ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ၎င်းတို့၏ ဌာနချုပ်နှင့် မိုင်အနည်းငယ်သာ ဝေးသည့် ဝိုင်းမော်မြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၅) မွန်းလွဲပိုင်းက စစ်တပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ပြောသည်။
လိုင်ဇာမြို့အနောက်ဘက် ၈ မိုင်ခန့်အကွာ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်တွင် ရှိသည့် နားလုံရွာအနီး စစ်ကြောင်းထိုးလာသည့်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မနေ့က ညနေပိုင်းလောက်မှာ နမ်ဆန်ယန်နားမှာ နားလုံဘက်မှာ ပိုနီးတာပေါ့။ အင်တပ်ဘွမ်ဆိုတဲ့ စကစ စခန်းထဲက သူတို့က နယ်မြေကြည့်တာပေါ့၊ အဲဒီအချိန်မှာ ကျွန်တော်တို့ KIA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တာဖြစ်ပါတယ်” ဟု ပြန်ကြားရေးအရာရှိက ပြောသည်။
KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း(၂၄) က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီအနည်းငယ်ကြာတွင် စစ်ကောင်စီတပ် နောက်ပြန်ဆုတ်သွားခဲ့သည်ဟု ဆိုသည်။
နှစ်ဖက်ထိခိုက်၊ ကျဆုံးမှု မည်မျှရှိသည်ကို မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
စစ်ကောင်စီတပ်က လိုင်ဇာမြို့ဝင်ပေါက်ဖြစ်သည့် နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရေး ပြီးခဲ့သည်နှစ် ဇူလိုင်လမှစတင်ကာ ထိုးစစ်ဆင်ခဲ့သော်လည်း အကျအဆုံးများစွာဖြင့် တပ်ပြန်ဆုတ်ခဲ့ရသည်။
သို့သော် လိုင်ဇာအနီးရှိ အချို့တောင်ကုန်းများတွင် စစ်တပ်က ဆက်လက်တပ်စွဲထားခဲ့ပြီး အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် KIA တပ်များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“နားလုံဘက် ပိုနီးတာပေါ့၊ အဲဒီနားမှာ ခါယာတောင်တို့၊ ဘုန်ရယ်တောင်တို့၊ အင်တပ်တောင်တို့ အဲဒီတောင်သုံးတောင်ပေါ့နော်၊ အဲဒီဘက်မှာ သူတို့ရှိတယ်၊ အဲဒီကနေ သူတို့ နယ်မြေပတ်တာဖြစ်မယ်၊ အဲဒီမှာ ခဏခဏ ထိတွေ့တိုက်ပွဲဖြစ်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA နှင့် KPDF များ ပူးပေါင်းသိမ်းပိုက်ထားသည့် နန့်တိန်းစခန်းကို ပြန်လည် ထိုးစစ်ဆင်ရန်အတွက် ကာမိုင်းမြို့ရှိ စစ်ကောင်စီတပ်က စစ်ကူပို့လာသည်။
စစ်ကူများကို မအူပင်ရွာအနီး KIA ပူးပေါင်းတပ်များက ယနေ့ နေ့လယ် ၁ နာရီခန့်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါ နန့်တိန်းစခန်းမှာ ဖားကန့်မြို့၏ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ ဖားကန့်-ကာမိုင်းလမ်းပေါ်တွင် ရှိပြီး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် KIA ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
အဆိုပါ စခန်းနှင့် ဖားကန့်မြို့၏ နောက်ထပ်ဝင်ပေါက်တစ်ခုဖြစ်သည့် ဝှေခါရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားရာ စစ်တပ်က အဆိုပါ စခန်းများကို ပြန်လည် သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု KIA, KPDF များနှင့် နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အခုက မအူပင်မှာ ချနေကြတယ်၊ နန့်တိန်းကို ပြန်သိမ်းဖို့ စစ်ကြောင်းပြန်ထိုးလာတာပေါ့၊ အဲဒါကို လမ်းမှာတင် တိုက်ပွဲဖြစ်တာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ (၁၀၂) နှင့် ပြည်သူ့စစ်အဖွဲ့က မအူပင်ရွာကို တစ်ရွာလုံးမီးရှို့ဖျက်ဆီးလိုက်သည်ဟု ၎င်းက ဆက်ပြောသည်။
“အဲဒီနားက ကားတွေ တစ်ထောက်နားတဲ့ ရွာလေး အိမ်ခြေက ၁၀ လုံးကျော်ပဲ ရှိတာ၊ အကုန်ကုန်တယ်၊ မီးရှို့ပစ်တာ” ဟု သူက ပြောသည်။
နိုင်ငံအနှံ့ မြို့ရွာများ မီးရှို့မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့လက်ချက် မဟုတ်ကြောင်း ငြင်းလေ့ရှိသည်။
ထို့ပြင် အဆိုပါရွာမှ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး ဖမ်းဆီးခံရသည့်သတင်း ထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယမန်နေ့ကလည်း ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းက နန့်တိန်းစခန်းရှိရာနေရာသို့ လက်နက်ကြီးဖြင့် အချက် ၃၀ ခန့် ပစ်ခတ်ခဲ့သည်။
ယနေ့တွင် လက်နက်ကြီးပစ်ခတ်မှုမရှိသေးဘဲ ဖားကန့်မြို့ပေါ်တွင်လည်း ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေကြသည်ဟု သိရသည်။
စခန်းအချို့ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဖားကန့်မြို့ပေါ်ရှိ တပ်အချို့ကို အပြောင်းအရွှေ့လုပ်ခဲ့သည်။
ဖားကန့်မြို့အရှေ့ဘက် လုံးခင်းရွာအနီးရှိ နှစ်မျက်နှာဘုရားကုန်းပေါ်တွင် ယာယီတပ်စွဲထားသည့် အင်အား ၂၀ ခန့်ပါတပ် နေရာရွှေ့သွားသည်။
KIA က ကချင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အရှိန်လျော့ကျသွားပြီးနောက် KIA က ၎င်းထိန်းချုပ်လှုပ်ရှားနယ်မြေများတွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလာပြီး မံစီ၊ ဖားကန့်၊ ဝိုင်းမော်၊ မဘိမ်း၊ မိုးမိတ်၊ ကွတ်ခိုင် စသည့် မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ကွတ်ခိုင်၊ နမ့်ဖတ်ကာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သလို ဇန်နဝါရီ ၃ ရက်က လိုင်ဇာမြို့မြောက်ဘက်ရှိ နားဖာ့ဒေသသို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့သည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF အဖွဲ့များ၊ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်မှုများရှိနေပြီး ဇန်နဝါရီ ၂၁ ရက်က ရှမ်းမြောက်ရှိ မဘိမ်းမြို့ကို အဆိုပါ တပ်များနှင့် ပူးပေါင်းတိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့သည်။



