နိုင်ငံခြားငွေလိုနေသည့် စစ်ကောင်စီက ပြည်ပရောက် သန်းနှင့်ချီသော အလုပ်သမားများ၊ နိုင်ငံသားများကို ဝင်ငွေခွန်ဆောင်ပြီးမှ ပတ်စ်ပို့စ်သက်တမ်းတိုးပေးတော့မည်ဖြစ်သည်။
ဒီဇင်ဘာ ၁၂ရက်နေ့မှ၍ နေထိုင်ခွင့်အမျိုးအစားအပေါ် မူတည်၍ ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်၊ အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့် ကာလအထိ ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။
ဝင်ငွေခွန်ဆောင်ရန် မထုတ်ပြန်ခင် စစ်ကောင်စီက အခွန်ကောက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့မှုကြောင့် ၂၀၁၂ ဇန်နဝါရီမှ စတင်ပြီး ၁၂ နှစ်နီးပါးကြာ ကင်းလွတ်ခွင့်ပြုခဲ့သည့် ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ နိုင်ငံခြားငွေဖြင့် ဝင်ငွေခွန် ကောက်ခံခြင်း ပြန်လည်အသက်ဝင်လာခြင်း ဖြစ်သည်။

အခွန်ပေးထားကြောင်းပြေစာကို ပတ်စ်ပို့စ်သက်တမ်းတိုးခြင်းကဲ့သို့ သံရုံး၏ဝန်ဆောင်မှု ရယူရာတွင် ပြသရမည်ဖြစ်သောကြောင့် ထိုဝန်ဆောင်မှု ရယူလိုပါက ထိုပြေစာ ရှိရမည် ဖြစ်သည်။
မြန်မာနိုင်ငံပြန်သည့်အခါ လေဆိပ်တွင် ထိုပြေစာ ပြသရလေ့ရှိသည်။
စင်ကာပူ မြန်မာသံရုံး၏ ဒီဇင်ဘာ ၁၂ ထုတ်ပြန်ချက်တွင် ကျောင်းတက်နေလျှင် အခွန်ပေးစရာမလို၊ အခွန်ကင်းလွတ်ခွင့်ရမည်ဟု ဖော်ပြထားသည်။ အခွန်ပေးထားသူ၏ အိမ်ထောင်ဘက်၊ မိဘ၊ သားသမီးတို့သည်လည်း မှီခိုသူအဖြစ် သက်တမ်းတိုး ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားသည်။
မြန်မာပြည်ပြန်မည့်သူများ “ဝင်ငွေခွန်ဆောင်ပြီးကြောင်း / မှီခို / ကျောင်းသား ထောက်ခံစာ” သံရုံးတွင် လာယူရန် လိုအပ်မည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
စင်ကာပူတွင် မြန်မာပြည်သားအများအပြား နေထိုင်ပြီး သံရုံးဝန်ထမ်းအရေအတွက် အကန့်အသတ်သာ ရှိရာ ထောက်ခံစာကို လွယ်လွယ်နှင့် ရလေ့မရှိပေ။
မြန်မာသံရုံးအပြင်ဘက်တွင် တန်းစီနေသူ အများအပြားရှိသော်လည်း သံရုံးဝန်ဆောင်မှုအတွက် ရက်ချိန်းယူထားသူများ၊ ရန်ကုန်ပြန်ရန် လေယာဉ်ချိန် နီးကပ်နေသူများသာ သံရုံးထဲ ဝင်ခွင့်ရသည်ဟု အွန်လိုင်းလူမှုကွန်ရက်တွင် သတိပေး ရေးသားနေကြသည်။
စင်ကာပူရောက် မြန်မာပြည်သားအများအပြားက ၂၀၂၁ အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသည့် လက်နက်ကိုင်ခုခံမှု၊ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို အားပေးထောက်ခံကြပြီး ငွေကြေးထောက်ပံ့နေကြသည်။
ပြည်သူများကို အနိုင်ကျင့်၊ သတ်ဖြတ်ရာတွင် စစ်ကောင်စီက သံရုံးများမှ ကောက်ခံရရှိသော အခွန်ငွေကို အသုံးပြုမည်ဖြစ်သောကြောင့် အခွန်ငွေမပေးလိုကြကြောင်း အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားသူများ ရှိနေသည်။
ပတ်ပို့စ်သက်တမ်း ၂၀၂၇ ခုနှစ်ထိ ရှိသော စင်ကာပူရောက်အမျိုးသားတစ်ဦးက ဝင်ငွေခွန် ဆောင်ဦးမည်မဟုတ်ဟု Myanmar Now ကို ပြောသည်။ သူ၏ ပတ်ပို့စ်သက်တမ်း မကုန်မီ စစ်ကောင်စီပြုတ်ကျကာ မြန်မာပတ်စ်ပို့ကိုင်ဆောင်သူတို့ကို နှိပ်ကွပ်ထားသည့် အခွန်စည်းကမ်းချက် ပျက်ပြယ်နိုင်မည်ဟု သူက ယုံကြည်နေသည်။
“အဲဒီပိုက်ဆံ ကိုယ်သုံးရမှာကို သူတို့ကို ပေးရတာပဲ။ ဒီနိုင်ငံရဲ့ လစာက မတိုးဘဲနဲ့ ကိုယ့်ထဲကနေ စိုက်ပေးရတာလေ” ဟု ၎င်းက ပြောသည်။
ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေသူ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက စစ်ကောင်စီသံရုံးကို ဝင်ငွေခွန် မပေးရန် အများအပြားက ဆုံးဖြတ်ထားသည်ဟု ပြောသည်။
“တောင့်ခံနိုင်သလောက်ထိတော့ တောင့်ခံမယ်။ မဆောင်ဘူး။ အခြားသူတွေ အများကြီးဆောင်ပြီး မင်းတယောက်တည်း မဆောင်နဲ့ဆိုရင်တော့ အရိုးသားဆုံးပြောရရင် ဆောင်ဖြစ်ရင် ဆောင်ဖြစ်မယ်၊ လက်ရှိကတော့ ဆောင်ဖို့ စိတ်ကူးမရှိပါဘူး” ဟု ၎င်းက ပြောသည်။
“သူတို့အောက်မှာ ကောင်းတာ ဘာမှမရှိဘူး၊ အဆိုးဆုံးတွေချည်းပဲ၊ ပြည်ပရောက် မြန်မာတွေက အလုပ်လုပ်ပြီး နိုင်ငံအတွက် တတ်နိုင်သမျှကူနေတာကို ထိန်းချင်တာလည်းပါမယ်၊ ကိုယ့်နိုင်ငံ အသုံးမကျတဲ့သူက အုပ်ချုပ်တော့ သူများနိုင်ငံမှာ မျက်နှာငယ်အလုပ်လုပ်နေရတယ်”
၁၉၈၈-၂၀၁၁ စစ်အာဏာရှင်ခေတ်တစ်လျှောက် ပြည်ပရောက် အလုပ်သမားများထံမှ နိုင်ငံခြားငွေဖြင့် ဝင်ငွေခွန် ကောက်ခံခြင်းကို ကျင့်သုံးခဲ့ပြီး စစ်ယူနီဖောင်းချွတ်ပြီး သမ္မတလုပ်ခဲ့သူ ဦးသိန်းစိန်လက်ထက် ၂၀၁၂ တွင် ပြန်လည်ပယ်ဖျက်ပေးခဲ့သည်။
ဝင်ငွေခွန်ဆောင်ရန် မထုတ်ပြန်ခင်ကတည်းက ပြည်ပရောက်မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှတစ်ဆင့် ပြည်တွင်းရှိ မိသားစုဝင်များထံ မဖြစ်မနေ ပြန်လွှဲရန် စစ်ကောင်စီက သတ်မှတ်ထားပြီး ဖြစ်သည်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန၏ အဆိုအရ ၁၉၉၉ခုနှစ်၊ အေဂျင်စီများမှတစ်ဆင့် ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုးရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန်နိုင်ငံများသို့ အလုပ်သမား အများဆုံးစေလွှတ်ခဲ့ပြီး ၂၀၂၁ မတ်လအထိ ၁ ဒသမ ၃၂ သန်းကျော်ရှိကြောင်း သိရသည်။
နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရချိန်တွင် ကုန်ကျစရိတ်ကြီးမားသည့် လေကြောင်းတိုက်ခိုက်မှုကိုသာ အားပြုနေရသည့် စစ်ကောင်စီသည် ဘတ်ဂျက်လိုငွေပြဿနာကိုလည်း အကြီးကျယ်ရင်ဆိုင်နေရပြီး အမေရိကန်ဒေါ်လာ အရောင်းအဝယ်အတွက် ရည်ညွှန်းဈေး သတ်မှတ်ပေးသည့် အလုပ်ကိုလည်း လက်လျှော့ထားသည်။
ထို့ကြောင့် ပြည်တွင်းတွင် စက်သုံးဆီ ပြတ်လပ်ကာ ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းကြသော်လည်း လိုသလောက်ဝယ်ယူခွင့်မရသည့် အခြေအနေထိ ကြုံတွေ့နေရသည်။



