သတင်း

ကချင်ပြည်နယ်အတွင်းရှိ မြို့နှစ်မြို့ကို နှစ်ရက်အတွင်း KIA သိမ်း

ကချင်ဒေသ တော်လှန်ရေးအင်အားစုက တရုတ်နယ်စပ်အနီး ချီဖွေ၊ ဆော့လော်မြို့တို့ကို အပြီးသတ် ထိန်းချုပ်လိုက်သည်။

ကချင်ပြည်နယ်မြောက်ပိုင်းရှိ ချီဖွေမြို့နှင့် ဆော့လော်မြို့တို့သည် အောက်တိုဘာ ၁ နှင့် ၂ ရက်နေ့များတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်များ၏ လက်အောက်သို့ ရောက်သွားသည်ဟု သိရသည်။

ချီဖွေမြို့ကို ယမန်နေ့ (အောက်တိုဘာ ၁)၊   ဆော့လော်မြို့ကို ယနေ့ (အောက်တိုဘာ ၂) တွင်  သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

စက်တင်ဘာ ၃၀ နံနက်ပိုင်းမှစတင်ကာ  ပူးပေါင်းတပ်က  ပြည်နယ်မြို့တော် မြစ်ကြီးနား၏ အရှေ့မြောက်ဘက် ၇၅ မိုင်ခန့်အကွာရှိ ချီ‌ဖွေမြို့အနီး စစ်တပ်စခန်းများ၊ ရဲစခန်းများကို  တိုက်ခိုက်ခဲ့သည်။

အလားတူ ချီဖွေမြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ဆော့လော်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်းကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲစတင်သည့်နေ့တွင်ပင် ချီဖွေမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့အရှေ့ဘက်ရှိ ၄ မိုင် စုပေါင်းဂိတ်နှင့် တပ်စခန်းအချို့ကို သိမ်းပိုက်ကာ   မြို့အနီးရှိ   ဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်ခဲ့သည်။

 မြို့နှစ်မြို့ သိမ်းပိုက်နိုင်မှုကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“ချီဖွေကိုတော့ မနေ့က ညနေပိုင်းသိမ်းတာ၊ ဆော့လော်ကိုတော့ ဒီမနက် ၇ နာရီခွဲ အချိန်လောက်မှာသိမ်းတာ ဒါက Confirm ဖြစ်ပါပြီ (အတည်ပြုနိုင်ပါပြီ)” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ခါတိုင်းလိုပါပဲ သူတို့က လေကြောင်းကနေ တိုက်တာတွေရှိတယ်၊ နောက် စခန်းထိုင်တဲ့အဖွဲ့ကလည်း အတတ်နိုင်ဆုံးတော့ ခုခံတာပေါ့။ ဒါတွေအားလုံးသိမ်းလို့ရပါပြီ”

မြေပြင်တွင်လည်း စစ်ကောင်စီလက်ကျန်တပ်များကို ရှင်းလင်းရေးဆက်လုပ်နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းနှင့် သုံ့ပန်းများ ဖမ်းဆီးရမိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း KIA က အတည်ပြုခြင်းမရှိသေးပေ။

KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ချီဖွေနှင့် ဆော့လော်မြို့များ တည်နေရာပြ မြေပုံ

ချီဖွေနှင့် ဆော့လော်မြို့ပေါ်ရှိ ဒေသခံတို့မှာ နီးစပ်ရာကျေးရွာများနှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

တိုက်ပွဲအတွင်း ချီဖွေမြို့ပေါ်မှ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရမှုများ ရှိသလို နေအိမ်ပျက်စီးမှုများလည်းရှိသည်ဟု သိရပြီး ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

လူဦးရေ ၁၀၀၀၀ ကျော်သည့် ချီဖွေမြို့နယ်၊  လူဦးရေ ၆၀၀၀ ကျော်သည့် ဆော့လော်မြို့နယ်တို့သည်  ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ဗိုလ်ချုပ်များ သတ်မှတ်ပေးထားသည့် ကချင်အထူးဒေသ(၁)အတွင်း ပါဝင်သည်။

အဆိုပါဒေသတွင် စစ်ကောင်စီတပ်နှင့် တရုတ်တို့ လက်တွဲဖော်ဆောင်နေသည့် ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းနှင့် အခြားသတ္ထုတူးဖေါ်ရေးလုပ်ငန်းများလည်းရှိနေသည်။ အဆိုပါ စီမံကိန်းများ၏ အခြေအနေနှင့် ပတ်သက်ပြီး KIA ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိသေးပေ။

တရုတ်-မြန်မာနယ်စပ်ရှိ ကချင်အထူးဒေသ(၁)သည် စစ်တပ်နှင့် အပစ်အခတ် ရပ်စဲထားသည့် ဦးဇခုန်တိန့်ယိန်းဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) က နယ်မြေစိုးထားသည်။

NDA-K စိုးမိုးသည့် ပန်ဝါ၊ ချီဖွေ စသည့်ဒေသများသည် လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ်စသည့် မျိုးနွယ်စုများ အခြေချနေထိုင်ရာ ဒေသဖြစ်ပြီး ဇခုန်တိန့်ယိန်းနှင့် ၎င်း၏ မိသားစုဝင်များ ဩဇာညောင်းရာ နယ်မြေဖြစ်သည်။

ပြည်သူ့စစ်ခေါင်းဇောင် ဦးဇခုန်တိန့်ယိန်းသည် ယခင်က KIA တွင် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟု သိရသည်။ 

၁၉၆၈ တွင် KIA မှ ခွဲထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ထံ ပူးပေါင်းကာ ဗကပ ၁၀၁ စစ်ဒေသအနေဖြင့် ကချင်ပြည်အရှေ့မြောက်ပိုင်း ကန်ပိုက်တီး၊ ပန်ဝါဒေသတို့တွင် စစ်ရေးလှုပ်ရှားခဲ့သည်။

KIA ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်လာပါက ပြန်လည်တိုက်ထုတ်ရန် ဦးဇခုန်တိန့်ယိန်းက ၎င်းဦးဆောင်သည့် ပြည်သူ့စစ်များကို ပြီးခဲ့သည့် ဇွန် ၇ ရက်နေ့က အမိန့်ပေးခဲ့သည်။

ပြီးခဲ့သည့်လ (စက်တင်ဘာ) အတွင်း ဆဒုံးနှင့် ကန်ပိုက်တည်ဒေသများတွင်   တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်  KIA က ဆဒုံးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ကချင်ဒေသတွင်း ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့တွင်လည်း တိုက်ပွဲများပြင်းထန်နေသည်မှာ သီတင်းသုံးပတ်ကျော်ရှိလာပြီး စစ်ကောင်စီတပ်၏ ဆိုင်းတောင်ရဲစခန်းကုန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

ထို့ပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ရာ ဗန်းမော်မြို့မှ စစ်ကောင်စီတပ်များသည် ၎င်းတို့ လက်လွှတ်ထားရသည့် မိုးမောက်မြို့ကို ပြန်လည်ထိုးစစ်ဆင်နေသည်။ ထို့ကြောင့် ဗန်းမော်မြို့ အရှေ့ဘက် ၅ မိုင်ဝန်းကျင်ခန့်တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“နေ့တိုင်းလိုပါပဲ မိုးမောက်ဘက်ကတော့၊ မနက်အစောကြီးကတော့ လေကြောင်းနဲ့တိုက်တာပေါ့နော်၊ နောက် လက်နက်ကြီး မျိုးစုံပေါ့၊ နောက် ဒရုန်းနဲ့ တိုက်တာ၊ မြေပြင်ကနေ(စစ်ကြောင်း)ထိုးတာ ကျွန်တော်တို့ကတော့ ခုခံတိုက်ပွဲပါပဲ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ဒေသအတွင်း ပြီးခဲ့သည့် မတ်လ ၇ ရက်မှ စတင်ကာ KIA ပူးပေါင်းတပ်များက  စစ်တပ်စခန်းပေါင်းများစွာကို ထိုးစစ်ဆင်ခဲ့ပြီးနောက် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ ဒေါ့ဖုန်းယန်၊ မိုးမောက်၊ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်နှင့် ရှမ်းမြောက်မှ မဘိမ်းမြို့တို့ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button