သတင်း

ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပြီး သေဆုံး၊ ထိခိုက်မှုများရှိ

ချင်းတော်လှန်ရေးအင်အားစုနှစ်ခုအကြား ဆက်ဆံရေးတင်းမာနေစဉ် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်ကာ သွေးမြေကျမှုများ ရှိနေသည်။

နိုင်ငံအနောက်မြောက်ပိုင်း ချင်းတောင်တန်းတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်များကို တော်လှန် တိုက်ခိုက်နေသည့် ချင်းတော်လှန်ရေးတပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး ဒရုန်းများပါ သုံးစွဲခဲ့ကြ၍ သေဆုံး၊ ဒဏ်ရာရမှုများ ရှိနေသည်။

စစ်ကောင်စီတပ် ကင်းစင်သွားသည့် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် ချင်းဒေသကာကွယ် ရေးအဖွဲ့ (လောက်တူ) နှင့် မရာကာကွယ်ရေးအဖွဲ့ (Mara Defense Force) တို့ ဇန်နဝါရီနောက်ဆုံးပတ်က နယ်မြေအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“ ဇန်နဝါရီနောက်ဆုံးပတ်ကတော့ သူတို့ကြား တိုက်ပွဲအပြင်းအထန်ဆုံးလို့ ပြောလို့ရတဲ့အခြေအနေကြား ရှိတယ်။ ဒီဒရုန်းဗုံးတွေ ဘာတွေကအစ သုံးလာကြတော့ တိုက်ပွဲကနည်းနည်းပြင်းထန်သွားတယ်။ နှစ်ဘက်ကျဆုံးမှုတွေလည်း များကြတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း များကြတယ်” ဟု ချင်းပြည် ကောင်စီ (CC) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါ်လ်က ပြောသည်။ 

နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ထို ၂ ဖွဲ့၏ ပစ်ခတ်မှုအတွင်း သေဆုံးသူများရှိသည်ဟုသာ သိရပြီး အရေအတွက်အတိအကျ မသိရသေးပေ။ 

ထိုပစ်ခတ်တိုက်မှုအပါအဝင် နယ်မြေ ပဋိပက္ခနှင့်ပတ်သက်ပြီးမေးမြန်းနိုင်ရန် CDF (Lautu) နှင့် MDF တို့ကို Myanmar now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ယနေ့ (ဖေဖော်ဝါရီ ၅) ညနေအထိ နှစ်ဘက်စလုံးမှ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။ 

ချင်းဒေသကာကွယ်ရေးအဖွဲ့ (လောက်တူ) မှာ ချင်းအမျိုးသားတပ်ဦး (CNF)  ဦးဆောင်သည့် ချင်းပြည် ကောင်စီ  (Chinland Council) အဖွဲ့ဝင်ဖြစ်သည်။ MDF အဖွဲ့မှာ အာရက္ခတပ်တော် (AA) ၏ မဟာမိတ် ချင်း ညီနောင် (Chin Brotherhood) အဖွဲ့ဝင် ဖြစ်သည်။ 

ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ် အုပ်ချုပ်ရေးကောင်စီ(MTC) ၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်)၊ ချင်းဒေသကာကွယ်ရေးအဖွဲ့  (မတူပီ) တပ်မဟာ ၁ တို့ပါဝင်ပြီး AA နှင့် မဟာမိတ်ဆက်ဆံရေး တည်ဆောက် ထားသည်။

AA မဟာမိတ် ချင်းညီနောင်အဖွဲ့မှ MDF တပ်ဖွဲ့ဝင်များ။ 

ချင်းပြည်နယ် မြို့နယ် ၉ ခုအနက် မတူပီ အပါအဝင် မင်းတပ် ၊ ကန်ပက်လက်မြို့တို့ကို ချင်းညီနောင်က သိမ်းပိုက်ထားပြီး ပလက်ဝမြို့နယ်ကို ၎င်းတို့ မဟာမိတ်ဖြစ်သည့် AA ကသိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ချင်းပြည်ကောင်စီက ပြည်နယ်မြောက်ပိုင်းရှိ တွန်းဇံမြို့နယ်ကို ပြီးခဲ့သည့်နှစ်က သိမ်းပိုက်ထားသည်။

မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်တွင်း နေထိုင်ကြသည့် လောက်တူမျိုးနွယ်စုနှင့် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် နေထိုင်ကြသည့် မရာမျိုးနွယ်စုကြား ၂၀၂၂ ခုနှစ်ဝန်းကျင်ကတည်းက နယ်နိမိတ် ဆိုင်ရာ ပွတ်တိုက်မှုများရှိခဲ့ပြီး ဇန်နဝါရီလကုန်ပိုင်းတွင်မူ နှစ်ဘက်ပစ်ခတ်မှုအထိ ဖြစ် လာကြောင်း ဆလိုင်းပေါလ်က ဆိုသည်။ 

နှစ်ဘက်ထိတွေ့မှုဖြစ်ပွားရာကျေးရွာမှာ မတူပီမြို့နယ်နှင့် ထန်တလန်မြို့နယ်ကြားတွင် ရှိသည့် ရွာမန်း ကျေးရွာဖြစ်ပြီး  ထိုရွာတွင် လောက်တူမျိုးနွယ်စုများနေထိုင်ကာ CDF Lautu အခြေစိုက်ကျေးရွာဖြစ် ကြောင်း ချင်းပြည်နယ်ဒေသတွင်းမီဒီယာဖြစ်သည့် Zalen တွင် ဖော်ပြထားသည်။ 

MDF နှင့်  ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (မရာ) CDF (Mara) တို့မှာ  ပြီးခဲ့သည့် နှစ်ဆန်းက ပလက်ဝနှင့် မတူပီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ 

ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ချင်းပြည်ကောင်စီနှင့်ချင်းညီနောင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ ၂၀၂၄ စက်တင်ဘာလက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်တွင် တွေ့ဆုံပြီး ချင်းအဖွဲ့များ အကြား သဘောကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းရန် သဘောတူညီချက်ရခဲ့ ကြ သည်။​

သို့သော် ယခုနှစ် ထိုလုပ်ငန်းစဉ်မှာ ရပ်တန့်နေကြောင်း ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 

တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက် ပေးနေသည့် မည်သည့်အဖွဲ့ကိုမဆို မလိုလားကြောင်း၊ သို့ရာ တွင် ဆွေးနွေးဖြေရှင်းနိုင်ပါကအကောင်းဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ချင်းပြည်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်ကလည်း လက်နက်ဖြင့် ဖြေရှင်းမှုမျိုး ရှောင်ရှား သင့်ကြောင်း မှတ်ချက်ပြုသည်။ 

“ချင်းတွေအချင်းချင်းရဲ့ပြဿနာက တကယ်ဆိုရင် အာဏာရှင် ပြုတ်ကျပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ အချင်းချင်း မဖြစ်မနေ တွေ့ဆုံဆွေးနွေးအဖြေရှာရမယ့် အရာဖြစ်ပါတယ်။ ……ဒီကာလမှာ တော့ ဘယ် အဖွဲ့မဆို လက်နက်နဲ့ဖြေရှင်းတာမျိုးကိုရှောင်ရှားဖို့လိုအပ်တယ်ဆိုတာကို တိုက်တွန်း ပြောဆိုချင်ပါတယ်” ဟု  ၎င်းက ပြောသည်။ 

ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေး တို့ကို အသွင် ကူးပြောင်းရေးကာလတွင် လူထုဆန္ဒအခြေခံပြီး သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ တွင် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းညီနောင်၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်ခဲ့သည်။ 
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်က ပြည်နယ်မြို့တော် ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ဖလမ်းမြို့နယ် တို့တွင်သာ ကျန်ရှိနေသည်။ ဟားခါးနှင့်ထန်တလန်အကြား CNF ဦးဆောင်သော ချင်းပြည်ကောင်စီ နှင့်  စစ်တပ်တို့အကြား  စစ်ရေးတင်းမာနေပြီး အခြားချင်းအင်အားစုတစ်ခုဖြစ်သော ချင်းညီနောင်အဖွဲ့ကမူ ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြုလုပ်နေသည်။

နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော ချင်းအဖွဲ့များအကြား တင်းမာမှုများရှိနေသလို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တပ်များနှင့် ဒေသအဖွဲ့များအကြား ဆက်ဆံရေးတင်းမာမှုများ ရှိနေကာ လူ သေဆုံးသည်အထိ ပစ်ခတ်မှု ၂၀၂၂ အတွင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဖြစ်ပွားထားသည်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည့် KIA,MNDAA,TNLA တို့လည်း နယ်မြေကိစ္စ အငြင်းပွားကာ ဆက်ဆံရေး တင်းမာနေကြပြီး မကြာသေးခင် ဇန်နဝါရီ နောက်ဆုံးပတ်က TNLA နှင့် KIA အောက်ခြေတပ်ဖွဲ့ဝင်များ တစ်ယောက်ချင်းထိုးကြိတ်မှု ဖြစ်ပွားခဲ့သေးသည်။

Show More

Related Articles

Back to top button