သတင်း

စစ်ရှုံးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုင်းမှူးသစ်ခန့်ကာ မိုင်းရယ်တွင် ပြန်ဖွဲ့စည်း

MNDAA ထံ အညံ့ခံခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုး၏ အရှေ့တောင်ဘက် မိုင် ၄၀ ခန့် ကွာဝေးသည့် မိုင်းရယ် မြို့ငယ်လေးတွင် စစ်ကောင်စီက ပြန်လည်စုဖွဲ့နေသည်။

မကြာသေးမီက ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်စခန်းကြီးကို ကိုးကန့်တပ် MNDAA တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်တွင် စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်ကို လားရှိုး၏ အရှေ့တောင်ဘက် မိုင် ၄၀ ခန့် ကွာဝေးသည့် မိုင်းရယ်မြို့ငယ်လေးတွင် ပြန်လည်စုဖွဲ့နေသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်တို့က ဆိုသည်။

ဌာနချုပ်နေရာသစ်ကို ကြီးကြပ်မည့် တိုင်းမှူးအသစ်အဖြစ် ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို နေပြည်တော်မှ စစ်ဗိုလ်ချုပ်များက စေလွှတ်ခဲ့ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့်  စစ်ဗိုလ်များထံမှ သိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကွန်မြူနစ်များနှင့် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားချိန် လွန်ခဲ့သော ၅၂ နှစ်၊ ၁၉၇၂ တွင် မြန်မာစစ်တပ်က စတင်ဖွင့်လှစ်ခဲ့သည်။

၁၉၈၀ နှောင်းပိုင်းကာလများတွင် ကွန်မြူနစ်များအရေးနိမ့်ခဲ့ပြီးနောက် ထိုစစ်တိုင်းသည် မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်ရှိ လူမျိုးစုလက်နက်ကိုင်များကို သိမ်းသွင်းခြင်း၊ တိုက်ခိုက်ချေမှုန်းခြင်းတို့ကို အဓိကတာဝန်ယူရသည်။

ဇူလိုင်လအတွင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA တပ်များ ထိုးစစ်ဆင်နေချိန်တွင် တိုင်းမှူးနှစ်ဦးကို စစ်ကောင်စီက ရက်အနည်းငယ်အတွင် ပြောင်းလဲခန့်အပ်ခဲ့ပြီးနောက် တစ်လအတွင်း တတိယမြောက် စစ်တိုင်းမှူးအသစ် အစားထိုးခန့်အပ်ခြင်းလည်းဖြစ်သည်။

မြန်မာစစ်တပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တိုင်းကြီးတစ်ခုလုံး တော်လှန်ရေးတပ်များထံ ကျသွားပြီးနောက် မူလစစ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို ကိုးကန့်တပ် MNDAA တို့က ဖမ်းဆီးခဲ့သည်။ သူ၏နေရာသို့ အသစ်ဝင်လာသည့် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၏ သတင်းလည်း အစအနပျောက်နေခဲ့သည်။

ဇူလိုင်လအစောပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ (MNDAA)

တစ်လအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တတိယမြောက်တိုင်းမှူးဖြစ်လာသည့် ဗိုလ်ချုပ်မြင့်ကျော်ထွန်းသည် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအောက်မှ စစ်ကောင်စီ၏ လူသစ်စုဆောင်းမှုများကို ကြီးကြပ်ရသူလည်းဖြစ်သည်။

ဗိုလ်ချုပ်မြင့်ကျော်ထွန်းသည် ပြည်ထဲရေး ဒုတိယဝန်ကြီး၊ ရဲချုပ်တာဝန်များကို မကြာသေးခင်က ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် ရင်းနှီးသူလည်းဖြစ်ကြောင်း နေပြည်တော် စစ်ရေးသတင်းအရင်းအမြစ်တို့က ဆိုသည်။

လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့ ကိုးကန့်တပ် MNDAA အောက် ကျသွားပြီးနောက် စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်သည်။ ထိုရာထူးသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် ရှမ်းပြည်နယ်အတွင်းမှ စစ်တိုင်းကြီးလေးခုကို ကြီးကြပ်ရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ဌာနချုပ်ရုံးခန်းအသစ်ဖြစ်လာသည့် မိုင်းရယ်သည် ဖွံ့ဖြိုးမှုနှေးကွေးသော မြို့ငယ်လေးဖြစ်သည်။

ဇူလိုင်လအစောပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ (MNDAA)

တန့်ယန်း၊ သီပေါ၊ ကျေးသီး၊ မိုင်းရှူး၊ လားရှိုး စသည့်မြို့တို့နှင့် နယ်နိမိတ်ချင်း ဆက်နေပြီး ထိုမြို့တွင် လူဦးရေ ၇ သောင်းနီးပါး နေထိုင်သည်။

မြို့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် ရှမ်းလူမျိုး၊ ၁၅ ရာခိုင်နှုန်းသည် တအာင်းလူမျိုးများဖြစ်ကြသည်ဟု စစ်ကောင်စီ၏ ပြီးခဲ့သည့်နှစ်အတွင်းက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

မိုင်းရယ်အနီးမှ တန့်ယန်းမြို့ကို UWSA ‘ဝ’ တပ်များနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့က ထိန်းချုပ်ထားသည်။

UWSA နှင့် SSPP/SSA တို့သည် မြောက်ပိုင်းမဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးတွင် မပါဝင်ဟု ကြေညာထားသော်လည်း မြောက်ပိုင်းမဟာမိတ်များနှင့် မဟာမိတ်ဆက်ဆံရေးရှိသည်။

အလားတူ လားရှိုးကိုလည်း ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထားပြီး သီပေါမြို့ကိုလည်း တအာင်းတပ် TNLA က ထိုးစစ်ဆင်နေသည်။

မိုင်းရယ်မြို့မှ တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင် SSPP/SSA ၏ ဌာနချုပ်စခန်း တည်ရှိသည်။

မိုင်းရယ်မြို့ထဲတွင် စစ်ကောင်စီ၏ အမှတ် (၃၂၅) ခြေမြန်တပ်ရင်းနှင့် အမြောက်တပ်ရှိသည်၊ ဇူလိုင် ၁၂ ရက်နေ့က SSPP/SSA တပ်များ ထိုမြို့ထဲသို့ ဝင်ရောက်တပ်စွဲခဲ့သည်။ 

ရှမ်းပြည်နယ်အတွင်း အခြားစစ်ဌာနချုပ်များမှာ တောင်ကြီးမြို့ရှိ  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်မြို့ရှိ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံမြို့ရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့ ဖြစ်သည်။

Show More

Related Articles

Back to top button