ရခိုင်ပြည်နယ်၊ ပေါက်တောမြို့အတွင်း နိုဝင်ဘာ ၂၂ တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပြီးနောက် ပိတ်မိနေသော မြို့ခံ ၁၀၀ ကျော် လွတ်မြောက်ခဲ့ကြောင်း သိရသည်။
မြို့တော်စစ်တွေနှင့် ကပ်လျက်တည်ရှိသည့် ပေါက်တောမြို့တွင်းသို့ AA တပ်ဖွဲ့ဝင်များ ယင်းနေ့က ဝင်ရောက်လာပြီးနောက် မြို့တွင်း ၃ နေရာတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများတွင် သတင်းဖော်ပြထားကြသည်။ မြစ်အတွင်းမှ စစ်ရေယာဉ်၊ စစ်တွေမြို့ပေါ် အမှတ် (၁၂) ရဲတပ်ရင်းစခန်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ပေါက်တောမြို့ ရပ်ကွက်တချို့တွင် မီးလောင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
မြို့တွင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၈ ဦးခန့် ဒဏ်ရာရကြောင်း၊ ဒရုန်းစက်များအပါအဝင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း AA က ယမန်နေ့ညတွင် ထုတ်ပြန်သည်။
နေအိမ်တချို့၌ ပုန်းအောင်းနေသော ဒေသခံများ၊ စစ်တပ်က ဖမ်းဆီးထားသူများအပါအဝင် ၁၀၄ ဦးကို နိုဝင်ဘာ ၂၂ ရက်နေ့က ကယ်ထုတ်ခဲ့ပြီး ပေါက်တောမြို့အတွင်း ဆက်လက်ပိတ်မိနေသော မြို့ခံများကို ကယ်တင်နိုင်ရေး ကြိုးပမ်းနေကြောင်း AA ဘက်က ဆိုသည်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများသို့ပါ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ သုံးပြီး တိုက်ခိုက်နေသည်ဟု ပါရှိသည်။
ယမန်နေ့ညက AA ထုတ်ပြန်သော ရုပ်သံမှတ်တမ်းဖိုင်တွင် ပခုံးထမ်းလောင်ချာ (RPG)၊ M 79 သေနတ်များ ကိုင်ဆောင်ထားသည့် AA တပ်ဖွဲ့ဝင်များက သက်ကြီးရွယ်အိုတချို့ကို ကယ်ထုတ်လာပုံ၊ ပစ်ခတ်သံများ ထွက်ပေါ်နေသည့် မြို့တွင်းမြင်ကွင်းများကို တွေ့ရသည်။
နိုဝင်ဘာ ၁၆ ရက်ကတည်းက ပေါက်တောမြို့ပေါ်တွင် ပိတ်မိနေပြီး ယနေ့ အရုဏ်တက်ချိန်တွင် ကူညီမည့်သူမရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့သော ဒေသခံအမျိုးသားတစ်ဦးက မြို့တွင်း အဆောက်အအုံများ ပျက်စီးနေသလို ပစ်ခတ်မှုများရှိနေကြောင်း Myanmar Now ကို ပြောသည်။
“မနေ့ကတော့ အဲ့နေရာ (အမှတ် (၁) ရပ်ကွက်) က လက်နက်ကြီး ၁၀ ချက်လောက် ပေါက်တယ်။ နောက်ပြီးတော့ ညနေ ၄ နာရီလောက်မှာ ပျောက်သွားတယ်။ အဲ့ဒါပြီးတော့ ဦးဥတ္တမလမ်းမကြီးဘက်က အသံကြားတယ်။ အမှတ် (၁) ရပ်ကွက်က မကြားရတော့ဘူး။ ကျွန်တော် စုံစမ်းကြည့်လိုက်တော့ စစ်တပ်က ဦးဥတ္တမလမ်းမကြီးဘက်ကို ရွေ့သွားတယ်” ဟု သူက ဆက်ပြောသည်။
“ကျွန်တော် ထွက်လာတော့ လမ်းမှာ မီးလောင်တာ မတွေ့ခဲ့ဘူး။ ခေါင်မိုးရော၊ အကုန်လုံးပြိုကျသွားတဲ့ အဆောက်အအုံတွေ မြင်ခဲ့ရတယ်။ အမှတ် (၅) ရပ်ကွက်ထဲမှာပါ”
လုံခြုံရေး ပိုမိုစိတ်ချရသည့်နေရာသို့ ရောက်နေပြီဟု သူက ဆိုသည်။
“ပိတ်မိနေတဲ့အချိန်တုန်းကတော့ နေ့တိုင်းပဲ အသံတွေ ကြားရတယ်။ အခုတော့ မြို့နဲ့ မနီးမဝေး ရောက်နေပြီ။ လုံခြုံတယ်။ ကျွန်တော်က ဒီနေ့မနက်အစောကြီး နှင်းဝေနေတဲ့အချိန်မှာ တစ်ကိုယ်တည်း စွန့်စားပြီးတော့ ထွက်လာခဲ့ရတာပါ”

ပေါက်တောမြို့တွင် စစ်တပ်အထိုင်စခန်းများမရှိဘဲ မြို့လယ်ကောင်ရဲစခန်းသာ ရှိရာ ထိုစခန်းကို နိုဝင်ဘာ ၁၅ ရက်နေ့ ည ၁၀ နာရီကျော်တွင် AA က ဝင်ရောက်စီးနင်းခဲ့သည်။ ထိုစခန်းမှ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့နှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ကြောင်း AA က နောက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။
AA ပြန်ထွက်သွားပြီး နောက်တစ်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် စစ်တပ်က မြို့တွင်း ဝင်ရောက်လာပြီး မြို့ခံများကို ထွက်ခွာခွင့်မပြုဘဲ ပိတ်ဆို့ထားခြင်းဖြစ်ပြီး ဒေသခံတချို့ကိုလည်း ဖမ်းဆီးထားရာ မြို့အတွင်း လူအများအပြား ပိတ်မိနေသည်။
မြို့တွင်း စစ်သားအင်အား ၁၀၀ ခန့်ရှိပြီး ပိတ်မိနေသောရက်များအတွင်း နေ့စဉ်ရက်ဆက် ပစ်ခတ်မှုများရှိနေကြောင်း သက်လတ်ပိုင်းအရွယ် ထိုအမျိုးသားက ဆိုသည်။
“၁၆ ရက်နေ့ကတည်းက လေယာဉ်ရော၊ နေဗီ (ရေတပ်) ရော ပစ်တဲ့အချိန်မှာ လူမှုကယ်ဆယ်ရေး လုပ်နေတာဗျ။ လူတွေကို ကယ်ထုတ်ရင်းနဲ့ ကိုယ်က ထွက်လို့ မရလိုက်ဘူး။ ရေတပ်ကော၊ လေတပ်ကော လာတဲ့အချိန်မှာ ကျွန်တော် ပိတ်မိသွားပြီ။ အဲ့နေ့ကစပြီးတော့ လုံခြုံတဲ့နေရာ၊ တိုက်အကာကောင်းတဲ့နေရာမှာ ဝပ်နေလိုက်တယ်။ ကျွန်တော် ၈ ရက်လောက်ရှိမယ်။ အပြင်ကို တစ်ခါမှ မထွက်ဝံ့ဘူး။ ၇ ရက်၊ ၈ ရက်လုံးလုံးကို လက်နက်ကြီးတွေနဲ့ ရက်ဆက်နေတာ။ အဲ့လိုပဲ ကျွန်တော်နေခဲ့ရတယ်” ဟု သူက ဆိုသည်။
“ကျွန်တော် ကြားသိတာက မြန်မာစစ်တပ်က ပေါက်တော အထက နေရာမှာ ဝန်ထမ်းတွေကို စုထားတာ၊ ကျန်တဲ့ မြန်မာစစ်တပ်ခေါ်ထားတဲ့ လောကထိပ်ပန်ဘုရားနားကတစ်စု၊ အမှတ် (၁) ရပ်ကွက်ထဲက စိုက်ပျိုးရေးရုံးထဲက တစ်စုရယ်၊ အကုန်လုံး လွတ်သွားတယ်၊ AA က လာထုတ်သွားတယ်၊ အဲ့လိုသတင်းရတယ်”
စုစုပေါင်း လူ ၂၀၀ နီးပါးကို နိုဝင် ဘာ ၂၁ တွင် တစ်ကြိမ်၊ နိုဝင်ဘာ ၂၂ တွင် တစ်ကြိမ် မြို့တွင်း ဝင်ရောက်၍ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု AA ဘက်က ဆိုသည်။
ထိုနေ့က မြို့တွင်းမှ ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့ အပါအဝင် ၁၂၀ နီးပါးကို ကယ်ထုတ်ပေးခဲ့ကြောင်း ရုပ်သံဗီဒီယိုဖိုင်ဖြင့် ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၂၁ ရက် မွန်းတည့်ချိန်ခန့်တွင် ပေါက်တောမြို့တွင်း နေရာတချို့နှင့် လောကထိပ်ပန်ဘုရားကုန်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိအခိုက် သေဆုံးမှုများရှိခဲ့သည်၊ AA က လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ဧရိယာ စတုရန်းမိုင် ၀.၁၄ သာ ကျယ်ဝန်းသည့် ပေါက်တောမြို့သည် ပြည်နယ်မြို့တော် စစ်တွေနှင့် ရေမိုင် ၁၆ မိုင်ခန့် ဝေးကွာပြီး စက်လှေဖြင့် ၁ နာရီခန့် သွားရသည့်မြို့ဖြစ်သည်။ မြို့ပေါ်ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၃၀၉၇ အိမ်ရှိပြီး လူပေါင်း နှစ်သောင်းနီးပါး နေထိုင်ကြသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA က ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် ဝင်ရောက်တိုက်ခိုက်နေသလို ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်တပ်ဗျူဟာနှစ်ခုကိုလည်း ဆက်လက် တိုက်ခိုက်နေသည်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါက်တောမြို့အတွင်း ကင်းလှည့်နေစဉ် ပစ်ခတ်ခံရကြောင်း၊ ရေယာဉ် နှစ်စီးကို AA က ယူဆောင်သွားကြောင်း နိုဝင်ဘာ ၂၂ ညက ထုတ်ပြန်ထားသည်။
“အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာတော့ ပေါက်တောမြို့မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ခဲ့တာရှိပါတယ်။ ဒီနေ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပေါက်တောမြို့ လုံခြုံရေးအတွက် ကင်းလှည့်လည်ခဲ့ပါတယ်။ ကင်းလှည့်လည်တာကို ပစ်ခတ်ခဲ့တာရှိပါတယ်။ နောက်တစ်ခုကတော့ ကျောက်တော်မှာရှိနေတဲ့ ပြည်သူလူထုအသုံးပြုနေတဲ့ ရေယာဉ်တွေဖြစ်တဲ့ ရေနယား (၁) ရေယာဉ်နဲ့ ရေဘဝဲ (၄) ရေယာဉ်တွေကို AA အနေနဲ့ အကြမ်းဖက်ယူဆောင်သွားကြောင်း သိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။



