စစ်ကိုင်းတိုင်းအတွင်းရှိ လွတ်မြောက်နယ်မြေများတွင် အစိုးရဝန်ကြီးများရုံးထိုင်မည့် ရုံးခန်းများ ယခုလအတွင်း ဖွင့်လှစ်ပြီး အရပ်ဘက်အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်တော့မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက Myanmar Now ကို အတည်ပြုပြောဆိုလိုက်သည်။
နိုင်ငံပြင်ပသို့ရောက်နေသည့် NUG ခေါင်းဆောင်များ ပြည်တွင်းသို့ ပြန်လာရန် ယာယီသမ္မတ ဒူဝါလရှီးလက ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၆ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ဆင့်ခေါ်ခဲ့ပြီးနောက် နှစ်လနီးပါးအကြာတွင် NUG ၏မြေပြင်အစိုးရရုံးများ စတင်အသက်ဝင်မည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
“သိပ်မကြာခင်မှာ စစ်ကိုင်းတိုင်းမှာ NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ အတွင်းဝန်တွေ၊ နောက်ပြီးတော့ တိုင်းဦးစီးတွေ၊ ဒုတိုင်းဦးစီးတွေ စုစည်းပြီးတော့ အလုပ်လုပ်နိုင်တဲ့ ကိစ္စတစ်ခုကို ကျွန်တော်တို့ အခု ဇန်နဝါရီမှာ အကောင်အထည်ဖော်မယ်” ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပဲခူးတိုင်း တစ်နေရာတွင် Myanmar Now နှင့် သီးသန့်တွေ့ဆုံစဉ် ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်လခွဲခန့်အကြာ ၂၀၂၁ ဧပြီတွင် ဖွဲ့စည်းခဲ့သည့် NUG သည် ယခုအချိန်အထိ အစိုးရဝန်ကြီးများ မြေပြင်တွင် မစုစည်းနိုင်ကြသေးသည့်အပြင် အဝေးရောက်အစိုးရဟုလည်း မကြာခဏ ဝေဖန်ခံနေရသည်။
ပြည်တွင်းနှင့် နိုင်ငံတကာတွင် အစိုးရအရာရှိများ ပြန့်ကျဲနေသည့်အတွက် အစိုးရအဖွဲ့အတွင်း အရေးကြီးသည့် ဆုံးဖြတ်ချက်များချရန်အတွက် အချိန်ယူခဲ့ရသည်၊ ထိုအခက်အခဲ ကျော်လွှားရန် မဟာဗျူဟာမြောက် ကော်မရှင်ကြီးများကို ဖွဲ့စည်းပြီး တစ်နေရာတည်းတွင်စုစည်းမည်ဟု NUG ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
“စစ်ရေးဆိုရင်လည်း စစ်ရေးနဲ့ ပတ်သက်တဲ့ ကော်မရှင်တစ်ခုကို စုစည်းကြမယ်။ နိုင်ငံရေး ဆိုရင်လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနတွေ၊ ကော်မတီတွေ အကုန်ပေါင်းစပ်ပြီး စုစည်းလိုက်မယ်။ နောက်ပြီးတော့အုပ်ချုပ်ရေး ဆိုရင်လည်း ဒီလိုမျိုး ကဏ္ဍကြီး ၅ ရပ် လောက်ကို အကုန်ပြန်စုမယ်” ဟု ၎င်းက ဆက်ပြောသည်။
NUG ရုံးစိုက်မည့် စစ်ကိုင်းတိုင်းသည် လူဦးရေ ၆ သန်းကျော် နေထိုင်ပြီး အာဏာသိမ်း စစ်ကောင်စီကို အပြင်းထန်ဆုံးဆန့်ကျင်နေသည့် ဒေသတစ်ခုလည်းဖြစ်သည်။
စစ်ကောင်စီသည် ထိုဒေသတွင် ထိန်းချုပ်နိုင်စွမ်း အကြီးအကျယ်ကျဆင်းခဲ့ပြီး ဒေသတွင်းလူဦးရေ၏ ၁၃ ရာခိုင်နှုန်းဖြစ်သော လူ ၈ သိန်းကျော်ကိုသာ သန်းခေါင်စာရင်း ကောက်နိုင်ခဲ့သည်ဟု ဒီဇင်ဘာလကုန်ပိုင်းက ထုတ်ပြန်သည့် ၂၀၂၄ သန်းခေါင်စာရင်းအစီရင်ခံစာတွင် ဝန်ခံထားသည်။
မြို့နယ် ၃၇ မြို့နယ်ရှိသည့် စစ်ကိုင်းတိုင်းထဲမှ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များ ပါဝင်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသာ အပြည့်အဝထိန်းချုပ်ပြီး သန်းခေါင်စာရင်းကောက်နိုင်ခဲ့သည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင် တွေ့ရသည်။
NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် မဟာမိတ်များ အားကောင်းရာ စစ်ကိုင်းတိုင်းထဲမှ ထီးချိုင့်၊ အင်းတော်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ကနီ၊ ပုလဲ၊ ခင်ဦး၊ ဝက်လက် စသည့်မြို့နယ်ကိုးခုကို လုံးဝလက်လွှတ်ခဲ့ရသည် ဟုလည်း စစ်ကောင်စီသန်းခေါင်စာရင်းအစီရင်ခံစာက ဆိုသည်။
စစ်ကောင်စီက ဒေသတွင်းစစ်ဆင်ရေးများကို စီမံခန့်ခွဲသည့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာ မုံရွာမြို့အပါအဝင် စစ်ကိုင်းတိုင်းထဲမှ ကျန် ၂၉ မြို့နယ်ကို တစ်စိတ်တပိုင်းထိန်းချုပ်နယ်မြေများအဖြစ် သတ်မှတ်ခဲ့သည်။

NUG ဖွဲ့စည်းထားမှု
NUG အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ်များ ပါဝင်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၁ ဧပြီတွင် ဖွဲ့စည်းခဲ့သည်။
‘ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရအဖွဲ့’ ဟုကြေညာထားသည့် NUG သည် စစ်တပ်ကဖမ်းဆီးထောင်ချထားသည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မူလရာထူးများ ပြန်လည်ခန့်အပ်သည်ဟု ကြေညာထားသည်။
NUG သည် ကချင်လူမျိုး ဥပဒေပညာရှင် ဒူးဝါးလရှီးလကို ယာယီသမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ကရင်လူမျိုး မန်းဝင်းခိုင်သန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားသည်။
ထိုလေးဦးကို နိုင်ငံတော်အကြီးအကဲများအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့၏အောက်တွင်ဝန်ကြီး ၁၇ ဦး၊ ဒုဝန်ကြီး ၁၇ ဦးတို့ပါဝင်သည့် အစိုးရဝန်ကြီးဌာန ၁၇ ခုနှင့် လည်ပတ်နေသည်။
NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ၂၀၂၅ ခုနှစ်တွင် NUG အစိုးရကို ပိုမို၍ ကျစ်ကျစ်လစ်လစ်ဖြစ်စေရန် စီစဉ်ပြီး အုပ်ချုပ်ရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲမည်၊ မဟာမိတ်ဆက်ဆံရေး ကဏ္ဍကို တိုးမြှင့်သွားမည်ဟု နှစ်သစ်ကူး မိန့်ခွန်းတွင် ထုတ်ဖော်ပြောဆိုထားသည်။
“ပ သုံးလုံး ယန္တရား”
အခြားတစ်ဖက်တွင် NUG အစိုးရ၏ အဓိက မြေပြင် အုပ်ချုပ်ရေး ယန္တရား ဖြစ်သည့် “ပ သုံးလုံး အုပ်ချုပ်ရေး ယန္တရား” မှာ ပြည်သူလူထုကြားတွင် ဝေဖန်မှုမြင့်မားနေသည်။
NUG ၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရန် ဖွဲ့စည်းထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပ.လ.ဖ) တို့ကို “ပ သုံးလုံး” ယန္တရားဟု အတိုကောက် ခေါ်ဆိုကြခြင်းဖြစ်သည်။
မှားယွင်း သတ်ဖြတ်မှုများ၊ အပြစ်မဲ့ လူထုကို မှားယွင်း ဖမ်းဆီးမှုများကြောင့် ပသုံးလုံးယန္တရားနှင့် လူထုကြား ပွတ်တိုက်မှုမှာ ၂၀၂၃ တွင် ပိုမိုကျယ်ပြန့်လာပြီး ၂၀၂၄ နှစ်ဆန်းပိုင်းတွင် စုဝေးဆန္ဒပြခံရသည်အထိ ဖြစ်လာသည်။
PDF နှင့် ပ.က.ဖ တို့မှာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုဖြင့် လည်ပတ်နေပြီး ပ.အ.ဖ နှင့် ပ.လ.ဖ တို့ကို NUG ၏ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက် ကွပ်ကဲသည်။
NUG ၏ “ပ သုံးလုံး ယန္တရား” အားနည်းချက်များရှိနေချိန် မြေပြင် အစိုးရအဖွဲ့ရုံးများ ဖွင့်လှစ်ပြီး အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်နိုင်မှသာ “ ပ သုံးလုံး ” ယန္တရားကို အချိန်မီ ထိန်းကျောင်းနိုင်မည်ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ဆက်ပြောသည်။
“ဒါတွေကို ကျွန်တော်တို့ အချိန်မီ ထိန်းကျောင်းနိုင်ဖို့ လိုတယ်။ အချိန်မီ ထိန်းကျောင်းနိုင်ဖို့ ဆိုရင်လည်း တာဝန်ရှိတဲ့သူတွေ လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေက အဲဒီ ပ သုံးလုံး အဖွဲ့တွေနဲ့ က နီးနီးစပ်စပ်ရှိဖို့ လိုအပ်တယ်။ ဒါမှကျွန်တော်တို့ ထိန်းကျောင်းရတာ လက်လှမ်းမီမယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု များကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည့် တော်လှန်ရေး နယ်မြေတွင် အစိုးရရုံးဖွင့်လှစ်နိုင်ရန်မှာ အသက်အန္တရာယ်နှင့် လောင်းကြေးထပ်ရမည့် စိန်ခေါ်မှု တစ်ခု ဖြစ်နေသည်။
သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်တာ ကာလအတွင်း တိုင်းရင်းသား မဟာမိတ်တပ်များ၏ သင်ကြားမှုဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စီမံချက် ရေးဆွဲထားသည်၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့က တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ဆက်ပြောသည်။
“အဲဒီ ဝန်ကြီးတွေ လုံခြုံရေးအဆင့်တွေကအစ သေသေချာချာပြင်ဆင်ပြီး NUG စုပေါင်းရုံးတွေကို သေသေချာချာထိုင်မယ်။ ဇန်နဝါရီလအတွင်းမှာ ပြည်သူလူထုနဲ့ NUG နဲ့ ထိတွေ့မှုတွေစနိုင်ဖို့ ဒီနေရာကနေ အာမခံပြီးပြောနိုင်တယ်” ဟု ၎င်းကဆိုသည်။
ထို့ပြင် NUG အစိုးရ ဝန်ကြီးများမှာ ပြည်သူလူထု၏ တာဝန်ပေးအပ်မှုကြောင့် ပေါ်ပေါက် လာသည်ဖြစ်၍ အသက်အန္တရာယ်နှင့်လောင်းကြေးထပ်ရသည့် ထိုစိန်ခေါ်မှုကိုလည်း ပြည်သူနှင့်အတူ ရင်ဆိုင်သွားရမည်ဟု ၎င်းက ဆက်ပြောသည်။
“အဲ့ဒီလို အခြေအနေမျိုးမှာ ပြည်သူတွေတောင်မှလည်း ဒီဒဏ်တွေကို ကြံ့ကြံ့ခံပြီး ရပ်တည်နေတာပဲ။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေသည်လည်း ဒီဒဏ်ကိုခံရဲရမယ်။ ဒီဒဏ်ကို ပြည်သူနဲ့ အတူတူ ရင်ဆိုင်ရဲရမယ်။ အဲ့လို ရင်ဆိုင်နိုင်မှလဲ ပြည်သူအားကိုးယုံကြည်တဲ့ အစိုးရ တစ်ရပ်ပုံစံမျိုး ဖြစ်မှာပဲ” ဟု ၎င်းက ဆိုသည်။



