သတင်း

စစ်ကိုင်းတိုင်း အရာတော် နောင်ကြီးအိုင်ရဲစခန်းမှ စစ်ကောင်စီတပ် ဆုတ်ခွာ

အရာတော်မြို့တွင် လက်နက်ခဲယမ်းချို့တဲ့သော တော်လှန်ရေးသမားများ၏ ပိတ်ဆို့တိုက်ခိုက်မှုကို ၂ လခန့် ရင်ဆိုင်ပြီးနောက် စစ်ကောင်စီတပ်သား ၃၀ ကျော် စခန်းချသည့်နေရာမှ ဆုတ်သွားသည်။

တော်လှန်ရေးလှုပ်ရှားမှုအားကောင်းသည့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း အရာတော်မြို့ မြောက်ဘက် ၁၀ မိုင်အကွာရှိ နောင်ကြီးအိုင်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စခန်းကို ထားရစ်ကာ မြို့ဘက်သို့ ဆုတ်ခွာသွားသည်။

အင်အား ၃၀ ကျော်ရှိသော ထိုစခန်းကို လက်နက်ခဲယမ်းနည်းပါးသည့် တော်လှန်ရေးသမားများက ၂ လဝန်းကျင် ဝိုင်းပတ်ပိတ်ဆို့၊ ရံဖန်ရံခါ ပစ်ခတ်တိုက်ခိုက်ပြီးနောက်တွင် စစ်ကောင်စီ တပ်ဖွဲ့စခန်းမှ ဆုတ်သွားခြင်းဖြစ်သည်။

ယခုလ ပထမပတ်အတွင်း လက်နက်ချရန် အချိန် ၃ ရက် ပေးသော်လည်း အကြောင်းပြန်ကြားခြင်းမရှိ၍ ဒီဇင်ဘာ ၈ ရက်မှစကာ တိုက်ခိုက်မှုများကို အရှိန်မြှင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။

“သူတို့ဘက်က လှုပ်ရှားမှုစတာနဲ့ ကျွန်တော်တို့က ပစ်ခတ်မှုစတာ၊ သူတို့က မလှုပ်ရှားဘူးဆိုရင် ဒရုန်းနဲ့ (ဗုံးကြဲ) ချတာမျိုး၊ လက်လုပ် ၆၀ မမ (စိန်ပြောင်း) နဲ့ပစ်တာမျိုး လုပ်ပြီး နေ့တိုင်းဖိအားပေးတာ” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့မှာ စခန်းသိမ်းဖို့ ကျည်အလုံအလောက်မရှိဘူးလေ၊ ကျွန်တော်တို့က အပင်ပန်းခံ (ပိတ်ဆို့) ရတာပေါ့၊ တမင်ကို ဒီဗျူဟာဆွဲပြီး သူတို့ စိတ်ဓာတ်ယိုင်နဲ့အောင် လုပ်တာပေါ့”

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ မြောက်ဘက် ၁၀ မိုင်အကွာမှ နောင်ကြီးအိုင်ရဲစခန်းကို ဒီဇင်ဘာ ၂၃ ရက်တွင် တော်လှန်ရေးအဖွဲ့ သိမ်းယူပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ – NUG)

ထိုသို့ မတိုက်ခိုက်မီ အိမ်ခြေ ၁၀၀၀ ကျော်၊ လူဦးရေ ၄၀၀၀ ဝန်းကျင်ရှိပြီး စိုက်ပျိုး၊ မွေးမြူရေး အဓိကလုပ်ကိုင်သည့် နောင်ကြီးအိုင်ရွာမှ ဒေသခံများကို ဘေးလွတ်ရာသို့ ပို့ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

သူ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီစခန်းစွန့်ပြီးနောက် နောင်ကြီးအိုင်ရဲစခန်းအတွင်း တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ကာ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စာရွက်စာတမ်းများ၊ ရိက္ခာများ သိမ်းဆည်းရရှိကြောင်း အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

အာဏာသိမ်းမှု သုံးနှစ်ပြည့်တော့မည့်အချိန်တွင် နိုင်ငံအနှံ့ရှိ မြို့၊ စစ်စခန်းများကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားနိုင်ကြသည်။ ထိုအခြေအနေတွင် စစ်ကောင်စီက အင်အားနည်းပါးသည့် စခန်းများကို စွန့်ခွာကာ အရေးကြီးနေရာများသို ပြောင်းရွှေ့သည့်နည်းဖြင့် အင်အားစုစည်းနေသည်။ ထိုသို့ မြေပြင်တွင် အရေးမလှဖြစ်နေသည့် စစ်ကောင်စီက လေကြောင်းကိုသာ အားပြုတိုက်ခိုက်နေရာ အရပ်သားထိခိုက်မှု မြင့်တက်နေသည်။

Show More

Related Articles

Back to top button