
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၅) ညနေက ကထိန်အလှူပွဲတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရပြီး သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် ၄ ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ပုလဲမြို့နယ်အနောက်ဘက် တောင်ပေါ်ရှိ ကထိန်ပွဲကျင်းပနေသည့် အိုင်းမရွာကို ညနေ ၃ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် စစ်လေယာဉ်ဖြင့် ဗုံးသီး အကြီး ၃ လုံး၊ ဗုံးသီးအသေး ၂၀ ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် ဒေါ်လုံးခင် နှင့် အသက် ၄၀ အရွယ် ဦးအောင်ဌေးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၂၄ နှစ်အရွယ် မဇာဇာခိုင်မှာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ကာ အသက် ၈၀ အရွယ် ဒေါ်အေးသိုက်မှာ ထိတ်လန့်၍ သေဆုံးခဲ့သည်။
“၂ ယောက်က ပွဲချင်းပြီးသေတယ်။ ၁ ယောက်က ဆေးရုံမှာသေတယ်။ ဗုံးဒဏ်ကြောင့်သေတာက ၃ ယောက်။ နှလုံးရှော့ရိုက်ပြီးသေတာက ၁ ယောက်”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးဇော်ထက်က ပြောသည်။
ထို့ပြင် အသက် ၁ နှစ်ခွဲအရွယ် မောင်သက်ဖြိုးကို၊ အသက် ၄၀ အရွယ် ဒေါ်စိုးစိုး၊ အသက် ၄၀ အရွယ် ဒေါ်ဌေးကြည်၊ ဦးစိန်ဝင်းထွန်း နှင့် အသက် ၈၀ အရွယ် ဦးစိန်ဖေတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
ထိုရွာတွင် တပ်ရင်းတပ်ဖွဲ့ အခြေစိုက် စုဝေးခြင်းလည်းမရှိ၊ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ ကျေးရွာကထိန်အလှူပွဲ ကျင်းပနေချိန်တွင် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ဆက်ပြောသည်။
“ ရွာက ကထိန်ခင်းတယ်ဆိုတော့ ရုန်း ရုန်းနဲ့သွားကြလာကြ စုဖွဲ့ကြတာတွေတော့ ရှိတယ်။ သူတို့ သတင်းပေးတွေက သတင်းမှားပေးတာလားတော့ မသိဘူး။ တကယ်တမ်းတော့ ရွာကထိန် ပွဲလုပ်ကြတာ။ အဲ့ဒါကို ဂျက်ဖိုက်တာနဲ့ လာပစ်တာ”
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံး ပျက်စီးပြီး ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရ ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ ပုလဲမြို့နယ်သည် မကွေးတိုင်း ယောဒေသ ဂန့်ဂေါ၊ မြိုင်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြို့နယ် အရှေ့ဘက်ခြမ်းမှာ မြေပြန့်လွင်ပြင်ပေါများပြီး အနောက်ခြမ်းမှာ တောင်တန်းပေါ်တွင်ရှိသည်။
ပုလဲမြို့နယ်တွင် မြေပြန့် အိုင်းမနှင့် တောင်ပေါ် အိုင်းမရွာ ရှိသည့်အနက် ယခုလေကြောင်းတိုက်ခိုက် ခံရသည့် တောင်ပေါ် အိုင်းမရွာမှာ စစ်ကောင်စီစစ်ကြောင်းမထိုးသည်မှာ နှစ်နှစ်နီးပါးခန့်ရှိပြီ ဖြစ်သည်။
စစ်တပ်က လူစုလူဝေးရှိရာနေရာများကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် အတွက် ပြည်သူလူထုအနေဖြင့် သာရေး၊ နာရေး အခမ်းအနားများ ပြုလုပ်ရာတွင် လေကြောင်းအန္တရာယ် ကို သတိပြုသင့်ကြောင်း ပုလဲမြို့နယ် ပအဖ က တိုက်တွန်းသည်။
“ လှူရေးတန်းရေးတွေမျာ ဖြစ်နိုင်သမျှတော့ လူစုလူဝေးတွေ ရှောင်ကြဖို့ပေါ့။ အခုကလည်း ဘာမှလည်း စစ်ရေးပစ်မှတ်လည်းမဟုတ်ဘူး။ ကထိန်ရာသီမလို့ ကထိန်ခင်းတယ်။ ဒါကို ဂျက်ဖိုက်တာ နဲ့လာပစ်သွား တယ်ဆိုတော့ အဓိကတော့ ကျွန်တော်တို့ ပြည်သူတွေဖြစ်နိုင်ရင် ပျော်ပွဲရွှင်ပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲတွေကို တတ်နိုင်သမျှတော့ အကျဉ်းချုပ်လေးနဲ့ လုပ်စေချင်တယ်” ဟု ဦးဇော်ထက်က ပြောသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် မြေပြင်စစ်ကြောင်းထိုးခြင်းထက် ၎င်းတို့ အားသာ ချက်ဖြစ်သည့် စစ်အင်အားဖြည့်တင်းခြင်းအပါအဝင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို ပိုမို အားပြု လာသည်။
တိုက်ပွဲဖြစ်သည့်နေရာကို လေကြောင်းပစ်ကူပေးရုံသာမက လူစုလူဝေးရှိသည့် နေရာများ၊ စာသင် ကျောင်း၊ ဆေးရုံ၊ သာသနိက အဆောက်အဦးများပါမချန် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင် လျှက်ရှိသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ တရုတ်ပြည် ကူမင်းမြို့ခရီးစဉ်စတင်သည့် ယမန်နေ့ (နိုဝင်ဘာ ၅) ရက်က စစ်ကိုင်းတိုင်း ပုလဲ၊ မော်လူးအပါအဝင် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ် MNDAA ထိန်းချုပ် ထားသည့် လားရှိုးမြို့အပြင် ချင်းပြည်နယ် မင်းတပ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့ သည်။
စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံ နှင့် မဲခေါင်ဒေသတွင်း နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်သော စီးပွားရေးဆိုင်ရာဆွေးနွေးပွဲများကို တက်ရောက်ရန် သွားရောက်ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုများ
တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ အလယ်ပိုင်း တန့်ဆည် မြို့နယ်၊ ဇီးပေါက်ရွာကိုလည်း နိုဝင်ဘာ ၄ ရက်နေ့က လေကြောင်းတိုက်ခိုက်ရာ အထက်တန်း ကျောင်းနှင့် ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်များလည်း ပျက်စီးခဲ့သည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်ထား သည့် မော်လူးမြို့ဆေးရုံကို ယမန်နေ့ (နိုဝင်ဘာ ၅) ရက် ညနေက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး
အဆောင်တစ်ခုပျက်စီးသွား ကြောင်း ဒေသခံများထံမှသိရသည်။
“မော်လူးလေကြောင်းတိုက်ခိုက်မှုက ဗုံးနှစ်လုံးကြဲတယ်။ တစ်လုံးကတော့ မကွဲဘူး။ တစ်လုံးတော့ ကွဲတယ်။ ဆေးရုံအဆောက်အဦ နှစ်ခု ပျက်စီးသွားတယ်။ ပြည်သူလူထုအထိခိုက်တော့မရှိဘူး။ မြို့က ညနေ ဈေးဖွင့်တဲ့အချိန်နဲ့နည်းနည်းစည်ကားနေတာဆိုတော့ မြို့ကတော့ နည်းနည်းလေး ရုတ်ရုတ်သဲသဲ ဖြစ်သွားတာပေါ့။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ ရှောင်တဲ့ဟာရှောင် အဲဒီလိုတော့ ရှိတယ်” ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
မော်လူးမြို့နှင့် ကပ်လျှက်ရှိ အင်းတော်မြို့တွင် ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေသည်။
“အင်းတော်မှာ တိုက်ပွဲဖြစ်နေတာဆိုတော့ အင်းတော်က ဒဏ်ရာရတဲ့ရဲဘော်တွေ မော်လူးဘက်လာ ဆေးကုတယ် အဲဒီလို သတင်းရလို့ ဆေးရုံကိုကြဲသွားတာ။ တကယ်တော့ အဲ့ဒီဆေးရုံမှာ ဘာမှမရှိဘူး။ ဒဏ်ရာရတဲ့သူတွေ ဆေးကုနေတာလည်းမရှိဘူး။ ပြည်သူတွေ ဆေးကုနေတာလည်းမရှိဘူး။ ဒီအတိုင်းပဲ အဲ့ဒီဆေးရုံက ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ပစ်ထားတာ အသုံးပြုမှုမရှိဘူး”ဟု အထက်ပါ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
မော်လူးမြို့ကို ယမန်နှစ် ဒီဇင်ဘာ ၁၃ ရက်တွင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်လျှက်ရှိသည်။
အရပ်သား ပစ်မှတ်များ မြို့ရွာများကို ဦးတည်တိုက်ခိုက်နေသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု များကို အဆုံးသတ်နိုင်ရေးအတွက် စစ်ကောင်စီထံ လေယာဉ်ဆီတင်သွင်းရောင်းချ၊ ပို့ဆောင် ဖြန့်ဖြူး နေသည့် ကုမ္ပဏီများ ၊ အဖွဲ့အစည်းများကို ယူကေ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂအစိုးရများမှ ထိရောက် စွာ အရေးယူပေးရန် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က တောင်းဆိုသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို စာရင်းပြုစုသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်သော ဥာဏ်လင်းသစ် အဖွဲ့၏ အောက်တိုဘာလ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာ သိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာ တစ်နှစ် ထက် တစ်နှစ် မြင့်တက်လာပြီး ယခုနှစ်ဆန်းမှ ဩဂုတ်အထိ ရှစ်လတာကာလအတွင်း အရပ်သား ၈၁၃ ဦး သေဆုံးခဲ့သည်။





