ဆောင်းပါး

ဦးထုပ်မချွတ်ဘဲ အစည်းအဝေးတက်သည့် ခရိုနီဦးအောင်ကိုဝင်းနှင့် သူ၏စီးပွားရေးအင်ပါယာ (အပိုင်း-၁)

“မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု လူမိုက်စကား ဆိုထားသူ စစ်ခေါင်းဆောင် အာဏာသိမ်းမှု ၃ နှစ် ကျော်လာချိန်တွင် ကမ္ဘောဇဘဏ်နှင့် အခြား ဘဏ်လုပ်ငန်းရှင်များလည်း ဖိအားပေး၊ ခြိမ်းခြောက်ခံနေရသည်။

စီးပွားရေး လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှုပြုခြင်း၊ တည်ဆဲဥပဒေများ ဖောက်ဖျက်ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေပါက အရေးယူမည်ဟု စစ်ကောင်စီက ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်ကြီးများကို ဇူလိုင်လ ၁၀ ရက်နေ့တွင် နေပြည်တော်သို့ ခေါ်ယူဆွေးနွေး သတိပေးခဲ့သည်။

ထိုအစည်းအဝေးသို့ မပျက်မကွက်တက်ရောက်ရန် စစ်ကောင်စီက ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များကို ဆင့်ခေါ်ခဲ့ရာ၊ စစ်အာဏာသိမ်းချိန်ကတည်းက လူမြင်ကွင်းတွင် တွေ့ရခဲသော မြန်မာ့အကြီးဆုံး ပုဂ္ဂလိကဘဏ်ကြီးဖြစ်သည့် ကမ္ဘောဇဘဏ်ပိုင်ရှင် ခရိုနီသူဌေးကြီး ဦးအောင်ကိုဝင်း တက်ရောက်လာပုံကို ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင် အများပြည်သူများ တွေ့မြင်လိုက်ရသည်။

၂၀၂၀ အာဏာမသိမ်းခင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှမ်းပြည်သွားလျှင် သူ၏နံဘေး၌ မကြာခဏတွေ့ရတတ်သူမှာ ဦးအောင်ကိုဝင်းဖြစ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦးအတူတွေ့ဆုံသည့် ပုံရိပ်များပျောက်ဆုံးနေခဲ့သည်။

ပြည်သူများ၏ ရွံ့မုန်းဒေါသထွက်ခြင်းခံနေရသော အာဏာရှင်တစ်ဦးဘေးနားတွင် စီးပွားရေးလုပ်ငန်းများ များစွာပိုင်ဆိုင်ထားပြီးဖြစ်သည့်လူတစ်ဦးက လူသိရှင်ကြား လူလုံးမထွက်ပြရဲတော့သည်မှာ ဖြစ်ပေါ်နေသော မြန်မာပြည်၏ အခြေအနေများအောက်ဝယ် အထူးအဆန်းတော့မဟုတ်ပေ။

သို့ရာတွင် ဇူလိုင် ၁၀ ရက်နေ့ နေပြည်တော်အစည်းအဝေးတွင် စစ်ကောင်စီ ဥက္ကဋ္ဌမင်းအောင်လှိုင်နှင့် ဒု-ဥက္ကဋ္ဌ စိုးဝင်းပြီးလျှင် စစ်ကောင်စီတွင် တာဝန်အရှိဆုံးဖြစ်သော အတွင်းရေးမှူး အောင်လင်းဒွေးက ခန်းမ၏ ထိပ်ဆုံးတွင် မတ်တတ်ရပ်လျက် ဘဏ်လုပ်ငန်းရှင်များကို ဥပဒေဖောက်ဖျက်ပါက အရေးယူမည်ဟု သတိပေးပြောဆိုနေချိန် အနက်ရောင်ဦးထုပ်ကို အနည်းငယ်ငိုက်ပြီး ဆောင်းထားလျက် စားပွဲပေါ်က စာရွက်ကို ဦးခေါင်းငိုက်စိုက်ကြည့်နေသော ဦးအောင်ကိုဝင်း၏ ကိုယ်နေဟန်ထားမှာ ခန်းမအပြည့် တက်ရောက်လာကြသော ဘဏ်လုပ်ငန်းရှင်များအကြားတွင် သတိမပြုမိဘဲ မနေနိုင်အောင် တမူထူးခြားပေါ်လွင်လျက်ရှိသည်။

၂၀၁၈ စက်တင်ဘာ ၁၃ တွင် မင်းအောင်လှိုင်နှင့်အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားတွင် တွေ့ရသည့် ဦးအောင်ကိုဝင်း။ (ဓာတ်ပုံ-စစ်ကောင်စီ)

ယခင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနှင့် နီးကပ်သောဆက်ဆံရေးကြောင့် “ဆရာကျောင်း” ဟု လူသိများသော ကျောင်းဆရာဘဝမှ ခရိုနီလုပ်ငန်းရှင်ကြီးအဖြစ် ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပြောင်းလဲသွားသော ဦးအောင်ကိုဝင်းသည် အစဉ်အဆက် စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးကပ်သော ဆက်ဆံရေးတည်ဆောက်ထားနိုင်သဖြင့် အကျိုးအမြတ်ကြီးမားသော စီးပွားရေးအခွင့်ထူးများနှင့် ပုဂ္ဂိလ်ရေးအကာအကွယ်များ ရရှိထားသူ ဖြစ်သည်။

ဇူလိုင်လ ၁ ရက်နေ့ စစ်ကောင်စီသတင်းစာများက ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူဆောင်ရွက်နေကြောင်း ရိုးမဘဏ်ကို ထိပ်ဆုံးက ဖော်ပြထားသည့်ကြေညာချက် ထုတ်ပြန်ပြီး၊ ရိုးမဘဏ်တည်ထောင်သူနှင့် ဥက္ကဋ္ဌ Serge Pun (ခ) ဦးသိမ်းဝေကို နေပြည်တော်၌ တစ်လကျော်ကြာ ထိန်းသိမ်းစစ်ဆေးနေသည့်ကာလတွင် ကမ္ဘောဇဘဏ်နာယက အောင်ကိုဝင်း ထိုအစည်းအဝေးသို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက အရေးယူမည့် ဘဏ်များစာရင်းထဲ အိမ်ရာချေးငွေကဏ္ဍတွင် ရိုးမဘဏ်ထက် မလျော့သော ပါဝင်မှု ရှိနေသည့် ကမ္ဘောဇဘဏ် မပါဝင်ခြင်းက ထူးခြားသည်။ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေကို ဆက်ခံသူ၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း အနီးကပ်ဆက်ဆံရေး တည်ဆောက်ထားနိုင်သူ အောင်ကိုဝင်းကို မင်းအောင်လှိုင်က အကာအကွယ်ပေးထားသရွေ့ မည်သူမျှ တို့ထိရဲမည်မထင်။

သို့သော် အစည်းအဝေးတွင် တွေ့မြင်လိုက်ရသော အောင်ကိုဝင်း၏ ကိုယ်နေဟန်ထားက ဖော်ပြနေသော သတင်းစကားက ဘဏ်လုပ်ငန်းလောကသား လုပ်ဖော်ကိုင်ဖက် Serge Pun တစ်ယောက်၏ ကံကြမ္မာနှင့် ဆက်စပ်နေသည်လား စဉ်းစားစရာပင်။ အောင်ကိုဝင်းသည် “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုသူ မင်းအောင်လှိုင်၏ ခြိမ်းခြောက်မှုကို တည့်တည့် ရင်ဆိုင်နေရပြီလား ဆိုသည့် မေးခွန်းဖြစ်ပေါ်စေပါသည်။

မေလ ၂၇ ရက်နေ့ကတည်းက Serge Pun ကို နေပြည်တော်၌ ခေါ်ယူစစ်ဆေးနေကြောင်း ၎င်း၏ စင်ကာပူစတော့ရှယ်ယာဝင် Yoma Strategic Holdings ကုမ္ပဏီက တရားဝင်သတင်းထုတ်ပြန်ထားသည်။ သို့သော် နေပြည်တော်၌ပင် ရှိပါသည်ဆိုသော ရိုးမဘဏ်ပိုင်ရှင်ဖြစ်သူ Serge Pun တစ်ယောက် ဇူလိုင် ၁၀ ရက် နေပြည်တော်အစည်းအဝေး၌ မတွေ့ရသည့်အတွက် ၎င်းကို ဖမ်းဆီးချုပ်နှောင်ထားသည်ဆိုသော အချက်မှာ ပို၍ခိုင်မာသွားသည်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ ယခုအခါ အနည်းဆုံး မြို့ပေါင်း ၆၀ ကျော်သည် တော်လှန်ရေးအင်အားစု ထိန်းချုပ်မှုအောက် ရောက်ရှိသွားခြင်း၊ သမိုင်းတွင် မကြုံဖူးသော မြန်မာငွေတန်ဖိုး ထိုးစိုက်ကျဆင်းနေခြင်းနှင့် စီးပွားရေး၏ကဏ္ဍစုံတွင် စစ်ကောင်စီ၏ အလွဲအမှားစီမံခန့်ခွဲမှုများက တစ်ခေတ်တစ်ခါက မည်သူမျှ မတို့ထိရဲဘဲ လူ့မလိုင်များ၏ အပေါ်ဆုံးအလွှာတွင် ရှိခဲ့သော ခရိုနီသူဌေးကြီးများ၏ စီးပွားရေးအကျိုးစီးပွားများကိုပါ အကြီးအကျယ် ထိခိုက်ပျက်စီးလျက်ရှိသည်။

ထိုအခြေအနေကို အောင်ကိုဝင်း၏ ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇကုမ္ပဏီအုပ်စုကြီးသည်လည်း ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်သည်။ စစ်ခေါင်းဆောင်များနှင့် နီးကပ်သောဆက်ဆံရေး ရှိလင့်ကစား အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံ အစိုးရများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုစာရင်းထဲ မပါဝင်သေးသော်လည်း၊ စောင့်ကြည့်ခံနေရသော အောင်ကိုဝင်းမိသားစုနှင့် ကမ္ဘောဇကုမ္ပဏီအုပ်စုကြီးသည်၊ ယခုအခါ အာဏာကို လက်မလွှတ်တမ်း ချုပ်ကိုင်ထားရေးမှလွှဲလျှင် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ပြီဖြစ်သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ခြိမ်းခြောက်မှုက အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုထက် သေရေးရှင်ရေးတမျှ အန္တရာယ်ကြီးမားနေပြီ ဖြစ်သည်။

စစ်ကောင်စီပစ်မှတ်ဖြစ်လာချိန် ကမ္ဘောဇဘဏ်၏ လက်ရှိအခြေအနေ

နိုင်ငံအနှံ့ မြို့ရွာများတွင် “KBZ” သည် ကလေးလူကြီး မသိသူမရှိသော မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ကြီး ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာ့အလင်းနှင့် Global New Light of Myanmar အင်္ဂလိပ်သတင်းစာ ကြော်ငြာနှင့် သတင်းများအရ ကမ္ဘောဇဘဏ်သည် ၎င်း၏ ၅၀၀ ခုမြောက် ဘဏ်ခွဲကို ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် ဖွင့်လှစ်ခဲ့သည်။

ထိုအချက်ကပင် KBZ သည် ပြည်နယ်နှင့်တိုင်း အားလုံးတွင် ၎င်း၏ ဘဏ်လုပ်ငန်းကွန်ရက်ကြီးကို အကြားအလပ်မရှိ ဖြန့်ကြက်ထားနိုင်ကြောင်း တွေ့မြင်ရသည်။ ယင်းသည် အာဏာမသိမ်းမီ ၃ နှစ်ကျော်ကာလ အခြေအနေဖြစ်သည်။

 ရင်းမြစ်။   ။ မြန်မာ့အလင်းသတင်းစာ (ဝဲဘက်)၊ The Global New Light of Myanmar (ယာဘက်)၊ ၁၁-၁၁-၂၀၁၇

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်ကြီးများကို နေပြည်တော်တွင် ခေါ်ယူသတိပေးသည့် ဇူလိုင်လ ၁၀ ရက်နေ့ ကမ္ဘောဇဘဏ်၏ တရားဝင်အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော နိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲများ ဖွင့်လှစ်ထားမှုအခြေအနေကို လေ့လာခဲ့ရာ ၎င်း၌ ဘဏ်ခွဲ (၄၁၀) ခုသာ ရှိတော့သည်ကိုသာ တွေ့ရသည်။ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲ ၉၀ ခု လျော့ကျသွားခြင်းဖြစ်သည်။

ယင်းသည် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း စတင်ပြန်နှံ့ခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့်လည်းကောင်း၊ မြန်မာ့စီးပွားရေး အကြီးအကျယ်ကျဆင်းမှုမှ ဘဏ်လုပ်ငန်းကဏ္ဍအပေါ် ကြီးမားသော ဂယက်ရိုက်ခတ်မှုကြီး ဖြစ်ပေသည်။

သို့သော် ကမ္ဘောဇဘဏ်၏ အခြေအနေမှာ ထိုနေရာတွင် ရပ်တန့်မသွားသေးပါ။ ဘဏ်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြချက်အရ စာရင်းရှိဘဏ်ခွဲ (၄၁၀) အနက် လက်ရှိကာလတွင် (၃၂၈) ခုသာ ဖွင့်လှစ်နိုင်ပြီး၊ ဘဏ်ခွဲ (၈၂) ခု၊ ရာခိုင်နှုန်းအားဖြင့် ၂၀% ပိတ်ထားရသည်။ ၂၀၁၇ ခုနှစ်တွင် ဘဏ်ခွဲပေါင်း ၅၀၀ ဖွင့်လှစ်ထားခဲ့မှု အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် ဘဏ်ခွဲပေါင်း (၁၇၂) ခု၊ ရာခိုင်နှုန်းအားဖြင့် (၃၄.၄%) လျော့ကျသွားခြင်း ဖြစ်သည်။

ရင်းမြစ်။   ။ https://www.kbzbank.com/en/ways-to-bank/branch/

ထိုအခြေအနေတွင် ကမ္ဘောဇဘဏ်၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ ဘီလီယံပေါင်းများစွာ ရှိနိုင်သည်ဟု ခန့်မှန်းရသော်လည်း၊ အာဏာရှင်နိုင်ငံတစ်ခု၏ ဘဏ်လုပ်ငန်းများ ပွင့်လင်းမြင်သာမှု လုံးဝမရှိသဖြင့် ဆုံးရှုံးမှုပမာဏ အစစ်အမှန်ကို အများပြည်သူ သိနိုင်ခြင်း မရှိပါ။

ဘဏ်ခွဲပေါင်းများစွာ လျှော့ချပိတ်ပစ်လိုက်ရသော အကြောင်းရင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ဆိုလျှင် ထိုကပ်ရောဂါဒဏ်ကို ခံစားရသော နိုင်ငံအသီးသီးသည် ယခုအခါ ပုံမှန်စီးပွားရေးတိုးတက်မှုဆီ ပြန်လည် ဦးတည်နေပြီ ဖြစ်သည်။

စင်စစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံစီးပွားရေးကို မည်ကဲ့သို့ စီမံခန့်ခွဲရမှန်းမသိသော စစ်ဗိုလ်ချုပ်များ၏ အလွဲလွဲအမှားမှား အမိန့်အာဏာဖြင့် အတင်းအကျပ်စေခိုင်းမှုများကြောင့် ကျပ်ငွေတန်ဖိုး ထိုး၍ကျဆင်းမှု အပါအဝင် စီးပွားရေးဆက်တိုက်ကျဆင်းမှုက အဓိကအကြောင်းတရားဖြစ်ပြီး၊ ယခုအခါ ဆိုးရွားသည်ထက် ဆိုးရွားလာနေခြင်းကြောင့် ဘဏ်လုပ်ငန်းများ ကမောက်ကမဖြစ်သည့် အခြေဆိုက်ရောက်နေပြီ ဖြစ်သည်။

တစ်ဖန် ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများ အများဆုံး ပိတ်ထားရသော ပြည်နယ်နှင့်တိုင်းများကို လေ့လာကြည့်ရာတွင် ရခိုင်ပြည်နယ်တွင် ဘဏ်ခွဲပေါင်း ၁၃ ခု ရှိရာ၊ ကျောက်ဖြူမြို့နယ်မှ ဘဏ်ခွဲတစ်ခုကိုသာ ဖွင့်လှစ်ထားကြောင်း တွေ့ရှိရသည်။ 

ရခိုင်ပြည်နယ်ရှိ ဘဏ်ခွဲ ၁၃ ခု၏ အခြေအနေ KBZ အင်တာနက်စာမျက်နှာတွင် ဖော်ပြချက်

        ရင်းမြစ်။   ။ https://www.kbzbank.com/en/ways-to-bank/branch/

KBZ ဘဏ်ခွဲများရှိသော မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည်၊ မောင်တောနှင့် သံတွဲမြို့တို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး AA က သိမ်းပိုက်လုဆဲဆဲ အခြေအနေဖြစ်သည်။ AA သိမ်းပိုက်နိုင်ခြင်းမရှိသေးသော၊ တိုက်ပွဲပြင်းထန်သော အမ်းနှင့် တောင်ကုတ်၊ မာန်အောင်ကျွန်းပေါ်ရှိ KBZ ဘဏ်ခွဲများအားလုံး ပိတ်ထားရသည်။ စစ်တွေမြို့ ပတ်ပတ်လည်သည် AA ၏ ဝိုင်းပတ်ပိတ်ဆို့ခံထားရသဖြင့် မြို့ပေါ်ရှိ ဘဏ်ခွဲ ၃ ခုလုံးကိုလည်း ပိတ်ထားသည်။

အလားတူ ကရင်နီပြည်နယ် (ကယား) ရှိ ဘဏ်ခွဲ ၃ ခုစလုံးကို ပိတ်ထားရပြီး၊ စစ်ကိုင်းတိုင်းအတွင်း ဘဏ်ခွဲ ၂၀ အနက် ၁၀ ခု သို့မဟုတ် ၅၀ ရာခိုင်နှုန်း ပိတ်ထားရသည်။ စစ်ကိုင်းတိုင်းအတွင်း ပိတ်ထားရသော ဘဏ်ခွဲများမှာ မုံရွာမြို့ပေါ်ရှိ ဘဏ်ခွဲ ၅ ခုအနက် ၄ ခု၊ ရွှေဘို ၂ ခု၊ ကောလင်း၊ ဟုမ္မလင်း၊ ကန့်ဘလူ၊ မြင်းမူတို့တွင် ၁ ခုစီ ဖြစ်သည်။

ကမ္ဘောဇဘဏ် စတင်တည်ထောင်ရာ ရှမ်းပြည်နယ်တွင် ဘဏ်ခွဲ ၄၆ ခုအနက် ၁၃ ခု ပိတ်ထားရပြီး၊ ထိုဘဏ်ခွဲများမှာ လတ်တလော ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ဘဏ်ခွဲ ၄ ခုစလုံး၊ တအာင်းတပ်ဖွဲ့ TNLA သိမ်းပိုက်ထားသော နမ့်ခမ်း၊ ကွတ်ခိုင်၊ နောင်ချိုနှင့် TNLA သိမ်းပိုက်လုဆဲဆဲ ကျောက်မဲ၊ စစ်ဇုန်အတွင်း ကျရောက်နေသော သီပေါ၊ ယခုရက်ပိုင်းအတွင်း ‘ဝ’ တပ်ဖွဲ့ UWSA ဝင်ရောက်နေရာယူ ထိန်းချုပ်ထားသည့် တန့်ယန်း၊ မြို့ပတ်ပတ်လည် ညီနောင်မဟာမိတ်တပ်ပေါင်းစု၏ ဝိုင်းပတ်ပိတ်ဆို့ခံထားရသော နယ်စပ်ကုန်သွယ်ရေးမြို့ကြီး မူဆယ်က ဘဏ်ခွဲ ၄ ခုရှိသည့်အနက် ၂ ခုနှင့် ကျိုင်းတုံမြို့က ဘဏ်ခွဲတို့ ဖြစ်သည်။

မိုးကုတ် ကျပ်ပြင်ရပ်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် TNLA က ကမ္ဘောဇ၏ ဘဏ်ခွဲကို ချိပ်ပိတ်ခဲ့သည်။ (ဓာတ်ပုံ-TNLA)

မန္တလေးတိုင်းအတွင်း ပိတ်ထားရသော ဘဏ်ခွဲများထဲတွင် လတ်တလော အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် TNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသော မိုးကုတ်မြို့မှ ဘဏ်ခွဲ ၃ ခုစလုံးနှင့် မတ္တရာဘဏ်ခွဲတစ်ခု ပါဝင်သည်။

ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် လတ်တလော ပိတ်ထားရသော ဘဏ်ခွဲများသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော မြို့များ၊ တိုက်ပွဲပြင်းထန်နေသော မြို့များ၊ စစ်ဇုန်အတွင်း ကျရောက်နေပြီး လုံခြုံရေးကင်းမဲ့နေသော မြို့များ ဖြစ်နေသည်။

ထူးခြားချက်မှာ လက်နက်ကိုင်တိုက်ပွဲများမရှိဘဲ စစ်ကောင်စီ၏ ထိန်းချုပ်မှု အပြည့်အဝနီးပါးရှိနေသော ရန်ကုန်နှင့် မန္တလေးကဲ့သို့ စီးပွားရေးအရ အချက်အချာကျသော မြို့ကြီးများတွင် ဘဏ်ခွဲတချို့ ပိတ်ထားရခြင်းပင်။ ရန်ကုန်မြို့၌ ဘဏ်ခွဲ ၁၃၀ ရှိရာတွင် ၁၄ ခုကို ပိတ်ထားရပြီး၊ မန္တလေးတိုင်းရှိ ဘဏ်ခွဲ ၈၃ ခုတွင် ၁၀ ခု ပိတ်ထားရသည်။ ရန်ကုန်နှင့် မန္တလေးမြို့ပေါ်ရှိ ဘဏ်ခွဲများ ပိတ်ထားရသည့်အခြေအနေမှာ နိုင်ငံစီးပွားရေးကျဆင်းမှုကို ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။

ဒုတိယပိုင်းတွင် အောင်ကိုဝင်းနှင့် စစ်တပ်တို့ စီးပွားရေးအကျိုးဆက်နွှယ်မှုများ၊ ကမ္ဘောဇကုမ္ပဏီအုပ်စု စီးပွားရေးအင်ပါယာနှင့် ၎င်း၏ လူယုံစီးပွားဖက်များအကြောင်း ဆက်လက်တင်ဆက်ပါမည်။

Show More

Related Articles

Back to top button