သတင်း

ဆားလင်းကြီးချည်မျှင်စက်ရုံအတွင်း မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ ချည်မျှင်နှင့်အထည် စက်ရုံဝင်းအတွင်း ပြီးခဲ့သည့်ရက်က မိုင်းနင်းမိပြီး ဒေသခံ အမျိုးသားတစ်ဦး သေဆုံး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဧပြီ ၉ ရက် နံနက် ၁ နာရီဝန်းကျင်က အမှတ် (၆) ချည်မျှင်နှင့်အထည်စက်ရုံဝင်းအတွင်း ကာကွယ်ရေးအဖွဲ့ ဝင်  ၂ ဦး မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး  အသက် ၂၀ အရွယ် အမျိုးသားမှာ ပွဲချင်းပြီးသေဆုံး၍ နောက်တစ်ဦးမှာ ခြေထောက်ပြတ် သွားသည်ဟု ဒေသခံများက ပြောသည်။

ယက္ကန်းစက် အလုံးရေ ၈၀၀ ကျော်ရှိ နိုင်ငံပိုင် အမှတ် (၆) ချည်မျှင်နှင့်အထည်စက်ရုံသည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးစက်ရုံဖြစ်ပြီး မြို့နှင့်တစ်မိုင်ခန့်သာ ကွာဝေးသည်။ 

ဝန်ထမ်းအင်အား ၁၅၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ကျော်မှာ  ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သောကြောင့် စက်ရုံ မှာ ဆက်လက်လည်ပတ်နိုင်ခြင်း မရှိပေ။  

အဆိုပါစက်ရုံနှင့်ပတ်သက်၍ မတ်လဆန်းက ဒေသခံများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား အငြင်းပွားမှု များရှိသဖြင့် မတ်လ တတိယပတ်မှစတင်၍ လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ စက်ရုံဝင်းအတွင်း လုံခြုံရေးယူ ကာ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။  

“ အန္တရာယ်ရှိသည်လို့ ဆိုင်းဘုတ်တွေကို စက်ရုံအဝင်ဝတွေမှာရော စက်ရုံပတ်လည် ဧရိယာတွေမှာရော ဆိုင်းဘုတ် တွေ ထောင်ထားတယ်။ ရွာတွေကိုလည်း ပြောထားတယ်။ အဲ့ဒီအတောအတွင်းမှာ ဟိုနေ့ညမှာ အဖွဲ့အစည်းထဲက လို့ကြားပါတယ်။ ဝင်ခိုးတဲ့ နှစ်ယောက်မိတာပေါ့။ အမျိုးသား ၂ ယောက်မှာ တစ်ယောက်က ဆုံးတယ်။ တစ်ယောက် က‌ ခြေထောက်ဖြတ်ရတယ်။ သင်တန်းဆင်းပြီးသားတွေ”ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူမှာ ဒေသကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံများနှင့် မြို့နယ် ပအဖ အဖွဲ့တို့မှ သိရသော်လည်း အဖွဲ့အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စက်ရုံအတွင်းတပ်စွဲခဲ့သော်လည်း ၂၀၂၃ နှစ်လယ်တွင် ဆုတ်ခွာ သွားရာ စက်ရုံပိုင်ပစ္စည်းများကို ဒေသခံတချို့နှင့် တော်လှန်ရေးအင်အားစုများက ဝင်ရောက်ယူငင်ခဲ့ကြ၍ နှစ်ဖက် အကြား ပဋိပက္ခများ စတင်ခဲ့သည်။

-အမှတ် (၆) ချည်မျှင်နှင့်အထည်စက်ရုံမှ ခိုးယူလာသည့်စက်ပစ္စည်းများ ဖမ်းမိထားသည်ဟု မတ် ၁၀ က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

မတ်လဆန်းက  စက်ရုံအတွင်းပစ္စည်းဝင်ယူသည့် ဒေသခံ ၄၀ ကျော်ကို ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးရာမှ ဒေသခံများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကာ မတ် ၈ ရက်တွင် ဒေသခံများက ကာကွယ်ရေး အဖွဲ့ကို ဆန္ဒပြခဲ့ကြသည်။ 

စစ်ပွဲကာလကြာမြင့်လာသလို ဒေသခံများ စားဝတ်နေရေး ကျပ်တည်းခြင်း၊ ဒေသကာကွယ်ရေးအဖွဲ့တချို့က ဝင် ရောက်ယူငင်မှုအပေါ် ပလဖက မဟန့်တားနိုင်ခြင်းတို့ကြောင့် ယက်ကန်းစင်များကို ဖြုတ်ယူကာ ရောင်းချရန် ယူ ဆောင်ကြခြင်း ဖြစ်သည်။ 

ထို့နောက် စက်ရုံကို နယ်မြေကန့်သတ်ကာ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၄ ရင်းကို တာဝန်ပေးခဲ့ သည်ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဆိုသည်။ 

ထို့နောက် အဆိုပါစက်ရုံနေရာကို စစ်တပ်က စစ်ကြောင်းထိုးမှု များရှိလာသဖြင့် စက်ရုံဝင်းတွင် မိုင်းထောင်ထားခြင်း ဖြစ်သည်ဟု ယင်းမာပင်ခရိုင် အမှတ် (၂၈) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က ပြောသည်။ 

“စက်ရုံနဲ့ဆားလင်းကြီးက တစ်မိုင်တောင်မဝေးဘူး။ ရှိတဲ့ လူအင်အား၊ ဂန်း(သေနတ်) အင်အားနဲ့ ဘယ်လိုမှမမျှဘူး လေ။ မမျှတော့ မိုင်းခင်းထားတယ်။ ၂၃ ရက်နေ့မှာ (စစ်ကြောင်းထိုးလာတော့) မိုင်းဆွဲခဲ့တယ်။ စက်ရုံအရှေ့ အပေါက်ဝအဝင် တစောင်းလေးမှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာ” 

လုံခြုံရေးအရ စက်ရုံဝင်းကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသည့်အကြောင်း အနီးအနား ကျေးရွာများကို အသိပေးထားသည်ဟု အထက်ပါ ဆားလင်းကြီး ပအဖအဖွဲ့ဝင်နှင့် ယင်းမာပင်ခရိုင် အမှတ် (၂၈) တပ်ရင်းမှ တပ်ရင်း မှူးတို့က ဆိုသည်။ 

ဆားလင်းကြီးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက “ ကျွန်တော်တို့ကတော့ သူတို့ (မိုင်း) ထောင်ထားတာ သိတယ်။ ..ထောင်မယ်ဆိုတဲ့သတင်းကလည်း ထွက်တယ်လေ။ မသိတဲ့ရွာကြတော့ မသိဘူး။ အယုံအကြည်မရှိတာ လည်း နေမှာပေါ့။…ကျွန်တော်တို့ဘက်ကတော့ ပဋိပက္ခဖြစ်ပြီးကတည်းက မသွားကြတော့ဘူး”ဟု ဆိုသည်။

ချင်းတွင်းမြစ် တစ်ဘက်ကမ်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၂၀ ကျော် ကွာဝေး သည့် ဆားလင်းကြီးမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းသည့်နယ်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးမှု အားကောင်းရာဒေသလည်းဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ မီးရှို့မှုများနှင့်ပတ်သက်ပြီး ကောက်ယူနေသည့် Data for Myanmar က ထုတ်ပြန်သည့် အချက်အလက်များအရ စစ်တပ်နှင့်လက်အောက်ခံအဖွဲ့များ၏ မီးရှို့မှုကြောင့် ဆားလင်းကြီးမြို့နယ်မှ အိမ်ခြေ ၁၃၀၀ ခန့် ပျက်စီးခဲ့သည်။

Show More

Related Articles

Back to top button