သတင်း

ဟားခါးတွင် စခန်းကုန်းတစ်ခုသိမ်းစဉ် ဗိုလ်မှူး အပါအဝင် ၄ ဦး အရှင်မိ 

နှစ်ဖက် အကျအဆုံးများဖြင့် သိမ်းပိုက်ခဲ့သည့် စခန်းငယ်မှာ မြို့နှင့်တစ်မိုင်ခန့်သာ ဝေးသဖြင့် နောက် တစ်နေ့တွင် စစ်တပ်က ပြန်လည်ရယူသွားခဲ့သည်။

ချင်းပြည်နယ်၊ မြို့တော်ဟားခါးရှိ စစ်ကောင်စီစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၄ ဦးသုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ချင်းတော်လှန်ရေး အဖွဲ့များထံမှ သိရသည်။ 

ဟားခါးနှင့်ထန်တလန်ကြား Kiamtlang တောင်ပေါ်ရှိ အင်အား ၁၅ ဦးခန့် ရှိသည့် ထိုစခန်းကို အောက်တို ဘာ ၂၈ ရက်၊ နံနက် ၇ နာရီခွဲ ဝန်းကျင်တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ် ရေးအဖွဲ့ -ဟားခါး (CDF Hakha) တို့ ဝင်ရောက်တိုက်ခိုက်ပြီး နာရီဝက်အကြာတွင် တိုက်ပွဲပြီးဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကာ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး၊ ပြည်သူ့စစ်သင်တန်းဆင်း တပ်သားသစ်တစ်ဦးအပါအဝင် စစ်သား ၄ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု  CDF Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ထိုစခန်းမှ သေနတ် ၉ လက်အပါအဝင် ခဲယမ်းနှင့် မိုင်းများလည်း သိမ်းဆည်းရရှိခဲ့သော်လည်း ချင်းတော်လှန်ရေးအဖွဲ့ဘက်မှ  အဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည်။ 

အဆိုပါစခန်းသည် မြို့နှင့် တစ်မိုင်ခန့်သာ ကွာဝေးသဖြင့် နောက်တစ်နေ့ (အောက်တိုဘာ ၂၉) နံနက် တွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရယူခဲ့ရာ ချင်းတော်လှန်ရေးအဖွဲ့များ ပြန်ဆုတ် ပေးလိုက်ရ သည်ဟု သိရသည်။ 

“ ညနေ ၇ နာရီ၊ ၈ နာရီ အထိသေနတ်သံမစဲဘူး။ မနက် ၃ နာရီလောက်မှာ သူတို့က သုံးနေရာလောက် က ဝင်စီးပြီး တိုက်တော့တိုက်ပွဲဖြစ်ပြီးတော့ ပြန်ဆုတ်လာတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။  

ယနေ့  (အောက်တိုဘာ ၃၀) နံနက်တွင် ခရိုင်ရဲတပ်ဖွဲ့ရုံးကို ချင်းတော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက် ခဲ့သည်ဟု ဆိုသည်။ 

သုံးလကြာ စစ်သင်တန်းပေးထားသည့် တပ်သားသစ် ၉၀ နီးပါးကို ပြီးခဲ့သည့်လက ကလေးမြို့မှ တဆင့် ဟားခါးသို့ လေကြောင်းဖြင့် ပို့၍ အင်အားဖြည့်ထားသည်ဟု CDF Hakha မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 

အောက်တိုဘာ လလယ်ခန့်က ဟားခါးနှင့် ထန်တလန်မြို့ကြားကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်း ပစ်ကူတို့ဖြင့် တန်ပြန်ထိုးစစ်ဆင်ပြီး ထန်တလန်မြို့ကိုလည်း စစ်ကူများ ဖြည့်တင်းထားသည်။ 

ဟားခါးမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသည့် ထန်တလန်မြို့သိမ်းနိုင်ရေး ချင်းတော်လှန်ရေးအဖွဲ့များက  ကြိုးပမ်းနေပြီး မြို့ပေါ်တွင် စစ်ကောင်စီ တပ်စွဲထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးနှင့် ရဲစခန်း မှအပ ကျန်နေရာများကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။ 

“ ထန်တလန်မှာ ကျွန်တော်တို့က ၁၀၀ မှာ ၉၀ ကတော့ စိုးမိုးထားဆဲပါ”ဟု ချင်းအမျိုးသား တပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ ချင်းပြည်နယ်တွင် အိန္ဒိယ-မြန်မာ နယ်စပ် ရိခေါရ်ဒါ၊ လိုင်လင်း ပီ၊ ရေဇွာနှင့် တွန်းဇံ မြို့တို့ကို ချင်းအမျိုးသားတပ်မတော်နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။ 

မတူပီနှင့် ကျင်ဒွေးမြို့ကို ချင်းဒေသတော်လှန်ရေးအင်အားစုများဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထားပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သုံးပွင့်ဆိုင်ထိစပ်နေသည့် ပလက်ဝမြို့ကိုမူ ရခိုင်တပ် အာရက္ခတပ်တော် (AA) က ယခု နှစ်ဆန်းပိုင်းတည်းက ထိန်းချုပ်ထားသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော CNA,CDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- ပေးပို့)

Show More

Related Articles

Back to top button