ပတ္တမြားမြေဟု နာမည်ကျော်သည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ယနေ့ (ဇူလိုင် ၂၄) တွင် ကြေညာလိုက်သည်။
ထိုမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် မိုးကုတ်ဗျူဟာစခန်းကို ယနေ့ မွန်းလွဲ ၅ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။
“ဟုတ်ပါတယ် ဒီနေ့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု လွေးယေဦးက Myanmar Now ကို ပြောသည်။
TNLA ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်များက မြို့နယ်အတွင်း တပ်စခန်းအများအပြားကို တစ်လကြာ တိုက်ခိုက်ပြီး အောင်ပွဲဆင်လိုက်ခြင်း ဖြစ်သည်။
TNLA ထုတ်ပြန်သည့် သတင်းဓာတ်ပုံများတွင်လည်း မြို့အတွင်း ဝင်ရောက်လာသော ပူးပေါင်းတပ်ကို ဝမ်းသာအားရ ကြိုဆိုနေကြသော၊ အောင်ပွဲအထိမ်းအမှတ် သပြေပန်း ကိုင်ဆောင်ထားကြသော မြို့လူထုကို တွေ့ရသည်။
မိုးကုတ်သည် ၇ မိုင် ဝေးကွာသည့် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ဒေသနှစ်ခု ရှိရာ TNLA နှင့် မဟာမိတ်တို့က အနောက်ပိုင်းကို ဇူလိုင် ၂ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။
မိုးကုတ်သည် TNLA တပ် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့သော ဒေသဖြစ်သည်။ မြို့ပေါ်ရှိ လုပ်ငန်းရှင်များကို ဆက်ကြေး ကာလရှည် ပုံမှန်ကောက်ခြင်းကြောင့် ၎င်းတို့၏ ရပ်တည်ရေး အထောက်အကူပြုခဲ့သလို ၎င်းတို့၏ သြဇာကိုလည်း ပြသနိုင်ခဲ့သည်။
၂၀၁၀ နှင့် ၂၀၂၀ ပြည့်နှစ်ကြား မန္တလေးနှင့် ကူးသန်းရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည့် မိုးကုတ်-ပြင်ဦးလွင်လမ်းရှိ အစိတ်အပိုင်းတချို့သည် ၎င်းတို့ အင်အားပြသည့် နေရာဖြစ်ပြီး လက်နက်ကိုင် လှုပ်ရှားရုံတင်မက ရံဖန်ရံခါ TNLA ယူနီဖောင်းဝတ်ပြီး လူလုံးပြသည်ကိုပင် တွေ့ရတတ်သည်။ များသောအားဖြင့် ခရီးသွားများကို ဒုက္ခပေးလေ့မရှိခဲ့ပေ။

၂၀၂၁ နှစ်ဆန်းပိုင်း စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်သဖြင့် လက်နက်ကိုင်ခုခံလိုကြသောအခါ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအတွင်းမှ လူငယ်အများအပြားသည် TNLA ထိန်းချုပ်နယ်မြေသို့ သွားရောက်ကာ စစ်ပညာသင်ယူကြသည်။
နွေဦးတော်လှန်ရေး၏ အစိတ်အပိုင်းဖြစ်သော အဆိုပါ လက်နက်ကိုင်ခုခံမှုအရှိန်ဖြင့် TNLA နှင့် မဟာမိတ်တို့က အင်အားစုပြုံသုံးရန် ခက်ခဲနေသည့် စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် ထိုးစစ်ဆင်လျက်ရှိသည်။
၂၀၂၃ နိုဝင်ဘာ ၂၇ တွင် အစပြုသည့် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးအခြေအနေကို ပြောင်းလဲပစ်လိုက်သည့် လှုပ်ရှားမှု ဖြစ်လာသည်။
မဟာမိတ်များက ကိုးကန့်ဒေသ၊ ရှမ်းမြောက်ဒေသ၊ ရခိုင်ပြည်နယ်တို့တွင် အောင်ပွဲ အကြီးအကျယ်ရပြီး နယ်မြေအများအပြားကို အသီးသီး ထိန်းချုပ်လိုက်ကြသည်။
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း TNLA က စစ်ကောင်စီလက်ထဲက မြို့ ၂ မြို့ကို သိမ်းယူလိုက်ပြီဖြစ်သည်။ ဇူလိုင်လ ၁၀ ရက်နေ့က ဒတရ (၆၀၆) ဟု ခေါ်သည့် စစ်ကောင်စီ ဒုံးတပ်ရင်းကို အပြီးသတ်သိမ်းပိုက်ပြီးနောက် နောင်ချိုမြို့ကို TNLA က ထိန်းချုပ်လိုက်သည်။
ရက်ပေါင်း ၇၇ ရက်ကြာခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းအတွင်း TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းငေါ့၊ ကွတ်ခိုင်နှင့် မိုင်းလုံမြိုနယ်တို့ကို တိုက်ခိုက်သိမ်းယူပြီးဖြစ်ရာ ယခုအခါ သိမ်းထားသည့်မြို့ အရေအတွက် ၉ မြို့ ရှိလာသည်။
မိုးကုတ်မြို့နယ်သည် စတုရန်းမိုင် ၄၅၃.၆ ကျယ်ဝန်းပြီး ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းအရ လူဦးရေ ၁၈၅၈၉၃ ဦး နေထိုင်သည်ဟု သိရသည်။
မိုးကုတ်မြို့တွင်းရှိ တပ်စခန်းများ ဆုံးရှုံးလိုက်ရခြင်း၊ မြို့ကို လက်လွှတ်လိုက်ရခြင်းတို့နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
မိုးကုတ်မြို့ တိုက်ပွဲများအတွင်း စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိထားကြောင်း TNLA က ယမန်နေ့ (ဇူလိုင် ၂၃) တွင် သတင်းထုတ်ပြန်ထားသည်။
မိုင် ၃၀ ခန့် ကွာဝေးသော မိုးမိတ်မြို့ရှိ တပ်စခန်းများကို ဆက်လက် တိုက်ခိုက်ဖွယ်ရှိသည်။
ဤအတောအတွင်း အွန်လိုင်း လူမှုကွန်ရက် အသုံးပြုသူအများအပြားက မြို့လူထုကို သတိနှင့် နေထိုင်ကြရန်၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားကြရန် လှုံ့ဆော်နေကြသည်။



