သတင်း

ရခိုင်တောင်ပိုင်း ကျိန္တလီမြို့ကို သိမ်းနိုင်ရေး AA ကြိုးပမ်း

စစ်ကောင်စီ လေတပ်နှင့် ရေတပ်က အပြင်းအထန် ခုခံနေသလို ယနေ့တွင်လည်း တိုက်ပွဲဖြစ်ပွားနေရာ မိုင် ၄၀ အကွာမှ ဂွဒေသခံများပါ တိမ်းရှောင်နေကြပြီဖြစ်သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်၊ ကျိန္တလီမြို့သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော် (AA) က ယမန်နေ့ (သြဂုတ် ၁၂ ) ကစပြီး စစ်စခန်းများကို ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ဂွနှင့် သံတွဲကြားရှိ ကျိန္တလီမြို့ကို သိမ်းနိုင်ရေးအတွက် AA သည် မြို့အဝင် ချင်းငွေ့တောင်ရှိ စစ်ကောင်စီ၏ အခိုင်အမာစစ်စခန်းကို သြဂုတ် ၁၀ ရက်က စတင်တိုက်ခိုက်ရာမှ ဂွမြို့နယ်အတွင်း တိုက်ပွဲစတင်ခြင်းဖြစ်သည်။

ထိုစခန်းကို ဖြတ်ကျော်ပြီးမှ ကျိန္တလီမြို့သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်၊ AA တပ်ဖွဲ့များ မြို့သို့ ရောက်နေပြီဖြစ်သောကြောင့် ချင်းငွေ့တောင်ရှိစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်နိုင်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သြဂုတ် ၁၂ ရက်နေ့ကလည်း စစ်လေယာဉ်က ကျိန္တလီမြို့အနှံ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြို့ထဲတွင် ပိတ်မိနေသော အထက်ပါ ဒေသခံက ဆိုသည်။

“မနေ့က မနက် ၁၀ နာရီလောက်ကတည်းက ပစ်တာ။ တစ်ညလုံး ပစ်တယ်။ အမှတ် (၃) ရပ်ကွက်ကစပြီးတော့ ဆေးရုံနားတစ်ဝိုက်၊ ကျိန္တလီလမ်းဆုံ၊ ဂွဘက်အထွက် လေဒီတောင်ပေါ်ကျောင်း အဲ့ဒီပတ်လည်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် လေတပ်က မြို့အနှံ့ ၁ နာရီခန့်ကြာ ဗုံးကြဲခဲ့သည်၊ ယနေ့တွင်လည်း ကျိန္တလီမြစ်ဝရှိ စစ်ရေယာဉ်က မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု သူက ဆိုသည်။

“ဒီနေ့လည်း မြို့ထဲမှာ တိုက်ပွဲဖြစ်နေတယ်။ ခုနကမှ ရပ်သွားတာ” ဟု ၎င်းက ယနေ့ နံနက် ၁၁ နာရီခန့်က Myanmar Now ကို ပြောသည်။

တိုက်ပွဲဖြစ်နေသောကျိန္တလီဒေသပြမြေပုံ။

ကျိန္တလီနှင့် မိုင် ၄၀ ခန့်ဝေးသည့် ဂွမြို့တွင် ဒေသခံအများစုက ပိုမိုလုံခြုံနိုင်မည့် နေရာများသို့ တိမ်းရှောင်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကျိန္တလီဘက် လက်နက်ကြီးသံတွေ ကြားရတယ်။ ဒီကလူတွေလည်း မြို့က ထွက်ပြေးနေကြပြီ” ဟု ၎င်းက ဆိုသည်။

ဂွဒေသခံများ နယ်မြေနီးစပ်သည့် ဧရာဝတီတိုင်းဘက်သို့ ပြောင်းရွှေ့တိမ်းရှောင်နေကြသည်ဟု သိရကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော၊ စစ်သတင်းများ စုဆောင်းတင်ဆက်နေသော ဗိုလ်ကြီးဇင်ယော်က လူမှုကွန်ရက်တွင် ရေးထားသည်။

ကျိန္တလီနှင့် မိုင် ၄၀ ဝေးကွာသည့် သံတွဲမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကာ မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရန် အဓိကကျသည့် မောင်ရွှေလေးရေတပ်ကို AA က တိုက်ခိုက်လျက်ရှိသည်။

သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုကို ဇူလိုင်လအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

သံတွဲမြို့ လက်လွှတ်ရပြီးနောက် ကျိန္တလီ၊ ဂွမြို့ဘက်သို့ တိုက်ပွဲကူးစက်လာမည်ကို စိုးရိမ်၍ စစ်ကောင်စီက စစ်ရေးပြင်ဆင်သည့်အနေဖြင့် ဇူလိုင် ၁၉ ရက်မှ စတင်၍ ကျိန္တလီမြို့ ငါးဖမ်းစက်လှေများကို ပင်လယ်ထဲ ဆင်းခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း ရခိုင်သတင်းဌာန နိရိဥ္ဇရာ သတင်းတစ်ပုဒ်တွင် ဒေသခံများကို ကိုးကား၍ ဖော်ပြထားသည်။

-တိုက်ပွဲဖြစ်နေသောကျိန္တလီဒေသပြမြေပုံ။

လက်ရှိတွင် AA သည် မောင်တောမြို့ကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေရာ ယမန်နေ့ကစတင်ပြီး မောင်တောမြို့မှ လက်နက်ကြီး၊ လက်နက်ငယ်သံများ မကြားရတော့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“မြို့ထဲကလူတွေ အကုန်လုံးထွက်လို့ရသွားပြီဆိုတော့ မြို့ထဲသတင်း သိပ်မကြားရတော့ဘူး။ ဒါပေမဲ့ လက်နက်သံတွေတော့ မကြားရတော့ဘူး။ မြို့ထဲက ကညင်တန်း၊ မြို့သူကြီးရပ်ကွက်ဘက်မှာ ပိတ်မိနေတဲ့ ကျွန်တော့အသိတွေတော့ ရှိသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့်  ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

AA ၏ ထိုးစစ်သည် ပြည်နယ်တောင်ပိုင်းသို့ ရွေ့လျားလာရာ သံတွဲ-တောင်ကုတ် ကားလမ်းပေါ်ရှိ ရွှေလှေတိုက်နယ်ကျေးရွာများအနီး ဧပြီလ ဒုတိယပတ်ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကောင်စီလေတပ်ကလည်း သံတွဲ၊ တောင်ကုတ်နှင့်အနီးရှိ ရွာများကို ဗုံးကြဲခဲ့၍ ဒေသခံဆယ်ချီ သေဆုံးခဲ့ရသည်။

Show More

Related Articles

Back to top button