ရှေ့တန်းစစ်မြေပြင်တွင် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၅ ဦးကို ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖမ်းဆီးရမိထားပြီး ထိုအထဲတွင် အရာရှိငယ်တချို့ ပါဝင်သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ – ဒိုင်ရ် (CDF Daai) က ပြောသည်။
နေရာအသီးသီးမှ လက်နက်မပါဘဲ ထွက်ပြေးလာစဉ် ဇန်နဝါရီ ၃၀ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်၊ အရာရှိများမှာ ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး၊ ထောက်လှမ်းရေးအရာရှိ ၁ ဦးတို့ ဖြစ်သည်ဟု CDF Daai အထွေထွေအတွင်းရေးမှူး Ai Bax က ပြောသည်။
“သူတို့က ခြေဦးတည့်ရာ ပြေးနေကြတာ။ …သူတို့က လက်နက်ခဲယမ်းတွေမပါတာကြောင့် ကျွန်တော်တို့ဆီမှာ တိုက်ပွဲဖြစ်တာမျိုး မရှိဘူး။ ဒီအတိုင်းဖမ်းမိတာပေါ့” ဟု သူက ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ မင်းပြား၊ မြောက်ဦးတို့မှ ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု ပြောသည်။
“ချင်းပြည်နယ်ထဲမှာရော ရခိုင်ပြည်နယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်တယ်။ အဲ့ဒီဒေသတွေက ကျွန်တော်တို့ CDF Daai ထိန်းချုပ်နယ်မြေနဲ့ တစ်ဆက်တစပ်တည်းတွေ ဖြစ်တယ်။ တိုက်ပွဲတွေ ပြင်းထန်လာတော့ စစ်ပြေးတွေ တော်တော်များတယ်။ စခန်းစွန့်ခွာတဲ့သူတွေလည်း များတယ်” ဟု CDF Daai ၏ အထွေထွေအတွင်းရေးမှူးက ပြောသည်။
တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ၂၁၇၊ ၂၁၉၊ ၂၂၀၊ ၃၇၆၊ ၅၃၈၊ ၃၈၊ ၅၈၇၊ ၉၀၈ တို့မှ ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရထားသူမျးအနက် ၃ ဦးမှာ ပြင်းပြင်းထန်ထန် ထိခိုက်ထားသည်၊ ကုသမှု ပေးထားပြီး နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆက်ဆောင်ရွက်သွားမည်ဟု CDF Daai က ယနေ့ ထုတ်ပြန်သည်။

ရခိုင်နှင့် နယ်မြေထိစပ်နေသော လေးမြို့မြစ်ကြောင်းတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အများပြည်သူအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်အတွင်း ရေကြောင်းသွားလာမှုနှင့် ကုန်စည်ရောင်းဝယ်မှုများ မလုပ်ရန်လည်း တိုက်တွန်းထားသည်။
ပလက်ဝ တောင်ဘက်ရှိ ကျောက်တော်မြို့နယ်တွင် အရေးပါသည့် တပ်စခန်းများဖြစ်သည့် တင်းမရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာကုန်း၊ အမြောက်တပ်စခန်း (အမတ) ၃၇၇၊ ခမရ ၅၃၉၊ ၃၇၄ တို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီး ဖြစ်သည်။
အလားတူ မင်းပြားနှင့် မြောက်ဦးတွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး မြောက်ဦးရှိ ခမရ ၅၄၀ ကိုလည်း ဇန်နဝါ ရီ ၃၀ က သိမ်းပိုက်ရရှိထားသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် TNLA, MNDAA, AA ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရာနှင့်ချီသည့် စခန်းများ၊ နယ်စပ်တစ်လျှောက်မြို့များကို စစ်တပ် လက်လွှတ်ခဲ့ရပြီးနောက် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရှမ်းမြောက်တွင် ဇန်နဝါရီလဆန်းကစပြီး အပစ်ရပ်ခဲ့သည်။
AA က ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ် ပလက်ဝတွင် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေသည်။
နိုဝင်ဘာ ဒုတိယပတ်ကတည်းမှစတင်သော ချင်း-ရခိုင်နယ်မြေတစ်လျှောက် တိုက်ပွဲများအတွင်း AA က စစ်စခန်းအများအပြားနှင့် မြို့ ၂ မြို့ကို သိမ်းပိုက်ထားရာ ဆုတ်ခွာရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်သည် မြန်မာ-အိန္ဒိယ နယ်စပ် ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံခဲ့ရသည်။
CDF Daai အဖွဲ့ ဖမ်းထားသည့် အထက်ပါ ၁၅ ဦးသည် အိန္ဒိယဘက်သို့ ဦးတည်ထွက်ပြေးခြင်း ဟုတ်မဟုတ် မသိရသေးပေ။
ထို့ပြင် ဇန်နဝါရီ ဒုတိယပတ်ကလည်း ပလက်ဝမြို့နှင့် ဆမီးမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မတူပီမြို့နယ်တွင် ရောက်ရှိစဉ် တော်လှန်ရေးအဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။



