မန္တလေးတိုင်းအတွင်း ထိုးစစ်ဆင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့မှ စစ်တပ်စခန်းတချို့ကို ယမန်နေ့ (ဇူလိုင် ၄) တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
သိမ်းယူခဲ့သော စခန်းများမှာ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာရဲစခန်းနှင့် စစ်တပ်စခန်းများ၊ စဉ့်ကူးမြို့နယ်မှ လက်ပန်လှကျေးရွာ၊ ရွှေပြည်ကျေးရွာတို့မှ ရဲစခန်းများနှင့်စစ်စခန်းများ ဖြစ်သည်ဟု ထိုမြို့နယ်နှစ်ခုတွင် နေထိုင်သော ဒေသခံများက ပြောသည်။
ဇွန် ၂၅ ရက်နေ့တွင် တစ်ကျော့ပြန်ထိုးစစ်ဆင်လာသော “၁၀၂၇” စစ်ဆင်ရေး အပိုင်း (၂) ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)နှင့် ဒေသအခြေ စိုက် PDF တပ်ဖွဲ့များက မန္တလေးတိုင်းအတွင်း ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ယမန်နေ့ နံနက်အစောတွင် မတ္တရာမြို့မြောက်ဘက် ၆ မိုင်အကွာ ရေနံ့သာကျေးရွာရှိ စစ်စခန်းများကို MDY-PDF ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး ညနေတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မတ္တရာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရေနံ့သာက ညနေပိုင်းကျတော့ ရသွားတယ်။ စခန်းတွေလည်း ရသွားရော တိုက်ပွဲလည်း ငြိမ်သွားတာပဲ” ဟု ထိုသူက ဆိုသည်။
“ရွာထဲမှာက ရဲစခန်းလည်းရှိတယ်၊ အာဏာသိမ်းပြီးတော့မှ ရောက်လာတဲ့ စစ်စခန်းလည်းရှိတယ်။ တခြားနေရာတွေမှာ တိုက်ပွဲဖြစ်ရင် အဲ့ဒီစစ်စခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ပေးတဲ့ စခန်းပါ”
ရေနံ့သာကျေးရွာရှိ စစ်စခန်းများကျသွားပြီးနောက် မတ္တရာမြို့အနှံ့နေရာယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့နံနက်တွင် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ မြို့ပေါ် အခြေအနေ ငြိမ်သက်နေကြောင်း သိရသည်။
လူဦးရေ ၁၅၀၀၀ ခန့်နေထိုင်သည့် ရေနံသာကျေးရွာတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ကျေးရွာ အတွင်း စစ်စခန်းများ တည်ဆောက်နေရာယူခဲ့ပြီး၊ ကားလမ်းမ ပေါ်တွင်လည်း စစ်ဆေးရေးဂိတ်များ ဖွင့်ထားသည်။
စဉ့်ကူးမြို့နယ် ကျေးရွာစစ်စခန်းများပါ သိမ်းပိုက်
မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများသည် မြောက်ဘက် ကပ်လျက် စဉ့်ကူးမြို့နယ်အတွင်းပါ ကူးစက်လာသည်။
စဉ့်ကူးမြို့နယ် လက်ပန်လှနှင့် ရွှေပြည်ကျေးရွာတို့ရှိ ရဲစခန်းနှင့် စစ်တပ်စခန်းများကို PDF က ယမန်နေ့ တွင် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးမှုများရှိသည်ဟု လက်ပန်လှရွာသားတစ်ဦးက ပြောသည်။
“လက်ပန်လှလည်း ရပြီ….ရွှေပြည်လည်းရပြီ။ လက်ပန်လှဆို ဘာမှတော့ သိပ်မတိုက်လိုက်ရဘူး၊ ထွက်ပြေးတာ။ လက်နက်ချတာနဲ့ သိမ်းလိုက်နိုင်တယ်။ မနေ့ကတော့ ရွှေပြည်ကို လေယာဉ်တွေ ဗုံးလာကြဲသေးတယ်”ဟု ထိုသူက ဆိုသည်။
စဉ့်ကူးမြို့နယ် မန္တလေး-သပိတ်ကျင်းကားလမ်းဘေး ကျေးရွာများဖြစ်သည့် နွယ်ရုံ၊ ပင်လယ်ကြီး၊ လက်ပန်လှ တို့တွင်ရှိသော စစ်စခန်းများကို ဇွန် ၂၇ ရက်နေ့ကတည်းက MDY-PDF, စဉ့်ကူး PDF များက ထိုးစစ်ဆင် တိုက်ခိုက် နေကြခြင်း ဖြစ်သည်။
ဇူလိုင် ၃ ရက်နေ့ ညနေတွင် စဉ့်ကူးမြို့နယ်ရှိ ကျေးရွာရဲစခန်းတစ်ခု၊ စစ်တပ်စခန်း ၅ ခုကို PDF များက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သည်။

လက်ရှိတွင် PDF များက မိုးကုတ်-မန္တလေးကားလမ်းမတလျှောက်တွင် ရွှေပြည်ကျေးရွာမှ နွယ်ရုံ ကျေးရွာအထိ နေရာယူထားသည်ဟု သိရသည်။
ပင်လယ်ကြီးကျေးရွာနေရာအများစု ထိန်းချုပ်နိုင်ပြီး ဖြစ်သော်လည်း ဂိတ်စခန်းတွင်မူ ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်တချို့၊ စစ်သားတချို့ ရှိနေသည့်အတွက် PDF များက ပိတ်ဆို့ထားကြောင်း အထက်ပါရွာသားက ပြောသည်။
“ပျူနည်းနည်းနဲ့၊ စစ်သားတွေပဲ ၁၀ ယောက်ဝန်းကျင်လောက်ရှိဦးမယ်။ လက်နက်မချဘဲ ဘန်ကာ ထဲမှာ နေနေတာ။ ပင်လယ်ကြီးက သိမ်းနိုင်ပြီဆိုပေမဲ့ အဲ့ဒါလေးကျန်နေတယ်။ ဒီဘက်အဖွဲ့တွေက ဝင်တိုက်မနေဘူး၊ ပိတ်ထားလိုက်ပြီးတော့ ဒရုန်းနဲ့ သွားသွားချနေတာပဲ ရှိတယ်”
PDF ထိုးစစ်သည် စဉ့်ကူးမြို့နှင့်ဝန်းကျင်မှ စစ်စခန်းများကို ဆက်လက်တိုက်ခိုက်မည်ဟု ယူဆရပြီး မြို့ကို ပိတ် ဆို့ထားကြောင်း၊ စဉ့်ကူးမြို့အခြေစိုက်စစ်စခန်းများမှ အရာရှိကြီးတချို့ ဧရာဝတီမြစ် ကူးကာ တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ဘက်သို့ ထွက်ပြေးသွားသည်ဟု ကြားရကြောင်း ထိုသူက ဆက်ပြောသည်။
မန္တလေးတိုင်း မြို့ကြီးများ စစ်မီးကူးလာ
မန္တလေးမြို့မြောက်ဘက် ကပ်လျက် နှစ်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာရာ ကျေးရွာ စစ်စခန်းများကို သိမ်းနိုင်ပြီးနောက် ထိုးစစ်သည် မြို့ပေါ်ရောက်လာမည်ကို စိုးရိမ်ပူပန်လာကြသဖြင့် မြို့ပေါ်နေသူအများအပြား စတင် တိမ်းရှောင်နေကြပြီဟု သိရသည်။
စစ်ကောင်စီဘက်ကလည်း မြို့နှစ်မြို့လုံးတွင် နေရာအနှံ့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောကြသည်။
မြို့တောင်ဘက် မတ္တရာတွင်လည်း တိုက်ပွဲများပြင်းထန်နေသဖြင့် စဉ့်ကူးမြို့ခံများမှာ မန္တလေးမြို့ ဘက်သို့ တိမ်းရှောင်မရဘဲ ဧရာဝတီမြစ်ကိုကူးကာ မြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်းအတွင်း တိမ်းရှောင်ကြရကြောင်း သိရသည်။
မတ္တရာမြို့ခံများမှာလည်း ယခုလအစမှာပင် မြို့ကို စွန့်ခွာနေကြပြီး ယမန်နေ့ ဇူလိုင် ၄ ရက်နေ့တွင် အများအပြား မန္တလေးမြို့ဘက်သို့ တိမ်းရှောင်သွားကြသည့်အတွက် ယနေ့တွင် မြို့ပေါ် လူသူ မရှိသလောက်ဖြစ်နေကြောင်း သိရ သည်။
ယခင်နေ့များက မန္တလေးမြို့သို့ အလွယ်တကူဝင်ရောက်နိုင်ကြသော်လည်း ယမန်နေ့ ဇူလိုင် ၄ ရက် နေ့လယ်မှ စတင်၍ မန္တလေးမြို့အဝင်ရှိ ရွှေကျင်ဂိတ်စခန်းက မတ္တရာစစ်ရှောင်များကို ဝင်ခွင့် မပြုတော့ကြောင်း စစ်ရှောင်လာသူများက ပြောသည်။
“မှတ်ပုံတင်တွေစစ်၊ ကားတွေစစ်ပြီးတော့ မတ္တရာသားဆိုရင် မန္တလေး..မဝင်နဲ့၊ နောက်ပြန်လှည့် ဆိုပြီးတော့ ခိုင်းတယ်။ အဲ့ဒီလမ်းကနေ ဘယ်လိုမှ ဝင်ခွင့်မပေးခဲ့ဘူး။ ကျွန်တော်တို့ တခြားလမ်း ရှာပြီးတော့ ဝင်ခဲ့ရတယ်”ဟု မတ္တရာနယ်မှ အမျိုးသားတစ်ဦးက ဆိုသည်။
မတ္တရာနှင့် စဉ့်ကူးမြို့နယ်အတွင်း ထိုးစစ်များတွင် ဦးဆောင်နေသည့် MDY-PDF က စစ်ရေးအခြေအနေ များကို ယနေ့ မွန်းလွဲအထိ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို၊ ဆက်သွယ်မေးမြန်းသည်ကိုလည်း ဖြေကြားခြင်း မပြုသေးပေ။
မဟာမိတ် တအာင်းတပ်နှင့်အတူ MDY-PDF သည် မန္တလေးတိုင်း မိုးကုတ်မြို့တိုက်ပွဲများတွင် ပါဝင်နေ ပြီး မတ္တရာမြို့နယ်၊ စဉ့်ကူးနယ်တွင်လည်း စစ်ရေးဖော်ဆောင်နေခြင်းဖြစ်သည်။
ထိုးစစ်များ စတင်သည့်နေ့မှ စပြီး၊ ယနေ့အထိ မတ္တရာမြို့နယ်မှ စစ်စခန်း ၈ ခု၊ စဉ့်ကူးမြို့နယ်မှ ရွာ ရဲစခန်း တစ်ခု ၊ စစ်စခန်း ၅ ခုတို့ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။
ယနေ့ သိမ်းပိုက်လိုက်သည်မှာ ကျေးရွာရဲစခန်း ၃ ခုနှင့် စစ်စခန်းများဖြစ်ပြီး စစ်စခန်းအရေအတွက် အတိအကျ မသိရသေးပေ။



