အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းစစ်ဒေသလက်အောက်မှ တပ်ဖွဲ့ဝင် ၃၀၀ ခန့်ပါဝင်သည့် ဂဠုန်စစ်ကြောင်းသည် NUG နှင့် တပ်နေရာရွှေ့ပြောင်းရေး သဘောထား ကွဲလွဲခဲ့ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) နှင့်သွားရောက်ပူးပေါင်းခဲ့သည်။
၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်မှ စတင်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းစစ်ဒေသ လက်အောက်တွင်ရှိနေသည့် ဂဠုန်စစ်ကြောင်းသည် ပဲခူးတိုင်းအရှေ့ဘက်သို့ရွှေ့ပြောင်းရန် NUG၏ ညွှန်ကြားချက်ကိုငြင်းဆန်ပြီးနောက် ခွဲထွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များကဆိုသည်။
ဂဠုန်စစ်ကြောင်းဘက်ကတော့ ၎င်းတို့သည် မွန်ပြည်နယ်တွင် အခြေပြုပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လိုသဖြင့် မွန်ပြည်လွတ်မြောက်ရေးတပ်၏အမိန့်ပေးကွပ်ကဲမှု)အောက် ဝင်ရောက်ခြင်းဖြစ်ကြောင်း ကြေငြာသည်။
မွန်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးပါက အခြားပြည်နယ်နှင့် တိုင်းများတွင် စစ်အာဏာရှင်စနစ် ချေမှုန်းနိုင်ရေးအတွက် တိုင်းရင်းသား မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ တိုက်ပွဲဖော်သွားမည်ဖြစ်ကြောင်း ဂဠုန်စစ်ကြောင်းက ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာချက်ထုတ်သည်။
ဂဠုန်စစ်ကြောင်းတွင် စစ်ကြောင်းမှူးအဖြစ် အဲသာမောင်းနှင့် ဒုစစ်ကြောင်းမှူးအဖြစ် နိုင်စိုးဝင်းတို့က ဦးဆောင်သည်။
ဂဠုန်စစ်ကြောင်းသည် ကိုယ်ထူကိုယ်ထထူထောင်ထားသော စစ်သင်တန်းကျောင်း ၊ ဒရုန်းတပ်ဖွဲ့ ၊ ဆက်သွယ်ရေး တပ်ဖွဲ့ ၊ လက်နက်ထုတ်လုပ်ရေး စသည့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များအပြည့်အစုံရှိသည့် စစ်ကြောင်းဖြစ်ပြီး အင်အား ၃၀၀ ကျော်ရှိနိုင်ကြောင်း NUG ၏ ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ထို့ကြောင့် MLA အတွက် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များနှင့် အင်အား ၃၀၀ ကျော် ပိုတောင့်တင်းသွားသည့် သဘောဖြစ်ကြောင်း PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။
ဝါရင့် မွန်သတင်းသမားတစ်ဦးဖြစ်သူ ကိုလဝီဝမ်ကမူ ဂဠုန်စစ်ကြောင်းကို ဦးဆောင်နေသူများသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တွင် ပါဝင်ခဲ့သူများဖြစ်ပြီး မွန်လူမျိုး မဟုတ်သော အခြားတိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ကောင်းမွန်သည့် အဆက်အသွယ်များရှိကြောင်း Myanmar Now ကိုပြောသည်။
ထို့ကြောင့် အခြားတိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ချိတ်ဆက်ရာတွင် MLA အတွက် ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ကိုလဝီဝမ်က “ဒီဘက်က တော်လှန်ရေးနဲ့ တော်တော်ချိတ်ဆက်မှုရှိတယ်။ အခုက MLA မှာ ကိုစိုးဝင်း (နိုင်စိုးဝင်း) တို့ ဂဠုန်ပါလာတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်ဆံရေး ချိတ်ဆက်မှုက ပိုကောင်းလာမယ်ထင်တယ်။ အရင်တုန်းက MLA က ဆက်ဆံရေးသိပ်မကောင်းဘူး” ဟု ဆိုသည်။
MLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်ကို အနိုင်တိုက်ခဲ့သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထံ စစ်ပညာသင်လာသည့် မွန်လက်နက်ကိုင်တပ်ဖြစ်သည်။
MLA ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ထူထောင်ခဲ့သည်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းသည့် ဂျိုင်းမြစ်ဝှမ်းတွင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်ကြောင်း ဝါရင့် မွန်သတင်းသမား ကိုလဝီဝမ်က ပြောသည်။
MLA ၏ ဒုစစ်ဦးစီးချုပ်မှာ နိုင်မာဃဖြစ်ပြီး စစ်ဦးစီးရုံးချုပ် (GSO) မှာ ဗညားမင်းကန်စီဖြစ်သည်။
TNLA မှ ဒုတိယဗိုလ်မှူးကြီး တားဆငည်းလေးသည် ၂၀၂၄ ခုနှစ် ဇူလိုင်လက ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်တွင် ပြုလုပ်သည့် ဂဠုန်စစ်ကြောင်း သင်တန်းဆင်းပွဲကို တက်ခဲ့သလို ဩဂုတ်လက MLA စခန်းတစ်ခုတွင် ပြုလုပ်သည့် MLA စစ်သင်တန်းဆင်းပွဲတွင်လည်း တက်ရောက် မိန့်ခွန်းပြောခဲ့သည်။
MLA သည် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ် (MNLA) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့သည်။
ရာမညပူးတွဲစစ်ကြောင်းသည် မွန်ပြည်နယ်အတွင်း စစ်ရေးဆိုင်ရာလှုပ်ရှားမှု အရှိန်မြှင့်ရန်ဖြစ်ပြီး တစ်ချိန်တွင် ပေါ်ပေါက်လာနိုင်သည့် မွန်တပ်တော်အတွက် ကနဦး ပူးပေါင်းစုဖွဲ့မှုဖြစ်ကြောင်း ရာမညစစ်ကြောင်း ပြန်ကြားရေးက ထိုစဉ်က ထုတ်ပြောသည်။
မွန်လူမျိုး နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားကလည်း ဂဠုန်စစ်ကြောင်းသည် မွန်လူမျိုးအများစုပါဝင်သည့် PDF တပ်ဖွဲ့ဖြစ်ပြီး MLA နှင့် ယခင်ကတည်းက နီးစပ်သည့် တော်လှန်ရေးတပ်ဖြစ်ကြောင်းဆိုသည်။
ဂဠုန်စစ်ကြောင်း MLA တပ်နှင့် ပူးပေါင်းလိုက်ခြင်းသည် MLA ပါဝင်သည့် ရာမညပူးတွဲစစ်ကြောင်းအတွက်လည်း အင်အားပိုတောင့်လာသည့် သဘောဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ မွန်လူမျိုး နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားက “မွန်နယ်မြေမှာ မွန်တော်လှန်ရေးတပ်တွေ အင်အားရှိလာတာပေါ့။ ဒီလိုစုစည်းခြင်းအားဖြင့် သူတို့ရည်ရွယ်ချက်က စစ်ကောင်စီ ကိုတိုက်ဖို့ပဲ။ သူတို့လည်း အခုမှ စပူးပေါင်းတာဆိုတော့ စည်းမျည်းစည်းကမ်းတွေက ပိုပြီးကျစ်ကျစ်လစ်လစ်ရှိဖို့လိုတာပေါ့။ ကျွန်တော့်အမြင်ကတော့ တိုက်ပွဲပိုရှိလာမယ်။ လှုပ်ရှားမှုလည်း ပိုကောင်းလာမယ်” ဟု မှတ်ချက်ပေးသည်။
ဆက်စပ်သတင်းလင့်ခ်



