သတင်း

ကျောက်မဲတွင် တိုက်ပွဲပြင်းထန်၊ လက်ကျန်စစ်စခန်းများကို TNLA ထိုးစစ်ဆင်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ နီးပါး ကျန်ရှိသည့် ကျောက်မဲမြို့တွင် တအာင်းတပ် TNLA နှင့် မဟာမိတ်များ ဆက်လက် ထိုးစစ်ဆင်နေသည်။ စစ်ကူပို့ရခက်သော စစ်ကောင်စီက လေတပ်အားပြုပြီး ခုခံနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျောက်မဲမြို့ရှိ လက်ကျန်စစ်စခန်းများကို လက်နက်ခဲယမ်းဖြည့်တင်းရန်၊ တအာင်း/ပလောင်တပ် TNLA နှင့် မဟာမိတ်များ၏ ပြင်းထန်သော ထိုးစစ်ကို ခုခံရန် စစ်ကောင်စီက လေတပ်ကို အားပြုနေသည်ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တို့က ဆိုသည်။

ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားသည့် လားရှိုးမြို့နှင့် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တို့၏ ကြားတွင်ရှိသည့် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်နှင့် တပ်မိသားစုဝင်များ ရှိနေနိုင်သည်ဟု ၎င်းတို့က ခန့်မှန်းကြသည်။

မြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ အမှတ် ၅၀၁ နှင့် ၅၀၂  ခြေမြန်တပ်ရင်း (ခမရ) တို့၏  ဌာနချုပ်များ ကျန်ရှိသည်။

လေတပ်သည် TNLA နှင့် မဟာမိတ်တို့ ရှိနေနိုင်သည်ဟု ယူဆသည့် ထိုစခန်းသုံးခုအနီးတစ်ဝိုက်ကို ယမန်နေ့က ၇ ကြိမ်ဗုံးကြဲခဲ့သည်၊ ခမရ-၅၀၁ နှင့် ခမရ-၅၀၂ တို့ထဲသို့ လက်နက်ခဲယမ်းများ ၁၃ ထုပ် လာရောက်ကြဲချပေးခဲ့ကြောင်း TNLA က ယမန်နေ့ ညတွင် ထုတ်ပြန်ထားသည်။

“မနေ့ညသန်းခေါင်မှာ ဂျက်ဖိုက်တာလာလိုက်၊ Y-12 လာလိုက်၊ ဆက်တိုက်ဗုံးလာကြဲတယ်၊ တစ်ညလုံးပဲ။ ဒီမနက်လည်း ဂျက်ဖိုက်တာ နှစ်စီးနဲ့ ၆ ကြိမ်ကျော်လောက် ဗုံးလာကြဲသွားပြီ” ဟု ကျောက်မဲမြို့တွင်း ရောက်နေသည့် TNLA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ခမရ-၅၀၁၊ ခမရ-၅၀၂ တပ်ရင်းထဲကနေ အတွဲလိုက်ဒုံးတွေ ပစ်လို့ ပြည်သူ့နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသွားတယ်“

တိုက်ပွဲများအတွင်း ပျက်စီးသွားသည့် ကျောက်မဲမြို့ပေါ်မှ အဆောက်အအုံတချို့ကို ဇူလိုင် ၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ -AFP)

ခမရ-၅၀၁ ၏ စိုးမိုးကုန်း ပတ္တမြားတောင်စေတီနှင့် ခမရ-၅၀၂ ၏ စစ်ဗျူဟာအရ အရေးကြီးသည့် ရန်အောင်မြင်ဘုရားကုန်းတို့ကို TNLA က သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ခမရ-၅၀၂ တပ်ရင်းဝင်းအတွင်းထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ကျောက်မဲခံစစ်ကို ကွပ်ကဲနေသူမှာ စကခ-၁ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီးအောင်ခိုင်မိုးဖြစ်သည်။

ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုမူ လားရှိုးကို အကြီးအကျယ် စစ်ထိုးခဲ့သည့် ကိုးကန့်တပ် (MNDAA) က ဖမ်းဆီးရမိထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်၅ တွင် မြို့အနီး ပစ်ခတ်သံများ ဆက်လက်ကြားနေရသော်လည်း ကျောက်မဲမြို့ပေါ် နံနက်ခင်းစျေးများ ပုံမှန်ဖွင့်လှစ်ထားကြပြီး ဒေသခံသွားလာလှုပ်ရှားမှုများရှိနေကြောင်း သိရသည်။

လတ်တလောတွင် မြို့ပေါ် ဖုန်းနှင့် အင်တာနက်လိုင်းများအားလုံးနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကြောင်း၊ သောက်သုံးရေ အလုအယက်ဝယ်ယူနေရကြောင်း သိရသည်။

ဇူလိုင်လဆန်းကတည်းက ကျောက်မဲမြို့ပေါ်ကို TNLA က ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်တပ်ရင်းများကို ပိတ်ဆို့ထားခဲ့သည်။  ဇူလိုင်တတိယအပတ်တွင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကူအင်အား ၃၀၀ ကျော် ကျောက်မဲမြို့သို့ စေလွှတ်ခဲ့သော်လည်း ထိုစစ်ကူများကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

ကျောက်မဲမြို့သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကျောက်မဲခရိုင်တွင် မြို့ ၆ မြို့ရှိသည့်အနက် နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို TNLA က ထိန်းချုပ်ထားပြီဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် TNLA နှင့် ပူးပေါင်းတပ်များက ကျောက်မဲမြို့တောင်ဘက် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တို့ကို သိမ်းပိုက်ထားပြီး ကျောက်မဲမြို့ကို အလုံးစုံရရှိရေး ကြိုးပမ်းနေသည်။

ကျောက်မဲနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

လက်လွှတ်လိုက်ရသည့် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုမူ ၎င်းတို့၏တပ်များက ရွပ်ရွပ်ချွံချွံ ခုခံခဲ့သည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

“အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန်ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ကြပါတယ်” ဟု သူက ဆိုသည်။

“အချို့သောရဲမေများဟာ စစ်သည်များနဲ့တန်းတူ မဆုတ်တမ်းတိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ၊ မှီခိုသူမိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်” ဟု သူက ဆက်ပြောသည်။

ရဲမေ ဆိုသည်မှာ စစ်သား၏ဇနီးမယားကို ခေါ်ဆိုခြင်းဖြစ်ပြီး စစ်တန်းလျားတွင် နေထိုင်စဉ် လက်နက်ကိုင် ကင်းစောင့်ခြင်း၊ သန့်ရှင်းရေး စသည့် အလုပ်များကို အခမဲ့လုပ်ပေးရသူများ ဖြစ်သည်။

Show More

Related Articles

Back to top button