နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အင်ဂျင်တပ်လေထီးများသုံးကာ ဇန်နဝါ ၁၈ မှစ၍ ရက်ဆက် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ ၄ ဦး သေဆုံးသွားကြောင်း သိရသည်။
မြို့အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ပန်းပေါင်းအုပ်စု ညောင်ကုန်းရွာကို ဇန်နဝါရီ ၁၈ ညသန်းခေါင်ကျော်အချိန်တွင် တိုက်ခိုက်စဉ် ဒေသခံ အသက် ၇၈ နှစ်အရွယ် ဒေါ်ခင်သန်း၊ ၅၇ နှစ်အရွယ် ဒေါ်ခင်ညွှတ်၊ ဦးအောင်မြင့်တို့ သေဆုံးသွားသည်။
ဒေါ်ခင်သန်း၏ ခင်ပွန်းဖြစ်သူ အသက် ၇၇ နှစ်အရွယ် ဦးကြည်လှိုင်မှာ နောက်တစ်နေ့တွင် သေဆုံးခဲ့သည်ဟု တောင်သာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“စက်တပ်လေထီးကတော့ နေ့စဉ်လိုလိုလာတယ်ဗျ။ အဲ့လိုမျိုးဆက်တိုက်ရှိတယ်။ သေဆုံးတဲ့သူတွေက ပန်းပေါင်း (ကျေးရွာအုပ်စု) ထဲမှာတော့ ၄ ဦးထိရှိသွားပြီးပေါ့ဗျာ။ တိုက်ရိုက်ထိမှန်တာ တကယ်တမ်း ၂ ဦးက နေရာမှာတင်မှာ ဆုံးသွားတယ်။ တစ်ဦးက ဒဏ်ရာရတယ်။ ဒဏ်ရာရသူတစ်ဦးကလည်း နောက်ရက် ၁၉ ရက်မှာ ဆုံးသွားတယ်” ဟု အထက်ပါ တောင်သာဒေသခံက ပြောသည်။
“လက်နက်ကြီးထိမှန်ပြီး တိုက်ရိုက်သေဆုံးသွားတဲ့သူတစ်ဦးရဲ့ အမျိုးသားကလည်း နောက်ရက်မှာ သွေးလန့်ပြီး ထပ်ပြီးသေဆုံးသွားတာပေါ့”
ထိုတိုက်ခိုက်မှုအပြီးနောက်တစ်ရက် ဇန်နဝါရီ ၁၉ မနက်ပိုင်းတွင် တောင်သာမြို့၏ အရှေ့တောင်ဘက်ရှိ ပျူစောထီးကျေးရွာနှင့် ရွားနီးချုပ်စပ်ဖြစ်သည့် သန်းတန်းကျေးရွာအနီးကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
လူလိုက်ပါမောင်းနှင်နိုင်သော ထိုအင်ဂျင်တပ်လေထီးများ စစ်တပ်မြို့ဖြစ်သည့် မိတ္ထီလာမြို့ဘက်မှ လာရောက်ခြင်းဖြစ်ကြောင်း တောင်သာဒေသခံများထံမှ သိရသည်။
လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းသည့် တောင်သာမြို့နယ်တွင် တော်လှန်ရေးတပ်များ၏ ထိန်းချုပ်နယ်မြေကျယ်ပြန့်လာသည်၊ စစ်တပ်က မြေပြင်စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းကို အားကိုးနေရကာ ယခုအခါ စက်တပ်တပ်လေထီးများကို အသုံးပြုလာသည်ဟုလည်း တောင်သာ ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာသို့ စက်တပ်တပ်လေထီးဖြင့် စစ်တပ်ကတိုက်ခိုက်မှုခဲ့သေးသည်။ ထို့နောက် မြင်းခြံခရိုင်အတွင်း တောင်သာ၊ ငါးဇွန်နှင့် ဧရာဝတီမြစ် တစ်ဖက်ကမ်း စစ်ကိုင်းမြို့နယ်တို့တွင် အလားတူ တိုက်ခိုက်မှုတချို့ ဆက်တိုက်တွေ့လာရပြီး လူထိခိုက် သေဆုံးမှုများလည်းရှိလာသည်။
ဘေးအန္တရာယ် ကာကွယ်ရန်အတွက် ဗုံးခိုကျင်းတူးရန် လိုအပ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူအကြံပြုသည်။
“အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားသင့်တယ်ပေါ့ဗျာ။ အဲ့ဒါမှ လေကြောင်းစစ်ဆင်ရေးကြောင့်၊ လေကြောင်းတိုက်ခိုက်မှုကြောင့်အိုးအိမ်ပျက်စီးပေမယ့်လို့ လူ့အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပေါ့” ဟု သူက ပြောသည်။
လူဦးရေ ၂ သိန်းခွဲနီးပါး နေထိုင်ပြီး မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာပေါင်း ၂၄၀ ကျော်ရှိသည့် တောင်သာ မြို့နယ်သည် မလှိုင်၊ကျောက်ပန်းတောင်း၊ ပုဂံညောင်ဦး၊ မြင်းခြံမြို့နယ်များနှင့် ထိစပ်နေသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ မွန်းတည့် ၁၂ နာရီကျော်ခန့်တွင် တောင်သာမြို့ပေါ်ရှိ အထက်တန်းကျောင်းတွင် အင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သေးသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဖက်မှ ၁၀ ဦးခန့်သေဆုံးပြီး အထိအခိုက်များပြားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF) ၏ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံက သိရသည်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တို့သည် လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းသည့်ဒေသဖြစ်သည်။
ယခုနှစ်လယ်ပိုင်းတွင် PDF အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့် စုဖွဲ့ထားသည့်မဟာမိတ်တို့က “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့သည်။ ထိစစ်ဆင်ရေးအတွင်း မြင်းခြံခရိုင်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်သည်အထိ တော်လှန်ရေးတပ်များကတိုက်ပွဲဖော်ဆောင်နိုင်သည်ကိုတွေ့ရသည်။



