တရုတ်အစိုးရက မြန်မာနိုင်ငံကို ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေး၊ ရေအရင်းအမြစ်ကာကွယ်အသုံးချမှု လုပ်ငန်းများတွင် အသုံးတည့်မည့် ကင်းလှည့်ရေယာဉ် ၆ စင်း ပေးအပ်လိုက်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့ (ဇွန် ၁၁) ရက်တွင် သတင်းထုတ်ပြန်သည်။
ထိုအကူအညီအတွက် ၂၀၁၈ ခုနှစ်တွင် မြန်မာအစိုးရက အဆိုပြုခဲ့သည်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာပြည်သို့ လာစဉ် သဘောတူခဲ့ခြင်းဖြစ်သည်ဟု သံရုံးထုတ်ပြန်ချက်က ဆိုသည်။
ရှီကျင့်ဖျင်သည် တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ၂ ရက်ကြာ လာရောက်လည်ပတ်စဉ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားတွေ့ဆုံခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ် တွေ့ဆုံခဲ့ပြီးနောက် နားလည်မှုစာချွန်လွှာ ၃၃ ခု လက်မှတ်ရေးထိုးခဲ့ရာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်းတို့နှင့် ပတ်သက်သည့် သဘောတူညီချက်များလည်း ပါဝင်သည်။
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အာဏာသိမ်းသည့် ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး စစ်ဗိုလ်ချုပ်များက ဖမ်းဆီးထားသည်။
အာဏာသိမ်း စစ်တပ်က အသက် ၇၈ နှစ်အရွယ်ရှိနေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည့်ကို ထောင် ၂၇ နှစ်၊ သမ္မတ ဦးဝင်းမြင့်ကို ထောင် ၈ နှစ် ချထားပြီး ၎င်းတို့ကို ပြန်လွှတ်ပေးရန် တရုတ်အစိုးရအပါအဝင် နိုင်ငံတကာကလည်း တောင်းဆိုထားသည်။
၂၀၁၉ ဧပြီလက တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး သမ္မတရှီကျင့်ဖျင်နှင့် သီးသန့်တွေ့ဆုံခဲ့သေးသည်။
စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာထားသော်လည်း ဇွန်လ ၅ ရက်တွင် NLD နာယက သူရဦးတင်ဦး၏ ဈာပနသို့ တရုတ်သံရုံးမှ သံမှူး Mrs. Qiao Li တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ သံရုံး၏ ထုတ်ပြန်ချက်တွင် ဦးတင်ဦးကို NLD နာယကဟု သုံးနှုန်းထားသည်။
တရုတ်အစိုးရ၏ အကူအညီနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင်မူ တရုတ်က မြန်မာရဲတပ်ဖွဲ့ကို ပေးအပ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ကင်းလှည့်ရေယာဉ်များမှာ ၂၈ မီတာ ၂ စင်း၊ ၄၈ မီတာ ၄ စင်း ဖြစ်သည်၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အားကောင်းစေမည်ဟု စစ်ကောင်စီထုတ်ပြန်ချက်က ဆိုသည်။
တရုတ်အစိုးရသည် အာဏာသိမ်းစစ်ကောင်စီနှင့် နီးစပ်သည့် ဆက်ဆံရေးရှိနေသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်တပ်တို့ တိုက်ပွဲများ ရပ်ဆိုင်းရန် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ခဲ့သည်။ ထိုသို့ စေ့စပ်နိုင်သဖြင့် တရုတ် လိုအပ်သည့် နယ်စပ်ဒေသ အပစ်ရပ်ရေး ပေါ်ပေါက်လာသလို ထိုးစစ်ဆင်ခံနေရသည့် စစ်တပ်လည်း များစွာ အသက်ရှူချောင်သွားသည်။
စစ်ကောင်စီကလည်း တရုတ်နိုင်ငံက ဦးဆောင်ဆောက်လုပ်မည့် မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဧရာဝတီမြစ်ဆုံ- မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဧပြီ ၂၄ တွင် ဖွဲ့စည်းခဲ့သည်။
မြစ်ဆုံဆည်ပြန်စရန် စစ်ကောင်စီက လေသံပစ်လာခြင်းသည် တရုတ်အစိုးရကို မျက်နှာချိုသွေးသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ရှုမြင်ကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အမေရိကန်၊ ဗြိတိန်နှင့် ဥရောပနိုင်ငံများက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထားသည်။
ဇွန်လ ၇ ရက်တွင် ဗြိတိန်နိုင်ငံက စစ်ခေါင်းဆောင်အပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦး၊ စစ်တပ်၏ တပ်ရင်းများ၊ စစ်တပ်နှင့် နီးစပ်သည့် ကုမ္ပဏီနှင့် အဖွဲ့အစည်း ၃၁ ခု၏ ပိုင်ဆိုင်မှုနှင့် ငွေကြေးများကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ထပ်တိုးလုပ်ဆောင်ထားသည်။
တိုင်းပြည်စီးပွားရေးကျဆင်းခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု နည်းပါးလာခြင်းတို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နိုင်ငံတကာအကူအညီကို စစ်ကောင်စီ အကြီးအကျယ်မှီခိုနေရသည်။
NLD အစိုးရလက်ထက် ၂၀၁၇ တွင် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ချေးငွေဖြင့် စတင်တည်ဆောက်သည့် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်ကို ဆက်သွယ်ထားသော သန်လျင်တံတား အမှတ် (၃) စီမံကိန်းအတွက် ဂျပန်နိုင်ငံက ချေးငွေရပ်ဆိုင်းပစ်လိုက်ခြင်းကြောင့် အကြိမ်ကြိမ် ညှိနှိုင်းခဲ့ရသည်ဟု စစ်ကောင်စီက ယင်းထိန်းချုပ်ထားသည့် သတင်းစာများတွင် ဖော်ပြဝန်ခံထားသည်။
သန်လျင်တံတား အမှတ် (၃) တံတားကို ဇွန်လ ၈ ရက်တွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်။ ထိုတံတားကို JICA ချေးငွေဖြင့် တည်ဆောက်သည်ဆိုသော်လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ထိုတံတားဖွင့်ပွဲသို့ မသွားခဲ့ပေ။



