ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တိုက်ပွဲများတွင် ရရှိခဲ့သည့် စစ်သုံ့ပန်းများအနက် ဒဏ်ရာရထားသူများထဲတွင် ရဲအရာရှိကြီးတစ်ဦး ပါဝင်သည်ဟု ကိုးကန့်တပ် ခေါ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ယနေ့ (ဩဂုတ် ၆) တွင် သတင်းထုတ်ပြန်သည်။
ထိုအရာရှိမှာ လားရှိုးခရိုင် ဒုတိယရဲမှူး လှမျိုး ဖြစ်သည်၊ လားရှိုးမြို့တွင်း စစ်ဆေးရေးဂိတ်များနှင့် လုံခြုံရေးကင်းလှည့်မှုများကို အဓိက တာဝန်ယူရသူ ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ခရိုင်ရဲအရာရှိသည် အမြောက်ကျည်စထိမှန်ကာ လားရှိုးမြို့ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည်ဟု MNDAA က ဆိုသော်လည်း ဒဏ်ရာ မည်မျှ ပြင်းထန်ခဲ့ကြောင်း ဖော်ပြမထားပေ။ ယခု ဒဏ်ရာသက်သာလာပြီဟု ဆိုသည်။
ထုတ်ပြန်သည့် ရုပ်သံတွင် ရဲအရာရှိ ကုတင်ပေါ်တွင် ပက်လက်အိပ်နေပုံ၊ သုံ့ပန်းဟုယူဆရသူ အခြား ၂ ဦးနှင့်အတူ MNDAA အရာရှိကို စကားပြောနေပုံတို့ ပါဝင်သည်။
ဒဏ်ရာရသည့် အခြား သုံ့ပန်းများ၊ မိသားစုဝင်များကို ဆေးကုသပေးထားသည်ဟု ဆိုသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်ပြီးချိန်တွင် ထိုဆေးရုံတွင် ဆေးကုသနေသူများကို စစ်ခေါင်းဆောင်များက လျစ်လျူရှုထားခဲ့သည်ဟု MNDAA ယနေ့ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ဖော်ပြထားသည်။
ထိုရုပ်သံဖိုင်တွင် ဒဏ်ရာရ စစ်သုံ့ပန်းများကိုလည်း တွေ့ရပြီး ထိုသူများကို ဘေးကင်းရာ နောက်တန်းဆေးရုံသို့ ပြောင်းရွှေ့ထားသည်ဟု MNDAA က ဆိုသည်။
ရှမ်းပြည်နယ်သည် စစ်တိုင်း ၄ ခုတွင် ပါဝင်နေသည့် ဒေသဖြစ်ပြီး စစ်တိုင်းတစ်ခုဖြစ်သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က သိမ်းလိုက်ခြင်း ဖြစ်သည်။
ရမခဌာနချုပ် ကျသွားပြီးနောက် ပေါ်ပေါက်လာသည့် အာဏာသိမ်းခေါင်းဆောင်၏ ဇူလိုင် ၅ မိန့်ခွန်းတွင်မူ MNDAA က လားရှိုးမြို့ တပ်မတော်ဆေးရုံကို Drop Bomb များ အဆက်မပြတ်ကြဲချကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်၊ လူနာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကလေးငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ထည့်ပြောသွားသည်။
လားရှိုးမြို့အခြေစိုက် ရမခ ဌာနချုပ်ကို MNDAA က ရက်ပေါင်းများစွာ ထိုးစစ်ဆင်ပြီးနောက် သြဂုတ်လ ၃ ရက်နေ့တွင် သိမ်းယူထားသည်။
စစ်တိုင်းတစ်ခုလုံး တော်လှန်သူများလက်အောက် ပထမဆုံးအကြိမ် ရောက်သွားခြင်းဖြစ်ရာ ထိုဖြစ်ရပ်သည် မြန်မာစစ်တပ်အတွက် သမိုင်းဝင်ရှုံးနိမ့်မှုဖြစ်သွားသည်။
ထို တိုက်ခိုက်မှုအပြီး ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ကျောက်မဲမြို့အခြေစိုက် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က ဖမ်းဆီးထားသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
ထိုစစ်တိုင်းတွင် တာဝန်ကျသည့် အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ် ၅တွင် ပြောဆိုထားသည်။ သို့သော် မည်သည့်အဆင့်ရှိသည့် အရာရှိများဖြစ်သည်ကိုမူ ဖော်ပြခြင်း မရှိပေ။
ဇူလိုင်၂၄ ရက်နေ့က လားရှိုးစစ်မြေပြင်မှ ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့က နောက်လိုက်များကို ခေါ်ဆောင်ကာ လက်နက်ချခဲ့သည်၊ လက်နက်ချသူအရေအတွက် ၃၁၇ ဦး ရှိသည်ဟု MNDAA က တွင် သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်ကို ဖော်ပြခဲ့သော The Kokang အမည်ရှိ စာမျက်နှာသည် ဝင်ရောက်ကြည့်ရှုသူ လွန်စွာ များပြားခဲ့ပြီး နာရီပိုင်းအတွင်းမှာပင် Facebook မှ ပျောက်ကွယ်သွားသည်။
သို့သော်လည်း လက်နက်ချသူများကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်သံမှာ ကိုးကန့်တပ်ဖွဲ့၏ Youtube စာမျက်နှာတွင် ရှိနေဆဲဖြစ်သည်။
လားရှိုးတွင် ဖမ်းဆီးထားသည့် စစ်ကောင်စီတပ် မိသားစုဝင်များကို ပြန်လွှတ်ပေးနေကြောင်း သိရသည်။
အမျိုးသမီးနှင့် ကလေးငယ် အများအပြား ယူနီဖောင်းဝတ် တော်လှန်ရေးသမားများရှေ့မှ ဖြတ်သန်းနေကြပုံ၊ လမ်းဘေးတွင် မိုင်းထောင်ထားတတ်သဖြင့် ကတ္တရာလမ်းပေါ်မှ လျှောက်ရန် သတိပေးနေပုံတို့ကို Myanmar Now သို့ ယနေ့ သြဂုတ် ၆ ရက်နေ့တွင် ရောက်လာသည့် ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။
တော်လှန်ရေးအဖွဲ့များက ထိုသူတို့ကို ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း၊ အရေအတွက် ၃၀၀ ခန့် ရှိကြောင်း သိရသည်။



