အဆိုပါ စီမံကိန်းသည် အမ်းမြို့နယ်တွင် ၁၅၀ မဂ္ဂါဝပ်၊ သံတွဲမြို့နယ်တွင် ၁၁၀ မဂ္ဂါဝပ်နှင့် ဂွမြို့နယ်တွင် ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ထုတ်မည်ဟု ဆိုသည်။
နိုင်ငံတကာကော်ပိုရေးရှင်းများအနေဖြင့် ရခိုင်မြေတွင် ပဋိပက္ခတိုးပွားစေသော မီးလျှံများကို ရပ်တန့်ချိန်သင့်ပြီဟု ဆိုကာ ၂၀၂၀ ဇူလိုင်လ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် Arakan Oil Watch ၏ စာထဲတွင် တိုက်တွန်းထားသည်။
“ရခိုင်ပြည်မှာ ရှိတဲ့ ဒီစီမံကိန်းတွေ အကုန်လုံးက ဗဟိုအစိုးရပဲ ချုပ်ကိုင်ပြီး လုပ်တဲ့အတွက် ဒေသခံပြည်သူတွေအတွက် ဘာအကျိုးအမြတ်မှ မခံစားရဘူး။ မြေယာတွေနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေလည်း ဆုံးရှုံးရတာရှိတယ်” ဟု ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့မှ ဒါရိုက်တာဖြစ်သူ ကိုကျော်ခိုင်က ပြောကြားကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
“ရခိုင်မှာရှိတဲ့ ရွှေဂတ်စ်နှင့် တခြား သဘာဝသယံဇာတတွေက ရတဲ့ ဘဏ္ဍာတွေက ရခိုင်ပြည်နယ်နဲ့ တခြားတိုင်းရင်းသားပြည်နယ်တွေမှာ စစ်တိုက်ဖို့၊ အစိုးရအတွက် လက်နက်ဝယ်ဖို့ ထောက်ပံ့ပေးနေသလို ဖြစ်နေတယ်”
ရခိုင်ရှိ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးမှာလည်း ရက္ခိုင့်တပ်တော်၏ သဘောထား အရေးကြီးနေပြန်သည်။ သို့ရာတွင် ရခိုင်တွင် ရှိသည့် တရုတ်စီမံကိန်းများကို ဆန့်ကျင်မည်မဟုတ်ကြောင်း ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၁၉ ခုနှစ်ကတည်းက ပြောဆိုထားသည်။
ယခု ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသော ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရက္ခိုင့်တပ်တော်တို့ ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇူလိုင်လတွင် ပြည်ပရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများကို ဖျက်ဆီးခြင်း၊ ဆက်ကြေးကောက်ခြင်း မပြုရန် ထူးထူးခြားခြား ကြေညာချက် ထုတ်ခဲ့သည်။ ထိုစဉ်က ရုတ်တရက် ပေါ်ပေါက်ခဲ့သော ထုတ်ပြန်ချက်သည် တရုတ်စီမံကိန်းများကို အကာအကွယ်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အများက နားလည်ထားကြသည်။
ရခိုင်ပြည်နယ်အတွင်း အပစ်ရပ်ထားရန် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ သဘောတူထားရာမှ တိုက်ပွဲများ ပြန်လည် ပေါ်ပေါက်လာမည်ဆိုပါကလည်း ကျောက်ဖြူမြို့သည် တရုတ်စီမံကိန်းနယ်မြေဖြစ်သောကြောင့် စစ်မြေပြင်ဖြစ်သွားရန် အလားအလာနည်းပါးနေသည်။
စစ်ကောင်စီက ဤသို့သော အခြေအနေများကို အခွင့်ကောင်းယူကာ ဒေသခံတို့၏ စိုးရိမ်ချက်ကို အလေးမထားဘဲ တရုတ်၏ စီမံကိန်းများကို ရခိုင်တွင် အလျင်အမြန် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရန် စိုင်းပြင်းနေပြီဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



