သတင်း

မြိုင်တိုက်ပွဲအတွင်း အဖမ်းခံရသည့် စစ်သားနှင့်ရဲ ၉ ဦးထဲမှ၂ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်ကြား ကျေးရွာများကို စီးနင်းနေသည့် စစ်ကောင်စီ လက်နက်ကိုင်တို့ကို ကြားဖြတ် တိုက်ခိုက်ခဲ့သည်၊ အရှင်ဖမ်းမိသူ  ၉ ဦး ထဲမှ ၂ ဦးမှာ ဒဏ်ရာများကြောင့် သေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။   

ဧပြီ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲများ   ပြင်းထန်နေရာ  အင်အားတစ်ရာခန့်ပါ စစ်ကောင်စီ စစ်ကြောင်းမှ အဖွဲ့ကွဲလာသည့် စစ်သား ၁ ဦးနှင့်ရဲ ၂ ဦးကို ဧပြီ ၂၁ ရက်တွင်ဖမ်းမိခဲ့သည်၊  နောက်တစ်နေ့တွင် ရဲ ၆ ဦးတို့ကို ဖမ်း ဆီးနိုင်ခဲ့သည်ဟု သိရသည်။ 

ဒုရဲမှူးလှထူး၊ ရဲတပ်ကြပ်နိုင်ဝင်းထွန်း၊ မိုင်းရှင်းလင်းရေးတပ်မှ တပ်ကြပ်မြင့်ဆန်းအောင်တို့ကို ဒဏ်ရာများဖြင့် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး နောက်တစ်နေ့ ဖမ်းမိသူများမှာ ဖလံကြိုင်ရေနံမြေရဲစခန်းမှ ရဲအုပ် အောင်အောင်ခိုင်၊ ရဲတပ်သား ခင်မောင်ထွေး၊ ရဲတပ်ကြပ်ကျော်မင်းနိုင်၊ ရဲတပ်သား လျှမ်းပြည့်ချမ်းသာ၊ ရဲတပ်သား ညွန့်ဝင်း၊ ရဲဒုတပ်ကြပ် အေးမင်းတို့ ဖြစ်သည်။

ဆေးကုသမှုပေးထားစဉ် ဒဏ်ရာပြင်းထန်သည့် ရဲနှစ်ဦးမှာ ယမန်နေ့က သေဆုံးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ကိုလက်ယာက ယနေ့ (ဧပြီ ၂၄) တွင် ပြောသည်။

“တစ်ယောက်ကတော့ ပေါင်နှစ်ဖက်စလုံး ထုတ်ချင်းပေါက်ထားတာ၊ ဆေးရုံတင်ထားတုန်း မေးခိုင်ပိုး ဝင်ပြီး ဆုံးတာ၊ အသက်၆၀ နီးပါးတစ်ယောက်ကတော့ လေးရက်လောက် ဘာမှမစားရတော့ အဟာရတွေပြတ် ဆုံးတာ ဖြစ်နိုင်တယ်၊ ဂလူးကို့စ်တွေ ချိတ်တာကို မမီတော့ဘူး” ဟု သူက ဆိုသည်။ 

မြို့အနီးရှိ စစ်ကောင်စီအထိုင်တပ်မှ လာသော ထိုစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက နေ့စဉ်တိုက်ခိုက်ခဲ့ပြီး ရက်သတ္တပတ် တစ်ပတ်အတွင်း ဒရုန်းများဖြင့် ဗုံးသီး ၃၀၀ ခန့်အထိ ကြဲချ တိုက် ခိုက်ခဲ့သည်ဟု  မြိုင်မြို့နယ် ပကဖတာဝန်ခံက ကိုလက်ယာက ပြောသည်။

ဧပြီ ၂၁ နံနက် ၄နာရီခန့်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်း၏ နောက်ချန်တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဖရိုဖရဲဖြစ်ကာ စစ်သားများပြန်ဆုတ်သွားသည်၊  နယ်မြေရှင်းလင်းရေးလုပ်စဉ် ၎င်းတို့ကို လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု  ၎င်းက ဆိုသည်။

ဆေးပင်ကြီးကျေးရွာအနီး ဖမ်းဆီးရမိသော ရဲများထံမှ သိမ်းဆည်းရမိသည့် လက်နက်များ။ (ဓာတ်ပုံ- ပေးပို့)

နောက်တစ်ရက် ဧပြီ ၂၂ တွင် နယ်မြေရှင်းလင်းရေးထပ်မံပြုလုပ်ရာ ဆေးပင်ကြီးကျေးရွာအနီးတွင် ရဲ ၆ ဦးကို  ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အပြန်အလှန်ပစ်ခတ်ကြသေးတယ်။ သူတို့တွေက ဒဏ်ရာတွေလည်းရထားတယ်၊ သာမန်လောက်ပဲ ပစ်နိုင်တော့တာ၊ လက်နက်ချမလားအော်တော့ လက်နက်ချကြတယ်၊  ကျွန်တော်တို့ဆေးကု ပေးနေတယ်” ဟု ကိုလက်ယာက ဆိုသည်။

“ထမင်းမစားရတာ လေးငါးရက်ရှိပြီ ပြောတယ်၊ ကျွန်တော်တို့နဲ့ တွေ့တော့ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ကြဘူး၊ ဒဏ်ရာတွေနဲ့ တုန်ချိနေပြီ”ဟု ပကဖ တပ်ခွဲမှူးတစ်ဦးက ဆိုသည်။ 

 အဆိုပါရဲ များထံမှ မောင်းပြန်ရိုင်ဖယ် ၇ လက်နှင့် M79 ဗုံးပစ်လောင်ချာတစ်လက်နှင့် ဆက်စပ် ကျည်မျိုးစုံ သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။

ရဲများ၏ထွက်ဆိုချက်အရ ကာကွယ်ရေးအင်အားစု၏ တိုက်ခိုက်မှုကြောင့် ရဲ ၆ ဦးနှင့် စစ်သား ၂ ဦး သေဆုံးသည်၊   အများအပြား ဒဏ်ရာရထားသည်ဟု သိရကြောင်း အထက်ပါသတင်းရင်းမြစ်များက ပြောကြသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီ ၂၂ ရက်ညနေပိုင်းက မြိုင်မြို့အနီးရှိ စစ်တပ်အခြေစိုက်ရာ စက်မှု ၂ ဝင်း အတွင်းသို့  ပြန်လည်ဝင်ရောက်သွားသော်လည်း အုပ်စုကွဲကျန်နေခဲ့သည့် စစ်ကောင်စီလက် နက်ကိုင်များ ကျန်နေနိုင်သဖြင့် နယ်မြေရှင်းလင်းရေးပြုလုပ်နေဆဲ ဖြစ်ကြောင်းသိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ်မှု၊ ရွာမီးရှို့မှုများကို ကာလအတန်ကြာ ရင်ဆိုင်နေရသည့် ဒေသ ဖြစ်သည်။

Show More

Related Articles

Back to top button