
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်းကို ယနေ့(အောက်တိုဘာ၈) နံနက်၁၀နာရီတွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်(၃)လမ်းနေအိမ်မှ တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်သဂြိုဟ်ရာ မြို့နေလူထု သောင်းနှင့်ချီ လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီက မိသားစုနှင့်ဆွေမျိုးမှလွဲ၍ သုဿာန်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်ဟု လိုက်ပါပို့ဆောင်သူ မြို့ခံတို့ကပြောသည်။
သုသာန်ထဲသို့ မော်တော်ယာဉ်များ ဝင်ခွင့်မရခဲ့ကြောင်း နာရေး လိုက်ပါပို့ဆောင်သူ မြို့ခံအမျိုးသားတစ်ဦးကပြောသည်။
“မြို့လုံးကျွတ်နီးပါး ဆရာဇော့်နာရေးကို ပို့ကြပါတယ်၊ လမ်းတစ်လျှောက်မှာလည်း နှုတ်ဆက်ကြပါတယ်။ စစ်ကောင်စီကတော့ ဒိုင်းတွေနဲ့ လုံခြုံရေးအပြည့်ချထားတယ်။ နာရေးပို့တဲ့ ကား၊ ဆိုင်ကယ်၊ မီနီအိုးဝေ အကုန် တောင်အင်းမြောက်အင်း သုသာန်ထဲ ပေးမဝင်ဘူး” ဟု သူက ပြောသည်။
“မိသားစုနဲ့ဆွေမျိုးသာဝင်ခိုင်းပြီး ဝင်ပေါက်ကိုပိတ်ပစ်တယ်”
နာရေး ပို့ဆောင်သူတစ်ဦးကမူ လမ်းလျှောက်ဝင်သူများ ဝင်ခွင့်ရသည်ကို တွေ့ခဲ့ရသည်ဟု ပြောသည်။
“ကားတွေကိုပဲ အဝင်မခံတာ။ပြည်သူတွေကို လမ်းလျှောက်ဝင်ခွင့်ပြုတယ်။ နာရေးလာသူတွေများပြားနေလို့ သုသာန်ပြည့်နေတဲ့အတွက် ဝင်ခွင့်မရကြတာလို့ပြောတယ်။ စစ်သားနဲ့ရဲတွေ သုသာန်ရော၊လမ်းခုလတ်တွေရော လုံခြုံရေးပေးထားတာအများကြီးပဲတွေ့ရတယ်” ဟု သူက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၇) ညပိုင်းကတည်းက နာရေးအိမ်အနီး ရဲကင်းဂိတ်တစ်ခု လာရောက်ထားရှိခဲ့သလို အိမ်ဝန်းကျင်တွင်လည်း အရပ်ဝတ်စစ်ကောင်စီတပ်သားများ စောင့်ကြည့်နေကြကြောင်း မြို့ခံတို့က ဆိုသည်။
နာရေးပို့ဆောင်မည့် ယနေ့(အောက်တိုဘာ ၉) မနက်ပိုင်းတွင်လည်း မြို့အတွင်းမြို့အပြင် လုံခြုံရေးတင်းကြပ်ထားပြီး ရဲကားများကင်းလှည့်ခဲ့ကြောင်း၊ နာရေးအိမ်အနီး ကျွဲဆည်ကန် မီးပွိုင့်နှင့်မြို့အတွင်းနေရာအများအပြားတွင် ယာဉ်ထိန်းရဲတို့ စစ်ဆေးဖမ်းဆီးမှု များပြားကြောင်းမြို့ခံတို့က ပြောသည်။
စစ်ကောင်စီ ရန်ပြုနိုင်ခြေ ရှိသော်လည်း နာရေးကို စွန့်စားပြီး လိုက်ပါ ပို့ဆောင်သည့် ဒေသခံအရေအတွက် အများအပြားရှိကြောင်း တွေ့ရသဖြင့် လွန်စွာ လေးစားမိသည်ဟု မန္တလေးမြို့ခံ ကဗျာဆရာတစ်ဦးက ပြောသည်။
“ဆရာဇော့် နောက်ဆုံးခရီး လိုက်ပါပို့ဆောင်ကြတဲ့ မန္တလေးမြို့သူ၊မြို့သားတွေကို အရမ်းကြွေပါတယ်။ ဒါဟာ လူမှုရေးတာဝန်တစ်ခုထက်ပိုတဲ့ နိုင်ငံရေးအန်တုမှု(political defiance)ပြယုဂ်တစ်ခုလည်းဖြစ်တယ်”ဟု သူက မှတ်ချက်ပြုသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်၏ရုပ်အလောင်းကို နိဗ္ဗာန်ယာဉ်ပေါ်သို့ တင်ဆောင်ချိန်၌လည်း မြို့ခံလူထုက “အောင်ရမည်”ဟု ဟစ်ကြွေးကြကြောင်း သူက ဆက်ပြောသည်။
“နိုင်ငံတော်ဈာပနလို့ သူတို့အသိအမှတ်မပြုလည်း ကိစ္စမရှိဘူး။ လူထုကသူတို့ရင်ထဲက သတ်မှတ်ထားတဲ့ နိုင်ငံတော် ဈာပနပါ၊ မန္တလေးလူထုအတွက်တော့ နိုင်ငံတော်ဈာပန တစ်ရပ်ဖြစ်ပါတယ်”ဟု ယင်းကဗျာဆရာက ပြောဆိုသည်။
မြို့ခံလူထု လိုက်ပါပို့ဆောင်ကြရာတွင် နာရေးကားတန်း၏ပထမဆုံးကားသည် တံခွန်တိုင်အဝိုင်းကို ကျော်ပြီးသည်အထိ နောက်ဆုံးကားများသည် ဒေါက်တာဇော်မြင့်မောင်၏ နေအိမ်တွင်ပင်ရှိနေသေးကြောင်း မြို့ခံတို့က အံ့ဩဖွယ်ဆိုကြသည်။
“မန္တလေးမှာ ရွှေမန်းတင်မောင်နာရေးပြီးရင် ဆရာဇော့်နာရေးကအစည်ဆုံးပဲ။ ခုလိုဖိနှိပ်မှုတွေကြားက ဆရာဇော့်ဈာပနကို ပို့ကြတာ ကြက်သီးထဖွယ်ပဲ”ဟု မန္တလေးမြို့ခံနောက်တစ်ဦးက မှတ်ချက်ပြုသည်။
ယနေ့ စျာပနအခမ်းအနားကျင်းပရာ နေအိမ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ဒေါက်တာမျိုးညွန့်၊ ဒေါ်ဝင်းမြမြ၊ စာရေးဆရာထင်လင်းဦးတို့ လာရောက်ဂါဝရပြုကြသည်ကိုတွေ့ရသည်။
အသက်(၇၃)နှစ်အရွယ် သွေးကင်ဆာဝေဒနာရှင် ဒေါက်တာဇော်မြင့်မောင်သည် (အောက်တိုဘာ ၇) မနက်၃နာရီခန့်တွင် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် သတိလစ်မေ့မြောနေရာမှ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ရုပ်အလောင်းကို ယမန်နေ့မနက်အစောပိုင်းက မိသားစုနေအိမ်ဖြစ်သည့် ကျွဲဆည်ကန်(၃)လမ်းနေအိမ်သို့ စစ်ကောင်စီက နာရေးကူညီမှုကားတစ်စီးဖြင့် ပို့ဆောင်ခဲ့သည်။
မကွယ်လွန်မီ နာရီပိုင်းအလိုတွင် အကျဉ်းဦးစီးဌာနက လူမှုရေးအရငဲ့ညှာရန်၊ နိုင်ငံတော်၏မေတ္တာစေတနာကို နားလည်ရန် ထောင်မှ လွှတ်ပေးသည်ဟူသော လွတ်ငြိမ်းခွင့်ကို လာရောက်ဖတ်ကြားသွားသည်ဟု သိရသည်။ သို့သော်လည်း ရုပ်နာမ်ခန္ဓာ ကွဲပြားနေသည့် သတိလစ်မေ့မြောနေသူ ဒေါက်တာဇော်မြင့်မောင် ကြားသိနိုင်ခြင်းမရှိခဲ့ကြောင်း မိသားစုက ဆိုသည်။
“အင်မတန်မှ ရက်စက်၊ကြမ်းကြုတ်တဲ့ သူတို့ရဲ့စိတ်နေစိတ်ထားပေါ့။သေခါနီးဆဲဆဲမှာမှ လွှတ်တယ်ဆိုပြီးလာပြောတာ။ ကိုဇော်တောင် မကြားလိုက်ရပါဘူး”ဟု ညီမဖြစ်သူ ဒေါက်တာယုယုချစ်က ပြောသည်။
၂၀၂၁ ဖေဖော်ဝါရီ၁ စစ်တပ်အာဏာသိမ်းသည့်နေ့ ကတည်းက ဖမ်းဆီးခံထားရသည့်ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အမှုပေါင်းများစွာဖြင့် စွဲချက်တင်ပြီး ထောင်ဒဏ်၂၉နှစ်ချထားသည်။
အိုးဘိုထောင်တွင်တစ်ချိန်လုံးနေထိုးနေသည့် ပူပြင်းပိတ်လှောင်သည့် ပြစ်ဒဏ်တိုက်(ခေါ်)တိုက်အမှတ်၆တွင် အပူဒဏ်ကို ကြံ့ကြံ့ခံကာ ကျန်းမာရေးစောင့်ရှောက်မှုအလုံအလောက်မရရှိဘဲ ဖြတ်သန်းခဲ့ရသည်။
သာမာန်လူမျာအတွက်ပင် ပူပြင်းလှသည့် မန္တလေးမြို့တွင် သွေးကင်ဆာရောဂါသည်ဝန်ကြီးချုပ်က ပိတ်လှောင်ကျဉ်းမြောင်းသည့် အကျဉ်းထောင်အခန်းထဲတွင် ကာလရှည် ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်ဟု ဒေါက်တာယုယုချစ်က ပြောသည်။
“သူ့ကို ပထမဆုံးထားတဲ့ ထောင့်ကျဉ်းခန်းလေးထဲမှာ ၂နှစ်လောက်ကို အင်မတန်မှ ပူတဲ့နေရာမှာ။ သူကပြောရှာတယ်၊ သိပ်ပူတာပဲတဲ့။ ဘယ်လိုလုပ် လူတစ်ယောက်က ခံနိုင်ရည်ရှိမှာလဲ”ဟု ဒေါက်တာယုယုချစ်ကပြောသည်။
“အာဟာရလည်းချို့တဲ့။ စိတ်ဓာတ်ကိုလည်း မချို့ ချို့တဲ့အောင်လုပ်၊ ခန္ဓာကိုယ်လည်း မချို့ ချို့တဲ့အောင်လုပ်။ အဲဒီလိုမျိုးထဲ သူ့မှာ တော်တော်ကိုခံနိုင်ရည်ရှိအောင်လုပ်လာခဲ့ရတာ”
ကျန်းမာရေး ပိုမိုဆိုးရွားလာသည့် ဒေါက်တာဇော်မြင့်မောင် ထောင်ဆေးရုံသို့ ရောက်သွားပြီး လအနည်းငယ် အကြာတွင် စစ်ကောင်စီက ဆရာဝန်များ၏ဝိုင်းဝန်း တောင်းပန်မှုကြောင့် ထောင်ပြင်ပတွင် ဆေးကုသခွင့်ပေးခဲ့သည်။
သို့သော် ကျန်းမာရေးစိုးရိမ်နေရသည့် ၎င်းကို မိသားစုတွေ့ဆုံခွင့် ကန့်သတ်ခဲ့သည်။
“သူတို့ရဲ့ တချိန်လုံးစောင့်ကြည့်နေတဲ့ ကြားထဲက မိသားစုက ကြည့်ရတာ၊သွားချင်တာတောင်မှ သူတို့ဆီကို ခွင့်တောင်းပြီးတော့မှ ခွင့်ရမှ သွားခဲ့ရတာ။ သွားတွေ့ခွင့်ရတယ်ဆိုလို့ချင်လည်း ငါးမိနစ်၊ ဆယ်မိနစ်လောက်ပဲတွေ့ခွင့်ရတာ။ အဲဒါတောင်မှ အမျိုးမျိုးတောင်းပန်ပြီးတော့ တွေ့ခွင့်ရအောင်လုပ်ခဲ့ရတာ”ဟု ဒေါက်တာယုယုချစ်က ဆက်ပြောသည်။
“ဆေးရုံပေါက်မှာ တစ်နေ့လုံးထိုင်စောင့်ရတယ်။ စိတ်ပင်ပန်းလူပင်ပန်းနဲ့ နောက်ဆုံးအခြေအနေလေးမှာ တွေ့ခွင့်ရသွားတာ။ သူ့မှာ မိသားစုကိုတွေ့တော့ ပြုံးပြီး ဝမ်းသာသွားတာ”
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကလည်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ရခြင်းသည် အိုးဘိုအကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရ၍ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဒေါက်တာဇော်မြင့်မောင်၏ဘဝဇာတ်ကြောင်း
ဒေါက်တာဇော်မြင့်မောင်သည် ၁၉၅၁ခုနှစ် ဒီဇင်ဘာ၁၁ရက်နေ့တွင် မန္တလေး၊ အမရပူရမြို့နယ်တွင် မွေးဖွားခဲ့ပြီး မန္တလေးမြို့ စိန့်ပီတာကျောင်း (အမှတ်၉အခြေခံပညာအထက်တန်းကျောင်း)တွင် အထက်တန်းအောင်မြင်ခဲ့သည်။
၁၉၇၉ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့သလို ၁၉၈၃ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်တွင် ဇီဝဓာတုဗေဒ သရုပ်ပြအဖြစ် လုပ်ကိုင်ခဲ့သည်။
ဒေါက်တာတစ်ဦးဖြစ်သူ ဒေါ်ယုယုမေနှင့်အိမ်ထောင်ကျပြီး သားသမီး(၃)ဦးထွန်းကားခဲ့သည်။
“သူ့မှာ ဂုဏ်လည်းရှိတယ်။ သိက္ခာလည်းရှိတယ် ။ပိုက်ဆံလည်းရှိတယ်။ အဲဒါကိုစွန့်လွှတ်ပြီးတော့မှ နိုင်ငံရေးကိုရွေးလိုက်တာ။ဆူးခင်းလမ်းကို သူရွေးခဲ့တာ”ဟု မိသားစုဝင်ကဆိုသည်။
၁၉၉၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ NLD ကိုယ်စားပြုအမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် သူ့ကို စစ်တပ်က ဖမ်းပြီး နှစ်ရှည်ထောင်ဒဏ် ချခဲ့သည်။ ထို့နောက် ၁၉ နှစ် အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။
၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားပြု ရွေးကောက် တင်မြှောက်ခြင်းခံရကာ မန္တလေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
၎င်းလက်ထက်မန္တလေးမြို့သည် ရာဇဝတ်မှု လျော့ကျခဲ့ပြီး မြို့နေလူထု၏ချစ်ခင်မှုကိုလည်း ရရှိခဲ့သူ ဝန်ကြီးချုပ်ဖြစ်သည်။
NLD ပါတီမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဒေါ်ဝင်းမြမြက ဒေါက်တာဇော်မြင့်မောင်၏ နိုင်ငံရေးဖြတ်သန်းမှုသည် လွန်စွာ လေးစားဖွယ်ကောင်းပြီး ၎င်းသည်နိုင်ငံ့တာဝန်၊ ပါတီက ပေးအပ်သောတာဝန်၊ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပေးအပ်သော တာဝန်၊ ပြည်သူလူထုကပ းအပ်သောတာဝန်အားလုံးကို လစ်ဟင်းမှုမရှိဘဲ ကျေပွန်သူဖြစ်ကြောင်း မှတ်ချက်ပြုသည်။
“သူဒီတာဝန်တွေကို ထမ်းဆောင်ချင်တဲ့ စိတ်ကဘယ်လောက်မြင့်မားတယ်ဆိုတာ သူအသက်မသေချင်တဲ့ အနေအထားမျိုး၊ အဲဒီစိတ်ရဲ့ ပါဝါမြင့်တာကြောင့်ပဲ သူ့ရဲ့သွေးကင်ဆာဆိုတာ ဒီအချိန်ထိခံတယ်လို့ပဲ ကျွန်မက ယူဆမိတယ်”ဟု ဒေါ်ဝင်းမြမြက ဆိုသည်။
“အခုလည်း ရုပ်ကလာပ်က အပြုံးနဲ့။ သူလုပ်ကိုင်သွားတာတွေကို ကျေနပ်နေတယ်ဆိုတဲ့ပုံစံနဲ့ အပြုံးနဲ့တွေ့ရတယ်။ နည်းနည်းမှ ရုပ်ကယိုယွင်းသွားတဲ့ပုံစံ မရှိဘူး”
ပြဿနာဖြေရှင်းနည်း မှားယွင်းသဖြင့် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သည်အထိ ဖြစ်ခဲ့ရသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဝေဖန်သည်။
“အခုချိန်မှာ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးကို နိုင်ငံရေးနဲ့ဖြေရှင်းမယ်ဆိုတဲ့စကားသံတချို့ကို တချို့က ပြောဆိုလာကြပါတယ်။ အကယ်၍ နိုင်ငံရေးကို နိုင်ငံရေးနဲ့ဖြေရှင်းရိုးမှန်ခဲ့ရင် ဆရာဒေါက်တာဇော်မြင့်မောင်ဟာ အခုလို ရောဂါကျွမ်းပြီးတော့ ရေတိမ်နစ်ရတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး”ဟု သူက Myanmar Now ကို ပြောသည်။
ယမန်နေ့က ဒေါက်တာဇော်မြင့်မောင်၏စျာပနအခမ်းအနားပြင်ဆင်ထားသည့် ပြည်ကြီးတံခွန်မြို့နယ်နေအိမ်ကို စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်ဦးဆောင်သည့် အဖွဲ့ နာရေးသတင်းလာရောက်မေးမြန်းခဲ့ပြီး ဈာပနမှတ်တမ်းရေးသားခဲ့သည့်အတွက် လူထုအကြားဝေဖန်မှုမြင့်တက်ခဲ့သည်။
“စိန့်ပီတာ ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ အကိုကြီးရဲ့ နောက်ဆုံးခရီးစဉ်မှာ ဂါရဝပြုနှုတ်ဆက်ကန်တော့ပါသည်ခင်ဗျား”ဟု စစ်ကောင်စီခန့်ဝန်ကြီးချုပ်ဦးမျိုးအောင်က ဈာပနမှတ်တမ်းတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ အထူးဝမ်းနည်းကြေကွဲရသည်၊သူမျှော်လင့်ခဲ့သည့် ပြည်သူ့နွေဦးတော်လှန်ရေးကို အမြန်ဆုံးပြီးမြောက်အောင်မြင်သည်အထိ အကောင်အထည်ဖော်မည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။
မန္တလေးနှင့် အနီးဆုံးနေရာအထိ ထိုးစစ်ဆင်နေသော တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း မြန်မာနိုင်ငံ ကျရှုံးနိုင်ငံ ဖြစ် လာနေချိန် ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ ပညာတတ်လူတန်းစားများကို ဆုံးရှုံးရခြင်း ဖြစ်သည်ဟု ယနေ့ ထုတ်ပြန်သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။
စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ညှဉ်းပမ်းနှိပ်စက်ခြင်း တို့ကို ဦးမညွှတ်ဘဲ ဒီမိုကရေစီတိုက်ပွဲအလံကို အသက်သေဆုံးသည်အထိ စွဲကိုင်လွှင့်ထူ ဦးဆောင်တိုက် ပွဲဝင်သည့် ဒေါက်တာဇော်မြင့်မောင်ကို ဒီမိုကရေစီသူရဲကောင်းအဖြစ် အစဉ်အမြဲဂုဏ်ပြုအမှတ်ရနေ မည်ဟု TNLA က ဆိုသည်။
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သေဆုံးခြင်းနှင့်ပတ်သက်၍ မန္တလေး မြို့နေလူထုအများအပြား ဝမ်းနည်းပူဆွေးဖြစ်ကြသည်။
အစ်ကိုဖြစ်သူကလည်း မကွယ်လွန်မီ အများပြည်သူအတွက် အမှာစကား ပါးခဲ့သေးသည်ဟု
ဒေါက်တာယုယုချစ်က ပြောသည်။
“စိတ်ဓာတ်မကြပါနဲ့။ ကိုဇော့်(ဒေါက်တာဇော်မြင့်မောင်) ရဲ့နောက်ဆုံးအမှာစကားက မျက်နှာလေးက ပြုံးပြီး စိတ်ဓာတ်မကျကြနဲ့၊ မင်းတို့လုပ်ကြပါ၊ လူကောင်းစိတ်ကောင်း၊ နိုင်ငံကောင်းဖြစ်အောင် ကြိုးစားကြပါလို့ ကိုဇော်က အဲဒီလိုပြောလိုက်ပါတယ်”ဟု ဒေါက်တာယုယုချစ်က ဆိုလိုက်သည်။



