သတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်ကို AA ထိုးစစ်ဆင်

မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထားပြီးနောက် ထိုးစစ်သည် တိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့သို့ ရောက်ရှိလာသည်ဟု AA က အတည်ပြုသည်။

ရခိုင်ပြည်နယ် ထက်ဝက်ခန့်ကို သိမ်းထားသော အာရက္ခတပ်တော် (AA) က  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ  အမ်းမြို့နယ်ကို စတင်ထိုးစစ်ဆင်ပြီဖြစ်သည်။ 

စက်တင်ဘာ ၂၆ ရက်နေ့မှ စတင်ပြီး   အမ်းမြို့နှင့်မဲတောင်ကြားတွင် တိုက်ပွဲ ပြင်းထန်နေသည် ဟု AA ပြောခွင့်ရ အရာရှိ ဦးခိုင်သုခက ယနေ့ (အောက်တိုဘာ ၁) တွင် အတည်ပြုသည်။

စစ်ရေးအခြေအနေစောင့် ကြည့်သူ အမ်းဒေသခံတစ်ဦးကလည်း  စစ်ကောင်စီသည် အမ်းမြို့နှင့် ၅ မိုင်ခန့်အကွာ မဲတောင်အမည်ရှိ တောင်တစ်ခုတွင်  အင်အားဖြည့်ထားပြီး ပြင်းပြင်းထန်ထန် ခုခံနေကြောင်း ပြောသည်။

“၂၆ ရက်နေ့ကတည်းက မဲတောင်ကို AA က တိုက်နေတာ။ နေ့ရောညရော တောက်လျှောက် တိုက်ပွဲ ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

“တိုက်ပွဲက ပြင်းထန်​​​နေတယ်။ တိုက်ပွဲပြင်းထန်နေတော့ အမ်းက စစ်ကောင်စီစစ်သားတွေကို မဲတောင်ကို ပို့ထားတယ်”

လက်နက်ကိုင် အင်အားအများအပြားဖြင့် ခံစစ်ဆင်နေသည့် မဲတောင်ကို သိမ်းပိုက်ရရှိလျှင် အမ်းမြို့ကို အလွယ်တကူရရှိနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

“အမ်းမြို့ထဲမှာ စစ်သားမရှိသလောက်ဖြစ်သွားပြီ။ အပြန်အလှန်တော့ လက်နက်ကြီးတွေနဲ့လည်း ပစ်နေကြတယ်။ AA ကလည်း နပခကို လက်နက်ကြီးနဲ့ပစ်တယ် “

စက်တင်ဘာ ၂၆  ရက် မွန်းတည့်ချိန်က အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက်တွင်  အင်အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်း တစ်ခုနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု  AA က  နောက်တစ်နေ့တွင် ထုတ်ပြန်ထားသည်။

၂ နာရီ နီးပါးကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတို့၏ ရုပ်အလောင်း ၅ လောင်း၊  လက်နက်ခဲယမ်း၊ စစ် အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ 

နောက်တစ်နေ့ (စက်တင်ဘာ၂၇) နံနက် ၁၀ နာရီခန့်ကလည်း အထက်ပါကျေးရွာအနီး တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ် သွားခဲ့သည်။ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

နိုင်ငံအနှံ့ ထိုးစစ်ဆင်ခံနေရသည့် စစ်ကောင်စီကလည်း တိုက်ပွဲသတင်း အများစုကို သတင်းအမှောင်ချထားတတ်သည်။

AA ထုတ်ပြန်ထားသည့် စက်တင်ဘာနောက်ဆုံးပတ် တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော

မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော စစ်ကောင်စီ၏ အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ -၅) စခန်းကို အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များ ဆက်လက်အရှိန်အဟုန်မြှင့် တင်သွားမည်ဟု AA က စက်တင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုသို့ကြေညာပြီးနောက် စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် နေသည်ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညကလည်း ဒုန်း…ဒုန်းနဲ့ သိပ်ပစ်တယ်။ မနေ့ကတော့ လေယာဉ် လာတယ်။ ဒီနေ့တော့ လေယာဉ် မလာဘူး။ ဟိုးတရက်နေ့ကလည်း ဗုံးကြဲခဲ့တယ်။ မြို့ထဲမှာအပျက်အစီးများမယ်ထင်တယ်”ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၂၉ ရက်နေ့က မောင်တောမြို့ကို စစ်ကောင်စီလေတပ်က ဗုံးအဆက် မပြတ်ကြဲခဲ့မှုကြောင့် အမှတ် (၂)  ရပ်ကွက်မှ လူနေအိမ် ၃၀ ခန့်မီးလောင်ပျက်စီးသွားသည်ဟု ထိုဒေသခံက ဆက်ပြော သည်။

“ခုရက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာတွေ ၊ လက်နက်ခဲယမ်းတွေလည်း ချပေးနေ တယ်” ဟု ၎င်းက ဆိုသည်။

မောင်တောမြို့တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ လေတပ်ကဗုံးကြဲသဖြင့် လူနေအိမ်များပျက်စီးဆုံးရှုံးမှုရှိကြောင်း AA ပြောခွင့်ရ အရာရှိ ဦးခိုင်သုခက ပြောသည်။

“(မောင်တော)မပြတ်သေးဘူး။ အဲ့မှာ ကျန်နေသေးတယ်။ ကျွန်တော်တို့ လုပ်စရာတွေအများကြီး ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့ ဗန္ဓုလရိပ်သာတွင်   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  အမှတ်တံဆိပ်ပါ စစ်သားတစ်ဦးကို ၂၀၂၁ ဇန်နဝါရီလဆန်းက တွေ့ရစဉ်။ ( ဓာတ်ပုံ – Myanmar Now)

ကျိန္တလိမြို့ကို AA ထိန်းချုပ်ထား

ထို့ပြင် ဂွမြို့နှင့်ကျိန္တလီမြို့ကြားတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ကျိန္တလိမြို့ကို AA ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း စစ်ကောင်စီက မကြာခဏလက်နက်ကြီးဖြင့်လှမ်းပစ်နေကြောင်း  ဦးခိုင်သုခက ဆက် ပြောသည်။

ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ အရှေ့ တောင်ဘက် ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင် လည်း စက်တင်ဘာ၂၄ ရက်နေ့က တိုက်ပွဲ နှစ်နာရီကျော်ကြာ  ဖြစ်ပွားခဲ့သည် သိရသည်။

“ကျိန္တလီကတော့ ကျွန်တော်တို့သိမ်းပိုက်ထားတဲ့မြို့ပဲ။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီးနဲ့ ထုတာ၊ လေယာဥ်နဲ့ပစ်တာတွေတော့ရှိနေသေးတယ်။ ကျောက်ပါးစပ်ရွာနားတွေမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်”ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်ရှိ   စစ်ကောင်စီစခန်းများအားလုံးကို တစ်ခုမကျန် တိုက်ခိုက် သိမ်းပိုက်မည်ဟု  AA က မကြာခဏ ထုတ်ပြန်ကြေညာလေ့ရှိသည်။

ရခိုင်ဒေသတိုက်ပွဲများတွင် အရှုံးနှင့်သာရင်ဆိုင်နေရသော စစ်ကောင်စီသည် AA ထိန်းချုပ်ထားသော မြို့၊ရွာများကို လေကြောင်းဖြင့်နေ့စဥ်ရက်ဆက်ဗုံးကြဲနေသောကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှုများပြားနေသည်။

AA သည် စစ်တွေ၊ ကျောက်ဖြူကဲ့သို့မြို့ကြီးများကိုလည်း ပိတ်ဆို့ထားရာ  စစ်ကောင်စီကလည်း ထိုဒေသများတွင် ခံစစ်ပြင်ဆင်နေသည်။

AA က မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့်  ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ ထိန်းချုပ်ထားသော၊ ခံစစ်ဆင်နေသော  မြို့နယ် ၇ ခုရှိသည်။

Show More

Related Articles

Back to top button