ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသည့်အနေဖြင့် ကယား (ကရင်နီ) ပြည်နယ်တွင် “1107 Operation“ ပြုလုပ်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုမှ အင်အားစုတချို့က ဆိုသည်။
နိုဝင်ဘာ ၇ တွင် ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်ရှိ ပန်တိန်းကျေးရွာအခြေစိုက် စစ်တပ်စခန်းကို သိမ်းလိုက်ခြင်းမှာ ထိုစစ်ဆင်ရေး၏ အစိတ်အပိုင်းဖြစ်သည်ဟု ပါဝင်တိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF) တို့က ပြောကြသည်။
ဇွန်လက မယ်စဲ့မြို့နယ်ကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်း သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ပြန်လည်အစပြုသည့် စစ်ရေးလှုပ်ရှားမှုကြီးဖြစ်သည်ဟု KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
“မယ်စဲ့မြို့နယ် မြို့သိမ်းတိုက်ပွဲအပြီးမှာ ပထမဆုံး စစ်ရေးအရှိန်မြှင့်တဲ့အနေနဲ့ တစ်ဖန် ပွဲဦးထွက် ဒီစစ်ဆင်ရေးတွေကို ပြန်စတင်တာဖြစ်ပါတယ်” ဟု အဆိုပါ KNDF အရာရှိက ဆိုသည်။
“ကျွန်တော်တို့ ဒီကရင်နီမှာရှိတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကလည်း မြောက်ပိုင်းမှာ အခုလောလောဆယ် ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဆက်ပြီးတော့ အားပေးထောက်ခံတယ်။ စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်နေတယ်ဆိုတာ ပြောကြားချင်ပါတယ်”
နိုဝင်ဘာ ၇ ရက်နေ့ ပန်တိန်းကျေးရွာစခန်းသိမ်းတိုက်ပွဲသည် မယ်စဲ့မြို့သိမ်းတိုက်ပွဲ၏ အဆက်ဖြစ်သည်၊ ထိုနေ့တွင် စစ်ဆင်ရေး စတင်သဖြင့် ၁၁၀၇ ဟု အမည်ပေးလိုက်ခြင်းဖြစ်သည်ဟု KNDF ထံမှ သိရသည်။
အဆိုပါနေ့က KNDF, KNPLF, ကရင်နီတပ်မတော် (KA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
“တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေအားလုံးနဲ့ ဟန်ချက်ညီညီ ဖြစ်ဖို့အတွက် ကျွန်တော်တို့ 1107 Operation ကို နာမည်ပေးပြီး စတင်လိုက်တာဖြစ်တယ်” ဟု KNPLF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လောရင်းစိုးက ပြောသည်။
ယင်းနေ့က မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာအခြေစိုက် အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်စခန်းအနီးရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို တိုက်ခိုက်ကာ လက်နက်ခဲယမ်းများ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ကရင်နီတပ်ပေါင်းစုထံမှ သိရသည်။
“(နယ်ခြားစောင့်) တပ်ရင်းစခန်း လုံခြုံရေးအတွက် ကာကင်းကုန်းသဘောမျိုး သူတို့ အပြင်ထုတ်ထားတာ ရှိပါတယ်။ အဲဒီအပြင်ထုတ်ထားတဲ့ တပ်စခန်းကို ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ၁၁၀၇ စစ်ဆင်ရေး စတင်တိုက်ခိုက်တာ ဖြစ်ပါတယ်” ဟု ရဲဘော်လောရင်းစိုးက ပြောသည်။
ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကမူ မဟာမိတ်အဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ပေးခဲ့ခြင်း ဖြစ်သည်၊ စစ်ဆင်ရေးအမည်ကို ၎င်းတို့အဖွဲ့ ရွေးချယ်ခဲ့ခြင်းမဟုတ်ဟု ဆိုသည်။
“အဲဒီ ၁၁၀၇ က ကျွန်တော်တို့ မသတ်မှတ်ပါဘူး။ ကလလတကပဲ ဖြစ်မှာပေါ့နော်၊ KNDF ကလည်း သူပြောလား မသိဘူး။ ကျွန်တော်တို့ကတော့ ဒီနာမည်နာမတော့ မထည့်ပါဘူးလေနော်။ စခန်းသိမ်းတာတော့ ဟုတ်တယ်၊ ကျွန်တော်တို့ ပေါင်းပြီးတော့မှ သိမ်းတာရှိတယ်”
KA အဖွဲ့သည် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း ၎င်းက ဆက်ပြောသည်။
“ဗမာပြည်သူလူထု လွတ်မြောက်နိုင်ဖို့အတွက် သူတို့လည်း တစ်ထောင့်တစ်နေရာ လုပ်ကူတယ်။ ကျွန်တော်တို့နဲ့အတူတူ ဆိုတော့ အားပေးတာပေါ့နော်၊ အဲဒီလိုပါပဲ” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။
ထိုနေ့က လေယာဉ်ရောက်လာပြီး နှစ်ကြိမ် ဗုံးကြဲသဖြင့် လက်နက်ခဲယမ်းများ သယ်ယူကာ ရွှေ့ပြောင်းခဲ့ကြောင်း၊ အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်(ပန်တိန်း) ၏ ပင်မစခန်းကိုမူ မသိမ်းယူနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
“ပန်တိန်းစခန်းနဲ့ ပတ်ဝန်းကျင်က စခန်းအသေးလေးတွေ ရှိဦးမယ်ထင်တယ်။ မနေ့က တစ်ခုသိမ်းတာကတော့ သူ့ရဲ့ ပင်မ(စခန်း) နီးနီးလောက်ရှိတယ်။ ပန်တိန်းစခန်းလောက်နဲ့ တူတူပဲပေါ့။ ကျွန်တော်တို့ မထိုင်ဘူးပေါ့။ ပစ္စည်းတွေ ရတယ်။ လက်နက်တွေ ရပြီးတော့မှ ကျွန်တော်တို့ ပြန်ရွှေ့လိုက်တယ်။ အန္တရာယ်များတယ်လေ”
တစ်နိုင်ငံလုံးရှိ ပြည်သူလူထုက စစ်အုပ်စုကို မလိုလားသဖြင့် တော်လှန်ရေးလည်း ခပ်မြန်မြန်အဆုံးသတ်လိုကြကြောင်း၊ သို့သော် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်တပ်ကို ယှဉ်နိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများ လိုအပ်နေသဖြင့် အနည်းငယ် ကြန့်ကြာနေကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ကတော့ ရန်သူ စကစကို မထားချင်တော့ဘူး ကရင်နီပြည်ထဲမှာ။ နောက်တစ်ခုက ပြည်သူလူထုအနေနဲ့ သတိထားပြီး နေထိုင်ကြတာပေါ့။ ဒီလမ်းမသွားနဲ့ ဒီကိုမလာနဲ့ဆိုလည်း နည်းနည်း နားထောင်ပေးဖို့ လိုတယ်” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
စစ်ကောင်စီသည် ကရင်နီပြည်နယ်တွင် စစ်ဆင်ရန် အောက်တိုဘာ လကုန်မှစ၍ လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း KNDF ထံမှ သိရသည်။
KNDF တပ်ရင်းအမှတ် (၆၀၆) သည် 1027 Operation ရှမ်းမြောက်တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲနေကြောင်း နိုဝင်ဘာ ၃ က ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)



