စစ်ကောင်စီနှင့် ပုဂ္ဂလိကဘဏ်များ နေပြည်တော်တွင် ယနေ့ (ဇူလိုင် ၁၀) တွင် တွေ့ဆုံခဲ့ကြပြီးနောက် အတိုး အရင်း ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသော ချေးငွေများ မြင့်တက်နေမှု၊ တော်လှန်ရေးအင်အားစု ထိန်းချုပ်ခွင့်ရသွားသော မြို့အသီးသီးရှိ ဘဏ်ခွဲများကိစ္စ၊ ဘဏ်လုပ်ငန်းတွင် ငွေသားလက်ကျန်နည်းပါးလာမှုတို့ကို အဓိကဆွေးနွေးခဲ့သည်ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်များ ထံမှ သိရသည်။
ထိုဆွေးနွေးပွဲတွင် ပုဂ္ဂလိဘဏ်များဘက်က စစ်ကောင်စီ၏ ဗဟိုဘဏ်က ဘဏ်အပ်ငွေ ထုတ်ယူခွင့် ကန့်သတ်ထိန်းချုပ်ခြင်း အပါအဝင် ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်များအပေါ် ဝင်ရောက်စွက်ဖက်နေ ခြင်းများကို ဖြေလျှော့ပေးရန် တောင်းဆိုခဲ့သည်ဟုလည်း ဘဏ်လုပ်ငန်းများနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက Myanmar Now ကို ပြောသည်။
“ဗဟိုဘဏ်ဘက်က လက်ရှိအကျပ်အတည်းကာလမှာ ငွေသားသုံးစွဲမှုကို လျှော့ချပြီး အွန်လိုင်း Banking စနစ်၊ ဒစ်ဂျစ်တယ်ဘက်ကို သွားချင်တာပေါ့။ အဲဒီလိုကန့်သတ်ချက်တွေက တဖက်က ဘဏ်တွေအပေါ် ကိုကျတော့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပိုပြီးတော့ ကျဆင်းစေတယ်ဆိုပြီး ဘဏ်တွေက ပြန်ပြော တယ်” ဟု သူက ပြောသည်။
စစ်ကောင်စီ နှင့် ဗဟိုဘဏ်တို့က ဘဏ်လုပ်ငန်းများကို ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ် ကူးပြောင်းရန် ဖိအားပေးလျက်ရှိသည်။
သို့သော်လည်း ထိုစနစ်အတွက် လိုအပ်သော ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများသည် မြန်မာ့ ဘဏ်လုပ်ငန်းကဏ္ဍတွင် အားနည်းနေသလို အင်တာနက်သုံးစွဲမှုကိုပင် စစ်ကောင်စီက ကန့်သတ် ထိန်းချုပ်ထားသေးသည်ဟု စီးပွားရေးပညာရှင်များက ပြန်လည်ထောက်ပြနေသည်။
လတ်တလောတွင် ပြည်တွင်းဘဏ်များသည် နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးကျဆင်းမှုကြောင့် ဘဏ်အပ်ငွေ လျော့ကျခြင်း နှင့် အတိုး၊ အရင်း ပြန်လည်မပေးဆပ်သော ချေးငွေ ပမာဏ မြင့်တက်နေမှုကို ကြုံတွေ့နေရသည်။
ထိုအကျပ်အတည်းများအတွက် ဘဏ်လုပ်ငန်းအချင်းချင်း ကူညီ ထောက်ပံ့ပေးနိုင်မည့် Pool Banking System ကို ပြန်လည်အကောင်အထည်ဖော်ရန် ဗဟိုဘဏ်ဘက်က ပြောဆိုခဲ့သည်ဟု စီးပွားရေးပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
ယင်းစနစ်သည် ပြည်တွင်းပုဂ္ဂလိဘဏ်တစ်ခုခုတွင် ဘဏ်အပ်ငွေများ ထုတ်ယူမှု မြင့်တက်နေချိန်တွင် တခြားသော ဘဏ်များက ထိုငွေပမာဏ ပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်သည်ဟု သူက ရှင်းပြသည်။
ထိုစနစ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်တွင် ကျင့်သုံးခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆက်လက်အကောင်အထည်ဖော်မှု အားနည်းခဲ့သည်ဟု သူ ပြောသည်။
“ဘဏ်တစ်ခုတည်းရပ်တည်နေတာမျိုးမဟုတ်ဘဲနဲ့ ဘဏ်တွေ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ဆိုတာမျိုးကို သူတို့ ဆွေးနွေးခဲ့ကြတယ်လို့ ကြားသိရတယ်။ ဒါက လက်တွေ့အခြေအနေနဲ့ အတော်လေးဖြစ်နိုင်တယ် ” ဟု သူက ဆိုသည်။
ယနေ့ နေပြည်တော်ဆွေးနွေးပွဲကို KBZ ဘဏ်၏ နာယက ဦးအောင်ကိုဝင်း၊ AYA ဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်အပါအဝင် ပြည်တွင်းဘဏ်များ၏ နာယကနှင့် ဥက္ကဌများအဖြစ် တာဝန်ယူ ထားသော စီးပွားရေးလုပ်ငန်းရှင်တချို့ တက်ရောက်ခဲ့သည်ကို ယနေ့ (ဇူလိုင် ၁၀) ညပိုင်း စစ်ကောင်စီ၏ ရုပ်သံသတင်း ထုတ်လွှင့်မှုတွင် တွေ့ရသည်။
စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထဲရေးဝန်ကြီး၊၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဗဟိုဘဏ်မှ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများလည်း တက်ရောက်သည်ကို တွေ့ရသည်။
ဘဏ်များသည် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်နေပြီး စည်းစနစ်နှင့် ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ စျေးကစားခြင်း များ တွေ့ရသည်ဟု စစ်ကောင်စီအတွင်းရေးမှူးက ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဗဟိုဘဏ်နှင့် ဘဏ်များကို သီးခြားလွတ်လပ်စွာဆောင်ရွက်ခွင့်ပေးထားသော်လည်း ဘဏ်က သတ်မှတ်စည်းကမ်းဖောက်ဖျက်မှုသည် နိုင်ငံ့စီးပွားရေးမူဝါဒအပေါ် ထိပါးလာ၍ ကြပ်မတ်ဆောင်ရွက်နေရသည်ဟု ဆိုသည်။
လတ်တလောဖြစ်ပေါ်နေသော ဘဏ်လုပ်ငန်းအကျပ်အတည်းများကို ဖြေရှင်းရန် မဖြစ်မနေကိစ္စရပ်များအတွက်သာ ငွေသား ထုတ်ယူကြရန်၊ ဘဏ်တစ်ခုအတွင်းရှိ ငွေစာရင်းများ အချင်းချင်းအကြား ငွေစာရင်းလွှဲပြောင်းခြင်း(Account Transfer)ကို ပိုမိုအသုံးပြုရန် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ရန်ကုန်အခြေစိုက် သတင်းဌာနတချို့ကို ဇူလိုင်လ ၉ ရက်နေ့တွင် ဖြေကြားထားသည်။
ဇူလိုင် ၁ ရက်နေ့တွင် ဗဟိုဘဏ်က ချမှတ်ထားသော အိမ်ရာချေးငွေကန့်သတ်ချက်ထက် ပိုထုတ်ချေးထား သည်ဟုဆိုကာ ပုဂ္ဂလိကဘဏ် ၇ ခု ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၄ ဖြင့် အရေးယူမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် ဘဏ်တာဝန်ရှိသူများကိုလည်း အရေးယူသွားမည်ဟုလည်း ဆိုသည်။
စစ်ကောင်စီ အရေးယူမည်ဟု ကြေညာထားသော ဘဏ် ၇ ခုမှာ ရိုးမဘဏ် ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID)၊ မြန်မာနိုင်ငံသားများဘဏ်(MCB)၊ UAB ဘဏ် ဧရာဝတီ(AYA)ဘဏ်၊ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာမက် ထရိုဘဏ် တို့ဖြစ်သည်။
ထိုဘဏ်များထဲမှ ရိုးမဘဏ် ၏ အမှုဆောင်ဥက္ကဋ္ဌလည်းဖြစ်သော၊ မြန်မာ့ အချမ်းသာဆုံးသန်းကြွယ်သူဌေး စာရင်းဝင်သော ဦးသိမ်းဝေ (ခ) Serge Pun ကို စစ်ကောင်စီက နေပြည်တော်တွင် သီတင်းပတ်ပေါင်းများစွာ ခေါ်ယူစစ်ဆေးနေသည်။
ထို့သို့ ပြောဆိုပြုမူမှုများကြောင့် အများပြည်သူ စိုးရိမ်ကာ ယခုရက်ပိုင်းအတွင်း ဘဏ်အပ်ငွေများ ထုတ်ယူမှုမြင့်တက်လာသည်။
ထိုအခြေအနေကို ဗဟိုဘဏ်ကအပ်ငွေထုတ်ယူနိုင်မည့် ပမာဏာကို ယခင်နည်းဟောင်းအတိုင်း ထပ်မံကန့်သတ်လိုက်သည်။
ထို့ကြောင့် ရန်ကုန်မြို့တွင်းရှိ ATM နှင့် ဘဏ်များမှ ငွေသားထုတ်ယူနိုင်ရန် ပြည်သူများ ပြန်လည် တန်းစီစောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။
ယင်းအခြေအနေများကြောင့် ဇူလိုင် ၁ နောက်ပိုင်းမှ စတင်ကာ ကျပ်ငွေတန်ဖိုး ထပ်ကျဆင်း လာသည်။
ယနေ့ ဇူလိုင် ၁၀ နိုင်ငံခြားငွေစျေးနှုန်းများအရ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာသည် ကျပ် ၄၈၀၀ ဝန်းကျင်သို့ ပြန်လည် မြင့်တက်လျက်ရှိသလို ထိုင်းဘတ် ၁ ဘတ် သည်လည်း ကျပ် ၁၃၀ ကျော်အထိ ဖြစ်နေသည်။
စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလတွင်း မြန်မာဘဏ်များ အကျပ်အတည်းဖြစ်နေပြီး ပြိုလဲနိုင်သည့် အခြေအနေရှိသည်ဟု ဩစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်က ပြီးခဲ့သည့်လပိုင်းက ပြုလုပ်သည့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ၏ သတင်းစာရှင်းလင်း ပွဲတစ်ခုတွင် ပြောကြားထားသည်။
ဘဏ်များ မပြိုလဲရန် စစ်ကောင်စီက ကျားကန်ပေးနေရသည်ဟု သူက ပြောသည်။
စစ်ကောင်စီသည် တိုင်းပြည်စီးပွားရေးကျဆင်းနေပြီး ဘက်ဂျက်လိုငွေပြမှုကို ငွေစက္ကူ အများအပြား ရိုက်နှိပ်ကာ ဖြည့်တင်းနေပြီး ထိုလုပ်ဆောင်ချက်ကြောင့် ကုန်စျေးနှုန်း မြင့်တက်စေသော ငွေကြေးဖောင်းပွမှုနှုန်းကို ပိုမိုမြင့်တက်စေသည်ဟု NUG ဘက်ကလည်း ထုတ်ဖော်ပြောဆိုထားသည်။
အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှု နှင့် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများကြောင့် စီးပွားရေးပြိုကျလာနေသည်။
လုပ်ငန်းကဏ္ဍအားလုံးလိုလို ဖရိုဖရဲ ဖြစ်နေသည့်တိုင် စစ်ကောင်စီက စျေးကွက်များကို ထိန်းချုပ် ထားသလို ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုအတွက်လည်း စီးပွားရေးလုပ်ငန်း ရှင်များကို မကြာခဏ အပြစ်ဖို့ ဖမ်းဆီးနေသည်။



