သတင်း

စစ်မှုထမ်းအရေအတွက်တိုးခေါ်ရန် စစ်ကောင်စီထံ နိုင်ငံရေးပါတီများတောင်းဆို

ပြီးခဲ့သည့်နှစ်အတွင်း စစ်မှုထမ်းသင်တန်း (၉)ကြိမ်အထိ ဖွင့်လှစ်ထားသဖြင့် အရပ်သား ၄သောင်းခွဲအထိ စစ်ကောင်စီက တပ်သားသစ်အဖြစ် စုဆောင်းထားကြောင်းနားလည်ရသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နှင့် ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များသည် စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူရန် စစ်ဗိုလ်ချုပ်များထံ တောင်းဆိုလိုက်သည်ဟု စစ်ကောင်စီက ဇန်နဝါရီ ၂၄ တွင်ထုတ်ပြန်သည်။

ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဦးဆောင်သည့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ဇန်နဝါရီ ၂၄ ရက်နေ့က နေပြည်တော်တွင် ဆွေးနွေးစဉ်၎င်းတို့က ယင်းကဲ့သို့တောင်းဆိုခြင်းဖြစ်ကြောင်း စစ်တပ်သတင်းကဆိုသည်။

နှစ်ရက်ကြာကျင်းပသည့်ထိုဆွေးနွေးပွဲ၏ ဒုတိယနေ့တွင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များက အချက်(၆)ချက် ဆွေးနွေးခဲ့ရာတွင် PDF များ လက်နက်ချရေးအကြံပြုချက်များကိုလည်း စစ်ဗိုလ်ချုပ်များထံ အကြံပြုခဲ့သည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင်ပါဝင်သည်။

စစ်ကောင်စီ၏ ရုပ်မြင်သံကြားသတင်းတွင် ထိုဆွေးနွေးပွဲကို တက်ရောက်သူများထဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်နှင့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်၊ စစ်ဗိုလ်ချုပ်ဟောင်းများ၏ ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ အပါအဝင် စစ်ကောင်စီအသိအမှတ်ပြု နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့မြင်ရသည်။

ယင်းနိုင်ငံရေးသမားများသည် နိုင်ငံရေးပါတီအစုအဖွဲ့အမည်ဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ ဆွေးနွေးပွဲများ တက်ရောက်ခွင့်ရနေခြင်းဖြစ်သည်။

ဦးကိုကိုကြီးသည် ထိုနိုင်ငံရေးပါတီအစုအဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။

စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက်နေ့က ပြဌာန်းလိုက်သည့် စစ်မှုထမ်းနည်းဥပဒေတွင် နိုင်ငံရေးပါတီဝင်ထားသူများလည်း စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်ထဲဝင်ချိန်တွင် ပါတီမှနှုတ်ထွက်ရမည်ဟု ပါရှိသည်။

အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ်ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ တွင်အတည်ပြုခဲ့သည့် စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် တကြိမ်လျှင် တပ်သားသစ် ၅၀၀၀ အထိ စုဆောင်းမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၄ အတွင်းစစ်မှုထမ်းသင်တန်း (၉)ကြိမ်အထိ ဖွင့်လှစ်ထားသဖြင့် တပ်သားသစ် ၄၅,၀၀၀ အထိ ရထားပြီဟု နားလည်ရသည်။

Show More

Related Articles

Back to top button