ပျူစောထီးအားကောင်းသည့် စစ်ကိုင်းတိုင်းအလယ်ပိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စခန်းတစ်ခုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နိုဝင်ဘာ ၁၁ ရက် ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦး သေဆုံးပြီး သေနတ် ၁၃ လက် သိမ်းယူရရှိသည်ဟု သိရသည်။
အင်အား ၄၀ ခန့်ဖြင့် ကန့်ဘလူမြို့နယ် ဝက်တိုးကျေးရွာတွင် စခန်းချ နေထိုင်သည့် ပျူစောထီးတို့ကို ကန့်ဘလူပကဖက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ကာဘိုင် သေနတ် ၇ လက်၊ တစ်တောင့်ထိုး ပြောင်းချောသေနတ် ၆ လက်နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ပကဖခေါင်းဆောင်က ပြောသည်။
“စာသင်ကျောင်းထဲမှာ အထိုင်ချထားတာ။ ဆက်သွယ်ရေးမြောင်းတွေ၊ ဘန်ကာတွေရှိတယ်။ ဆက်သွယ်ရေးမြောင်းကို စီးမိတော့ သူတို့က စာသင်ကျောင်းထဲက ခံပစ်တာ” ဟု ဆိုသည်။
အနီးပတ်ဝန်းကျင်တွင် ပျူစောထီးအထိုင်ကျေးရွာများရှိသော်လည်း စစ်ကူများရောက်လာခြင်းမရှိ၊ ကန့်ဘလူတင့်ကားတပ်ရင်း အမှတ် ၆၀၀၆ က ဟောင်ဝစ်ဆာအမြောက်ဖြင့် ၄ ကြိမ်တိုင် ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အင်အားကြီးထွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်များကို တန်ပြန်တိုက်ခိုက်ရန် စစ်တပ်ထောက်ခံသူများ၊ ကြံခိုင်ရေးပါတီဝင်များ၊ ပျူစောထီးများ၊ ယခင် အမျိုး ဘာသာ သာသနာအဖွဲ့မှ အဖွဲ့ဝင်များကို စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ချပ်သင်းကျေးရွာမှ PDF များ သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို စစ်ကြောင်းထိုးလာသည့် အဆိုပါ ပျူစောထီးအများစု ပါဝင်သည့် စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်များက ဝိုင်းဝန်းတိုက်ခဲ့ရာ ၈၀ နီးပါး သေဆုံးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။
တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်း သီးသန့်ထုတ်ပြန်ခြင်း မရှိပေ။ ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သည်ဟုသာ စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ပျူစောထီး အထိုင်တပ်အချို့ တပ်ဆုတ်
ကန့်ဘလူမြို့နယ်အတွင်းမှ ပျူစောထီးအထိုင်စခန်းနှင့် လှုပ်ရှားစစ်ကြောင်းများ တိုက်ခိုက်ခံရပြီးနောက် ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်အတွင်းရှိ အထိုင်စခန်းများကို စွန့်ခွာကာ စစ်တပ်စခန်းများရှိရာသို့ သွားရောက် ပူးပေါင်းနေကြကြောင်း သိရသည်။
ကန်ဘလူမြို့ တောင်ဘက် မိုင် ၂၀ အကွာ ခင်ဦး-ကန့်ဘလူလမ်းပေါ်ရှိ ဗောဓိကုန်းပျူအထိုင်စခန်းတစ်ခုသည် စစ်သားနှင့် ပျူစောထီး ၈၀ ခန့် အခိုင်အမာတပ်စွဲထားသည့် စခန်းဖြစ်ပြီး ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်) တွင် တပ်ဆုတ်သွားကြောင်း သိရသည်။
ထိုစခန်းမှ ပျူစောထီးတချို့ ကန့်ဘလူမြောက်ပိုင်းသို့ စစ်ကူသွားနေခြင်းကြောင့် အင်အားနည်းနေရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်တိုက်ရန် ပြင်ဆင်ချိန်တွင် တပ်ဆုတ်သွားသည်ကို သိရသည်ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၄ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဗောဓိကုန်းက ဝင်တိုက်မလို့ ပြင်ထားကြတာ၊ သူတို့ဟာသူတို့ ကြောက်ပြီး ရွှေ့သွားတာလား။ သတင်းရတာလားတော့ မသိဘူး။ ဘန်ကာတွေ ဘာတွေ အကုန်ဖျက်သွားတာ” ဟု ဆိုသည်။
ထို့ပြင် အခြားပျူစောထီးကျေးရွာများမှ ပျူစောထီးအဖွဲ့များလည်း ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စိုးရိမ်နေကြသည်ဟု သိရကြောင်း ပြောသည်။
“သူတို့အလှည့် ရောက်နေပြီလေ၊ စောစောပိုင်းက ကျွန်တော်တို့က အကြိုအကြား ပုန်းအိပ်နေရတာ၊ ခု သူတို့က ညတိုင်ဆိုရင်တောင် ဘန်ကာထဲ မနေရဲတော့ဘူး၊ ရွှေ့အိပ်ကြတာ”
ကန့်ဘလူနှင့် နယ်မြေချင်း နီးကပ်နေသည့် ခင်ဦးမြို့နယ်တွင် အထိုင်ချ တပ်စွဲထားသည့် အင်းပတ်ကွေ့နှင့် ရွာသစ်ကုန်းရွာရှိ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစခန်းများလည်း နိုဝင်ဘာ ၁၁ တွင် စွန့်ခွာသွားကြောင်း ဒေသခံကာကွယ်ရေးသတင်းရင်းမြစ်များက ပြောသည်။
“အင်းပတ်ကွေ့စခန်းကတော့ စစ်သားအများစု ထိုင်တယ်။ ရွာသစ်ကုန်းကတော့ ပျူစောထီးရောပြီး ထိုင်ထားတဲ့စခန်း။ အခုတော့ အင်းပတ်ကွေ့မှာရော၊ ရွာသစ်ကုန်းမှာရော ဘာမှမကျန်တော့ဘူး။ လူကို တစ်ယောက်မှ မရှိတာ” ဟု ခင်ဦးမြို့နယ် အနောက်ခြမ်းအခြေစိုက် ခင်ဦးပံ့ပိုးကူညီရေးအဖွဲ့ (KSO) တပ်ဖွဲ့ တာဝန်ခံ ဗိုလ်လင်းရောင်က ဆိုသည်။
အင်းပတ်ကွေ့အထိုင်စခန်းသည် ခင်ဦး-ရေဦးကားလမ်းပေါ်တွင် ရှိပြီး စစ်စခန်းများအတွက် ထောက်ပံ့ပို့ဆောင်ရန်နှင့် လုံခြုံရေးအတွက် အထိုင်ချထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုလ ၃ ရက်ကလည်း ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း ယင်းမာပင်မြို့နယ်အတွင်းရှိ အင်အား ၁၀၀ ရှိသည့် အထိုင်တပ်နှင့် ခင်ဦးမြို့နယ်အတွင်းမှ မူးတိမ်ချောင်းပျူစောထီးအထိုင်စခန်းများ စွန့်ခွာခဲ့သည်။
လက်နက်ကိုင်တော်လှန်သူများကို တန်ပြန်တိုက်ခိုက်နိုင်ရန် အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ကို ထောက်ခံအားပေးသူများကို စုစည်းစစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးကာ ဒေသတွင်း ဆက်သွယ်ရေးအတွက် အချက်အချာကျသည့် ကျေးရွာများတွင် အထိုင်တပ်စခန်းများ ချထားရာမှ ထိုတပ်များ ပြန်ဆုတ်သွားခြင်းဖြစ်သည်။
ကန့်ဘလူမြို့နယ်ပကဖခေါင်းဆောင်ကမူ စစ်ရေးအရှိန်မြှင့်ရန်ရှိပြီး စစ်ကောင်စီအတွက် အင်အားဖြည့်ပေးနေသည့် ဒေသခံပျူစောထီးများ ပြည်သူများနှင့် အချိန်မီပူးပေါင်းရန် တိုက်တွန်းထားသည်။
“(ပျူစောထီးတွေ) ပြည်သူလူထုနဲ့ လက်တွဲမယ်ဆိုရင် အမြဲ တံခါးဖွင့်ထားတယ်။ လက်နက်ကိုင်ပြီး ပျူလုပ်နေပေမဲ့ ကျွန်တော်တို့ကတော့ ပြည်သူလို့ သတ်မှတ်တယ်။ ချိတ်ဆက်ပြီး အလင်းဝင်ဖို့ မျှော်လင့်တယ်။ လက်နက်ကိုင်ထားလို့ စစ်ရေးပစ်မှတ်ဖြစ်လို့ မဖြစ်မနေတိုက်နေတာ” ဟု ဆိုသည်။
အောက်တိုဘာ ၂၇ တွင် စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုနှင့်အတူ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



