သတင်း

ပလက်ဝရှိ ချင်းလက်ဝ စခန်းကုန်းကို AA သုံးရက်အတွင်း တိုက်ခိုက်သိမ်းပိုက်

ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် သုံးရက်ခန့် တိုက်ယူခဲ့ရသည့် ချင်းလက်ဝစခန်းကုန်းအပြင် အခြားစစ်စခန်းများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ကြီးကျည်ဆန်များ၊ လက်နက်ငယ်ကျည်ဆန်များ၊ ဗုံးသီးအမြောက်အမြားနှင့် လက်ပစ်ဗုံးများ တွေ့ရသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကုန်းကို သိမ်းပိုက်လိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA) က ယမန့်နေ့ (ဇန်နဝါရီ ၃ ရက်) ညပိုင်းတွင် ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် သုံးရက်ခန့် တိုက်ယူခဲ့ရသည့် ချင်းလက်ဝစခန်းကုန်းအပြင် အခြားစစ်စခန်းများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ကြီးကျည်ဆန်များ၊ လက်နက်ငယ်ကျည်ဆန်များ၊ ဗုံးသီးအမြောက်အမြားနှင့် လက်ပစ်ဗုံးများ တွေ့ရသည်။

အထက်နှင့်အောက် ရွာနှစ်ခုရှိသည့်အနက် ချင်းလက်ဝ (အောက်) ရွာရှိ စခန်းကုန်းကို AA က သိမ်းပိုက်လိုက်ခြင်းဖြစ်ကာ စခန်းကုန်းနှင့်ကပ်လျက် မီတာ ၂၀၀ ခန့်အကွာတွင် ချင်းလက်ဝကျေးရွာရဲ စခန်းရှိသည်။ ထိုရဲစခန်းနှင့် ရွာဒေသခံများ၏ အခြေအနေ မည်သို့ရှိသည်ကို AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

ကုလားတန်မြစ်အရှေ့ဘက်ကမ်း၊ ပလက်ဝမြို့မြောက်ဘက် ၃၉ မိုင်ခန့်အကွာရှိ ထိုစခန်းကုန်းသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တောင်ဘက်စွန်းနှင့် နယ်နိမိတ်ထိစပ်နေသည်။

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသည့် ပလက်ဝမြို့နယ်အတွင်းရှိ ထရွန်အိုင်ဗျူဟာ၊ နှုံးဘူးဗျူဟာ၊ ခဝဲဗျူဟာကုန်းတို့ကို AA က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း သိမ်းပိုက်ခဲ့ပြီး ခမောင်းဝတပ်စခန်းနှင့် ချင်းလက်ဝစခန်းကုန်းတို့ကို ယခုနှစ်ဆန်းတွင် ဆက်လက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယမန့်နေ့ (ဇန်နဝါရီ ၃ ရက်) တွင် AA အပြီးသတ် သိမ်းပိုက်လိုက်သည့် ချင်းလက်ဝစခန်းကုန်းဖြစ်သည်။ ချင်းလက်ဝတွင် အထက်နှင့်အောက် ရွာနှစ်ခု ရှိနေပြီး ချင်းလက်ဝစခန်းကုန်းသည် ချင်းလက်ဝ (အောက်) ရွာတွင် တည်ရှိသည်။ စခန်းကုန်းဘေး မီတာ ၂၀၀ ခန့်အကွာတွင် ချင်းလက်ဝကျေးရွာရဲစခန်းလည်း ရှိနေသည်။

ကုလားတန်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ ထိုဗျူဟာကုန်းများသည် စစ်ရေးအရအရေးပါသည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖြေကြားထားသည်။

ကုလားတန်မြစ်ကြောင်းမှတစ်ဆင့် စစ်တွေဆိပ်ကမ်းမှ ချင်းပြည်နယ် ပလက်ဝသို့ စက်လှေဖြင့် ချိတ်ဆက်ကာ ပလက်ဝမှ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။

ပွိုင့် (၃၁၃) ကုန်း (ပလက်ဝမြို့၏ အရှေ့မြောက်ဘက် မီတာ (၁၇၀၀) အကွာအဝေးရှိ စခန်း) အပါအဝင် ပလက်ဝ (၂၈၉) ဗျူဟာကုန်းနှင့် မီးဝဗျူဟာကုန်းတို့ကို ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု AA က ဆိုပြီး ပလက်ဝဒေသအတွင်း၌သာမက ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြတ်တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။

မီးဝဗျူဟာကုန်းသည် ၂၀၂၀ အစောပိုင်းကာလတွင် AA နှင့် စစ်တပ်တို့အကြား ၄၅ ရက်ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည့် ဗျူဟာကုန်းဖြစ်ပြီး ကျောက်တော်နှင့် ပလက်ဝနယ်စပ်တွင် ရှိသည်။

ပလက်ဝဒေသအတွင်း AA ဆက်လက်တိုက်ခိုက်နေသည့် တပ်စခန်းများမှာ ခလရ-၂၈၉၊ ခလရ-၂၃၃၊ ခမရ-၂၁၁၊ ခမရ-၂၁၇၊ ခမရ-၂၂၀၊ ခမရ-၃၀၈၊ ခမရ-၃၇၄၊ ခမရ-၃၇၆၊ တို့ဖြစ်သည်ဟု တပ်ရင်းအမည်များကိုလည်း ထုတ်ပြန်ချက်တွင် စာရင်းအတိအကျဖော်ပြထားသည်။

ခလရ-၂၈၉ တပ်စွဲထားသည့် ပလက်ဝဗျူဟာစခန်းဖြစ်သည်။ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ထိုးစစ်ဆင်လျက်ရှိသည်ဟု AA က ဆိုသည်။

ထိုတပ်စခန်းများတည်ရှိသည့် မြို့နယ်များမှာ ခလရ-၂၈၉ ပလက်ဝမြို့နယ်၊ ခလရ-၂၃၃ ဘူးသီးတောင်၊ ခမရ-၂၁၁ ပလက်ဝ၊ ခမရ-၂၂၀ ပလက်ဝ၊ ခမရ-၃၀၈ ရမ်းဗြဲ၊ ခမရ-၃၇၄ ကျောက်တော်၊ ခမရ-၃၇၆ ကျောက်တော်မြို့နယ်တို့ဖြစ်ကြသည်ကို လေ့လာတွေ့ရှိရသည်။

တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်တွေ့ဆုံဆွေးနွေးကြသော်လည်း ထူးခြားသည့် သဘောတူညီချက် ထွက်ပေါ်လာခြင်းမရှိဘဲ ရှမ်းမြောက်ဒေသသာမက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ညီနောင် ၃ ဖွဲ့က မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းတပ်မတော် PSLF/TNLA က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း မြို့ ၆ မြို့ကို ရက်ပိုင်းသာ ခြား၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျောက်မဲနှင့် ကွတ်ခိုင်မြို့တို့ကို ဆက်လက် သိမ်းယူရန် မဟာမိတ်တပ်များနှင့်အတူ အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိသည်။

ကိုးကန့်ဒေသတွင်လည်း ကိုးကန့်တပ်မတော် MNDAA က လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လျက်ရှိပြီး ၎င်းတို့၏ မူလဌာနချုပ်ဖြစ်သည့် လောက်ကိုင်တစ်မြို့ လုံးကို ပြန်လည်သိမ်းပိုက်နိုင်တော့မည့်အခြေအနေအထိ ရောက်ရှိနေသည်။

တအာင်းတပ်မတော် PSLF/TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က ‘ဒီခေတ်ရဲ့မျိုးဆက်တွေ အားလုံးတွဲလက်နဲ့ ယုံကြည်ရာကို သွေးချွေးနဲ့ ဗျူဟာကျကျ ထုဆစ်မယ်’ ဟု ၂၀၂၄ နှစ်မကူးမီ ၎င်၏ Facebook တွင် ရေးသားသည်။

မီးဝဗျူဟာကုန်းသည် ကျောက်တော်-ပလက်ဝ နယ်စပ်တွင် တည်ရှိသည်။ ၂၀၂၀ အစောပိုင်းကာလအတွင်း AA နှင့် စစ်ကောင်စီတပ်တို့အကြား ၄၅ ရက်ကျော်ကြာ တိုက်ခိုက်ခဲ့ကြသည့် စခန်းကုန်းဖြစ်သည်။ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ထိုးစစ်ဆင်လျက်ရှိသည်ဟု AA က ဆိုသည်။

ထို့အတူ MNDAA ခေါင်းဆောင် ဖုန်တားရွှင်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်လည်တည်ဆောက်ရန် ကတိပြုသည်ဟု နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောဆိုထားသည်။

နေရာဒေသအနှံ့တွင် ဆက်လက်အရေးနိမ့်နေချိန် စစ်ကောင်စီက လက်လွတ်ဆုံးရှုံးခဲ့သော မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်တော့ခြင်း မရှိပေ။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ နေ့စဉ်ထုတ်ပြန်ချက်များသည်လည်း ဒီဇင်ဘာ ၁၅ နောက်ပိုင်းမှစ၍ ရပ်တန့်သွားသည်။

လတ်တလောတွင် နေရာဒေသအချို့မှ ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းတုများ လုပ်ကြံထုတ်လွှင့်နေသည်ဟုသာ စစ်ကောင်စီက နေ့စဉ်ထုတ်ပြန်လျက်ရှိသည်။

(မှတ်ချက် – AA ထုတ်ပြန်ချက်တွင် ချင်းလက်ဝဟု ဖော်ပြသော်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဆလိုင်းအိုက်ဇက်ခင်ကမူ ရှင်းလက်ဝဖြစ်သည်ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။)

Show More

Related Articles

Back to top button