ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်းထိဆက်နေသည့် မယ်ဆိုင်နှင့် ရွှေတြိဂံဒေသသို့ ယခုနှစ်ဆန်း၌ ခရီးထွက်ဖြစ်သည်။ အဝေးပြေးကားလမ်းတစ်လျှောက် မကြာမီ နွေဦးပေါက်တော့မည့် ရှုမျှော်ခင်းများကို တမျှော်တခေါ် ကြည့်ခွင့်ရသဖြင့် လွမ်းသလိုလို ခံစားမိသည်။
အဝေးပြေးကားလမ်းမ ဘေးတစ်ဘက်တစ်ချက်ရှိ တောတောင်လျှိုမြောင်များပေါ်မှ သစ်ပင်များပေါ်မှ အကြွေစောသော အဝါရောင် သစ်ရွက်တို့သည် လေအဝေ့တွင် မြေပြင်ပေါ်သို့ တဖြုတ်ဖြုတ်သက်ဆင်းလာ၏။ လမ်းမဘေးမြက်ရိုင်းများလည်း ခြောက်သယောင်းနေကြသည်။ လက်ပံပင်များသည် တျာတျာနီမြန်းပွင့်လန်းနေကြကုန်သည်။
ဆောင်းနှောင်းနေ့ရက်များကုန်ဆုံး၍ မကြာမီနွေဦးပေါက်တော့မည့် ရှေ့ပြေးလက္ခဏာများဖြစ်သည်။ ငယ်ငယ်က ကျောင်းသင်ခန်းစာများတွင် သင်ကြားဖတ်မှတ်ခဲ့ဖူးသည့် ၁၂ လရာသီဘွဲ့ကဗျာများကို ပြန်အမှတ်ရမိသည်။ ထိုအသိဖြင့် သဘာဝတရားကို ခံစားကြည့်သည့်အခါ ကျွန်တော့်နှလုံးခုန်သံတို့ တဒိတ်ဒိတ်မြန်လာပါသည်။
ကျွန်တော်သွားရောက်မည့် မယ်ဆိုင်မြို့လေးသည် ထိုင်းနိုင်ငံမြောက်ဘက်အစွန်ဖျားအကျဆုံးမြို့ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နှင့်ထိဆက်နေသည်။ ထိုမှတဆင့် ရွှေတြိဂံဒေသကို သွားလည်မည်။ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံစည်းရာ ရွှေတြိဂံဒေသသည် မူးယစ်ဆေး၊ လက်နက်မှောင်ခိုလုပ်ငန်းနှင့် ဒုစရိုက်မှု အငွေ့အသက်များဖြင့် နာမည်ကျော်ကြားပြီး မယ်ဆိုင်မြို့၏ အရှေ့ဘက် ၄၅ မိနစ်ကျော်ကျော် ကားမောင်းလျှင်ရောက်သည့်နေရာတွင်ရှိသည်။
တောင်ကုန်းတောင်တန်းများ ဖြတ်ကျော်ရသည့် ချင်းမိုင်း-ချင်းရိုင်-မယ်ဆိုင် အဝေးပြေးကားလမ်းသည် အကွေ့အကောက်၊ အတက်အဆင်း များပြားလွန်းသော်လည်း ချောမွတ်ပြေပြစ်နေသည်။ နက်ရှိုင်းသော တောအုပ်များ၊ တောင်ယာစိုက်ခင်းများ၊ လမ်းမဘေးတစ်လျှောက် မြို့ရွာငယ်လေးများ ခြံရံထားသည်။ အချို့လမ်းပိုင်းများကို အဆင်မြှင့်တင်ချဲ့ထွင်နေကြသည်ကို တွေ့ရသည်။
ချင်းရိုင်မဝင်မီ လမ်းပိုင်းတစ်နေရာ၌ ပူပြင်းသောနေရောင်အောက် ဖုန်မှုန့်တထောင်းထောင်းထနေသည့် မြေသားလမ်းသစ်တစ်ခုပေါ်တွင် လမ်းအလုပ်သမားများ အလုပ်ရှုပ်နေသည်။ ထိုအလုပ်သမားများသည် မြန်မာများဖြစ်လိမ့်မည်ဟု ကျွန်တော်ယူဆမိသည်။
ထိုသူတို့ပါးပြင်ပေါ်တွင် မပီပြင်ဝိုးတဝါး ပါးကွက်ကြားလေးများတွေ့ရမလားဟု လှမ်းကြည့်ဖြစ်သည်။ သို့သော် သဲသဲကွဲကွဲမတွေ့ရပေ။
ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိသည်။ ထိုင်းတို့မလုပ်ချင်သည့် အင်္ဂလိပ်အက္ခရာ “D” သုံးလုံးဟု အတိုကောက်ခေါ်လေ့ရှိသည့် Dirty (ညစ်ပတ်ပေရေသော)၊ Dangerous (အန္တရာယ်ရှိသော)၊ Difficult (ခက်ခဲသော) အလုပ်များကို လုပ်ကိုင်ကြရသည်။ အဝေးပြေးလမ်းများခင်းရာတွင် လူကြမ်းဟု ခေါ်နိုင်သည့် အောက်ခြေသိမ်းအလုပ်များကို မြန်မာရွှေပြောင်းလုပ်သားအများပြားလုပ်ကိုင်နေကြသည်။ ထိုသို့ဆိုလျှင် ထိုင်းနိုင်ငံ ကားလမ်းများကို မြန်မာတို့လက်ဖြင့် အုတ်မြစ်ချခြင်းဟု ကျွန်တော် တွေးမိနေသည်။
ရာသီမရွေးသွားလာနိုင်သောလမ်းများ၊ တောကြိုအုံကြားမကျန် ကောင်းမွန်သောလမ်းများကိုကြည့်ကာ ထိုင်း၏ တိုးတက်မှုကို အသိမှတ်ပြုမိသည်။ တချိန်တည်းမှာပင် လွတ်လပ်မှုကိုလည်း ခံစားရသည်။ သို့သော် ထိုလွတ်လပ်မှုတွင် သက်ပြင်းများ၊ ဝန်ထုပ်ဝန်ပိုးများပါလာသည်။ စစ်အာဏာသိမ်းထားသည့် ဇာတိမြေမှ တစ်နိုင်ငံတည်းသားချင်းများ၏ ဒုက္ခသုက္ခများကို တွေးမိခြင်းကြောင့်ပင်ဖြစ်သည်။
မြန်မာနိုင်ငံမှ ရန်ကုန် မန္တလေးမြို့ကြီးများတွင် မလွတ်လပ် မလုံခြုံတော့သလို တစ်နယ်တစ်ကျေးသို့ ခရီးထွက်ရာတွင်လည်း အစစ်အဆေးထူထပ်သည့် လမ်းများပေါ် ရင်တထိတ်ထိတ်သွားလာကြရသည်ကို ကိုယ်ချင်းစာသည်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဟုဆိုရမည့် ခိုးဆိုးလုနှိုက်တို့ကြောင့် ရတက်မအေးရပေ။ အဆိုးဆုံးအခြေအနေတစ်ခုမှာ လူငယ်လူရွယ်အားလုံးကို ထွက်ပေါက်များပိတ်ကာ စစ်ထဲ ဆွဲသွင်းမည့်အခြေအနေကြောင့် လူငယ်ရှိသည့်မိသားစုတိုင်း ခေါင်းမီးတောက်နေရခြင်းပင်ဖြစ်သည်။
စစ်တပ်ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်သေးသည့်ဘဝများသည် လူ့ငရဲဟု ညွှန်းဆိုမည်ဆိုလျှင် လွန်မည်မဟုတ်ပေ။ သို့သော် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးတို့သည် ၎င်းတို့အာဏာတည်မြဲရေးအတွက် မိုက်တွင်းဆက်နက်နေဆဲဖြစ်သည်။ အခြားတစ်ဖက်တွင်မူ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများက တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်လာသဖြင့် စစ်ခေါင်းဆောင်တို့သည်လည်း ညညအိပ်ပျော်နိုင်ကြလိမ့်မည်ဟု မထင်ပေ။
ကျွန်တော်၏ ကိုယ်ရေးကိုယ်တာ ပျော်ရွင်ခြင်း၊ ဝမ်းနည်းခြင်းများသည်လည်း ထိုအတွေးများကြောင့် လေးလံနေပါသည်။ မွန်းလွဲ ၂ နာရီတွင် ချင်းမိုင်မှ ထွက်လာရာ ည ၇ နာရီဝန်းကျင်တွင် မယ်ဆိုင်မြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လေသည်။
မြန်မာတို့ တိုးဝင်နေသည့် နယ်စပ်မြို့ မယ်ဆိုင်
မယ်ဆိုင်မြို့သည့် တာချီလိတ်မြို့နှင့် ရောက်မြစ်ဟုခေါ်သည့် မြစ်ကျဉ်းလေးတစ်ခုသာခြားပါသည်။ နယ်စပ်မြစ်တစ်ခုဖြစ်သော ရောက်မြစ်သည် ရှမ်းပြည်အရှေ့ပိုင်းမှ မြစ်ဖျားခံပြီး မဲခေါင်မြစ်အတွင်း စီးဝင်ပါသည်။
စစ်တပ်အာဏာမသိမ်းမီက မယ်ဆိုင်-တာချီလိတ်နယ်စပ်မှ ထိုင်းနိုင်ငံသားများ၊ ကမ္ဘာလှည့်ခရီးသွားများ လစဉ်ထောင်သောင်းချီ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ နေ့ချင်းပြန်၊ တစ်ညအိပ်ခရီး စသဖြင့် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လာရောက်ပတ်သည့်နည်းတူ မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုလိုက် လည်ပတ်ကြသူများလည်းရှိသည်။ တာချီလိတ်၊ ကျိုင်းတုံနှင့် မိုင်းဖြတ်မြို့အပြင် တာချီလိတ်မြို့မှ လေကြောင်းဖြင့် နိုင်ငံအတွင်းပိုင်းအထိ သွားရောက်လည်ပတ်ကြသည်ဟု သိရသည်။
ယခုအခါ မြန်မာဘက်သွားရောက်လည်ပတ်သည့် ခရီးသွားများကို မတွေ့ရတော့ပေ။ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်သို့ တိုးဝင်နေကြသည့် လူတန်းရှည်ကြီးသာ တွေ့ရလေသည်။ နယ်စပ်ဂိတ်အနီး အကင်မျိုးစုံရောင်းနေသည့် မြန်မာတစ်ဦးကို မေးကြည့်ရာ နေ့စဉ် မြန်မာအများအပြား အဝင်အထွက်ရှိသည်ဟု ပြောပြပါသည်။

ထိုချစ်ကြည်ရေးတံတားအနီး ရောက်မြစ်ဘေး၌ ထိုင်းစစ်သားအချို့က မြန်မာဘက်ကို မျက်နှာမူ၍ စောင့်ကြည့်နေကြသည်။ ထိုင်းနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးနေရာဟု သတ်မှတ်ဖော်ပြထားသည့် ဆိုင်းဘုတ်နေရာတွင် ခရီးသွားများ အမှတ်တရဓာတ်ပုံရိုက်ကြသည်။ ထိုနေရာမှ မြန်မာနိုင်ငံဘက်သို့ လှမ်းကြည့်သည့်အခါ အပြာရောက်နောက်ခံပေါ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ရေးထား သည့် နယ်စပ်ဂိတ်ပေါက်ကို လှမ်းတွေ့နေရသည်။
စစ်တပ်အာဏာမသိမ်းထားလျှင် တာချီလိတ်မြို့ဘက် ခြေဆန့်ဖြစ်မည်ထင်သည်။ ယခုအချိန်သွားလျှင် ပိုက်စိပ်တိုက်စစ်ဆေးမည့် စစ်ကောင်စီတပ်သားများနှင့်တိုးမည်။ ဖုန်းထဲမှ စစ်အာဏာရှင်ဆန့်ကျင်သည့် အကြောင်းအရာတစ်ခုခုတွေ့လျှင် ဖမ်းဆီးခံရနိုင်သည်။ အခန့်မသင့်လျှင် စစ်သားအဖြစ်စုဆောင်းခံရပြီး သင်တန်းကျောင်းပင်ပို့ခံရနိုင်ခြေရှိသည်။ မြစ်ကျဉ်းလေးတစ်ခုသာခြားသည့် နိုင်ငံနယ်နမိတ်နှစ်ခုသည် ကျွန်တော့်အတွက် စိတ်လုံခြုံမှု အကွာခြားကြီးကွာခြားစေသည်။
မယ်ဆိုင်မြို့၏ လမ်းဘေးဈေးဆိုင်များတွင် မြန်မာအများပြားတွေ့ရပါသည်။ တောင်ကြီးပဲလှော်၊ ပဲကြီးလှော်၊ နေကြာစေ့လှော်တို့ကို အထမ်းဖြင့်ရောင်းချသည့် ဈေးသည်များလည်းတွေ့ရသောအခါ မြန်မာဈေးထဲရောက်သွားသလိုခံစားရပါသည်။ နယ်စပ်ဂိတ်သို့သွားရာ လမ်းပေါ်တွင် ဟမ်ဘာဂါ ရောင်းချသည့် လူငယ်တစ်ဦးနှင့် စကားပြောဖြစ်ရာ သူသည် လားရှိုးမြို့တွင် မွေးဖွားခဲ့သော်လည်း ငါးနှစ်သားကတည်းက ထိုင်းနိုင်ငံသို့ရောက်လာကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံသားအဖြစ်ခံယူထားကြောင်း ပြောပြပါသည်။
စစ်မီးဟုန်းဟုန်းတောက်နေသော တိုင်းပြည်မှ စွန့်စားထွက်လာပြီးနောက် အာမခံချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိုင်းတပါးတွင် ရွက်ကျရာ အပင်ပေါက်သည့် ဘဝများမဟုတ်ပါလော။ မယ်ဆိုင်ရှိ လမ်းဘေးဈေးဆိုင်များမှ ဘားများနှင့်ဟိုတယ်ကြီးများအထိ ထိုရွက်ကျပင်ပေါက်များတွေ့ရနိုင်သည်။
ဘဏ်များ၊ ဆေးရုံများနှင့် အသိပေးဆိုင်းဘုတ်များတွင် ထိုင်းဘာသာအပြင် မြန်မာဘာသာစကားဖြင့် ရေးသားထားကြသည်။ တရုတ်နှစ်သစ်ကူးကာလဖြစ်၍ တရုတ်ဘုံကျောင်းများ၊ စားသောက်ဆိုင်များ၌ ရဲရဲနီသော တရုတ်မီးပုံးများကို ချိတ်ဆွဲအလှဆင်ထားကြသည်။ ညအချိန်တွင် တဒိုင်းဒိုင်းဖောက်ကြသည့် ဗျောက်အိုးသံများ ဟိုတစ်စဒီတစ်စ ဆူညံနေသည်။ ထိုအသံများကို မြန်မာနိုင်ငံတွင် ကြားမည်ဆိုပါက သေနတ်သံများအဖြစ် ထင်ယောင်ထင်မှားဖြစ်နိုင်ကြောင်း အတွေးလွန်မိပြန်ပါသည်။
မယ်ဆိုင်မြို့ရှိ ဘုရားကျောင်းများ၊ စေတီပုထိုးများတွင် တရုတ်ခရီးသွားများတွေ့ရပါသည်။ အနောက်နိုင်ငံသားများ၊ မြန်မာများ လာရောက်လည်ပတ်ကြသည်ကို တွေ့ရသည်။ အချို့မြန်မာများမှာ တာချီလိတ်မြို့မှ နေ့ချင်းပြန် လာလည်ပုံရသည်။ ခရီးသွားလုပ်ငန်းဖြင့် စီးပွားဖြစ်နေသည့် ထိုင်းနိုင်ငံတွင် မယ်ဆိုင်ကဲ့သို့ နယ်စပ်မြို့လေးအထိ ခရီးသွားများကို ဆွဲဆောင်ထားနိုင်သည်ကို အထူးအဆန်းအဖြစ် မမြင်မိတော့ပါ။
လောင်းကစားနှင့် မူးယစ်ကျော်ဇောသည့် ရွှေတြိဂံဒေသ
နောက်တစ်ရက်တွင် ထိုင်း၊ မြန်မာ၊ လာအိုသုံးနိုင်ငံ ဆုံဆည်းရာ ရွှေတြိဂံဒေသသို့ ခရီးဆက်ဖြစ်ပါသည်။ စင်စစ်အားဖြင့် မယ်ဆိုင်မြို့သည် ရွှေတြိဂံဒေသကိုသွားရောက်လည်ပတ်ရန် ခေတ္တနားခိုစခန်းချနိုင်သည့် မြို့လေးတစ်ခုသာဖြစ်လိမ့်မည်ဟု ထင်ပါသည်။ ခရီးသွားတို့ အဓိက စိတ်ဝင်စားသည်မှာ ရွှေတြိဂံဒေသ ဖြစ်ပါသည်။ ရောက်မြစ်နှင့် မဲခေါင်မြစ်ဆုံသည့်နေရာသည် ရွှေတြိဂံဒေသဖြစ်ပြီး ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံတို့ ၃ ပွင့် ဆိုင် ထိစပ်နေသည်။
မြန်မာစစ်တပ်ကတော့ ထိုဒေသကို တြိဂံဒေသတိုင်းအဖြစ်သတ်မှတ်ထားပြီး ကျိုင်းတုံတွင်စစ်ဌာနချုပ် ဖွင့်ထားသည်။ သမ္မတဟောင်း၊ အငြိမ်းစားစစ်ဗိုလ်ချုပ်ဦးသိန်းစိန်၊ အာဏာရှင်မင်းအောင်လှိုင်နှင့် သူ့ပြည်ထဲရေးဝန်ကြီး (ယခုအမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး) ဗိုလ်ချုပ်နီလင်းအောင်ကဲ့သို့သော စစ်ဗိုလ်များသည် ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးများဖြစ်ခဲ့ကြပြီး ရွှေတြိဂံဒေသတွင် တန်ခိုးထွားခဲ့ကြသူများဖြစ်ကြသည်။

ရွှေတြိဂံနယ်မြေသည် ဘိန်းဖြူ၊ မက်သာဖက်တမင်း၊ စိတ်ကြွဆေးပြားများ အမြောက်အများ ထုတ်လုပ်ရာနယ်မြေအဖြစ် ကျော်ကြားသည်။ သမိုင်းကြောင်းနှင့်ချီကာ ဘိန်းစိုက်ပျိုး ထုတ်လုပ်ခဲ့သည့် နယ်မြေတစ်ခုဖြစ်ခဲ့ပြီး ဘိန်းဘုရင်များ ကျင်လည်ကျက်စားခဲ့ဖူးသည်။ ဘိန်းစစ်ပွဲများလည်းဖြစ်ပွားခဲ့သည့်နေရာဖြစ်သည်။
ထို့ကြောင့်ပင် ခရီးသွားများကို ဆွဲဆောင်ထားနိုင်သည်ဟု ထင်သည်။ ပထဝီဝင်အရ သုံးနိုင်ငံထိစပ်သည့် နေရာဖြစ်သလို အရှေ့တောင်အရှတွင် အရှည်လျားဆုံးမြစ်တစ်စင်းဖြစ်သည့် မဲခေါင်မြစ်ပေါ်မှတစ်ဆင့် လှေစီးကာ နိုင်ငံသုံးခု၏ နယ်နမိတ်ကို တစ်ပြိုင်တည်းကြည့်ရှုနိုင်သည့် အခွင့်ရေးလည်းရမည်ဖြစ်သည်။ သို့သော် မူးယစ်ဆေးနှင့်လောင်းကစားနယ်မြေဖြစ်၍ သတိထားဆင်ခြင်စရာများလည်းရှိနေသည်။
ထိုင်းဘက်အခြမ်းမှ မြန်မာဘက်သို့ မျှော်ကြည့်သည့်အခါ မှိုင်းပြပြတောင်တန်းများ၊ မြစ်ကမ်းနားဘေးရှိ သစ်ပင်ငယ်များ၊ ထီးထီးတည်ရှိနေသည့် ခေါင်းမိုးအနီရောင် Paradise ဟိုတယ်နှင့် လောင်းကစားရုံတို့ကို တွေ့ရသည်။
တစ်ချိန်က ရွှေတြိဂံဘိန်းစစ်ဟုခေါ်သည့် တိုက်ပွဲအတွင်း စစ်တလင်းဖြစ်ခဲ့သည့် လာအိုနိုင်ငံဘက်တွင် Kings Romans ကာစီနိုလောင်းကစားရုံနှင့်အပြိုင် အထပ်မြင့်အဆောက်အဦများ အပြိုင်အဆိုင် ထိုးထွက်လာသည်ကို တွေ့ရသည်။ ညအချိန် မဲခေါင်မြစ်ဘေးမှ ကားဖြတ်မောင်းသည့်အခါ ထိုနေရာ၌ နီယွန်မီးလုံးများဖြင့် ထိန်ထိန်ညီးလျက်ရှိသည်။
ထိုနေရာကို လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်အဖြစ်နာမည်ပေးထားပြီး ဇုန်တည်ဆောက်ရေးအတွက် တာဝန်ရှိသည့် တရုတ်သူဌေး Zhao Wei သည် ထိုဇုန်ကို ၎င်း၏ တရားမဝင်စီးပွားရေးလုပ်ငန်းများ ဖုံးကွယ်ရန် ရည်ရွယ်တည်ဆောက်ခဲ့ပုံရကြောင်း နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG) က ၂၀၂၄ နှစ်ဆန်း တွင် ရေးသားဖော်ပြခဲ့သည်။
ကာစီနိုလောင်းကစားသူဌေး Zhao Wei နှင့် ၎င်းပိုင်ကုမ္ပဏီများသည် အထူးစီးပွားရေးဇုန်များမှတစ်ဆင့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုလုပ်ဆောင်ပေးနေသည်ဆိုကာ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့မှုစာရင်းထဲထည့်သွင်းခဲ့သည်။
ထိုစီးပွားရေးဇုန်အတွင်းသို့ လူအဝင်အထွက်ကန့်သတ်ထားသည်။ မဲခေါင်မြစ်ကို ဖြတ်၍ လာအိုဘက် သွားလေ့လာရန် လှေငှားသည့်အခါ အသွားအပြန် ထိုင်းဘတ် ၈၀၀ ကျသင့်သည်။ ခရီးသွားများသည် စက်လှေစီးကာ လာအိုနိုင်ငံဘက်အခြမ်း မဲခေါင်မြစ်ကမ်းနားဈေးကို သွားရောက်လည်ပတ်နိုင်သည်။ ထိုကမ်းနားဈေးတစ်လျှောက်ကို လေ့လာရန် နိုင်ငံကူးလက်မှတ်များအစစ်ဆေးမရှိဘဲ လူတစ်ဦးလျှင် ဝင်ကြေး ဘတ် ၅၀ (ကျပ် ၆၅၀၀ ခန့် သို့မဟုတ် ၂ ဒေါ်လာနီးပါး) ပေးရသည်။
ကျွန်တော်ရောက်သွားချိန်တွင် ဈေးပွဲတော်ကာလဖြစ်သဖြင့် ဈေးဆိုင်များ၊ လောင်းကစား ဆိုင်များ၊ ခြောက်ကောင်ဂိမ်းဟုခေါ်သည့် ဂလုံးဂလုံးလောင်းကစားဝိုင်းများကို အတန်းလိုက်တွေ့ရသည်။ ဂလုံးဂလုံးလောင်းကစားဝိုင်းဒိုင်များသည် တရုတ်မျက်နှာပေါက်များဖြစ်ကြပြီး တရုတ်ငွေဖြင့်သာ ကစားကြသည်။ နေ့လယ်ပိုင်းဖြစ်၍ လူမစည်ကားသော်လည်း လာအိုရောက် မြန်မာများ ဝိုင်းအုံကစားနေကြသည်။

ထိုသူတို့သည် လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း ဆောက်လုပ်ရေးနှင့် အခြားလုပ်ငန်းများတွင် အလုပ်လုပ်နေသူများဖြစ်လိမ့်မည်ဟု ထင်ပါသည်။ အွန်လိုင်းလောင်းကစားနှင့် ရာဇဝတ်မှုနယ်မြေအဖြစ် နိုင်ငံတကာက ရှုမြင်သည့် ထိုနေရာတွင် မြန်မာအလုပ်သမားများ မည်သို့ရပ်တည်လုပ်ကိုင်နေသည်ကို ကျွန်တော်အတွေးနယ်ချဲ့နေမိသည်။
အာဏာသိမ်းပြီးနောက် မြန်မာပြည်သားများ ပြည်ပထွက် သွားရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံများထဲတွင် လာအိုနိုင်ငံလည်းပါဝင်ပြီး စစ်ကောင်စီနှင့် လာအိုအစိုးရတို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရန် လက်မှတ်ရေးထိုးမှုများပင် ရှိနေသည်မဟုတ်ပါလော။ အတွေးပေါင်းစုံဖြင့် လာအိုကမ်းနားဈေးတစ်ပတ်လျှောက်ကြည့်ပြီးနောက် ပြန်လာခဲ့သည်။
ထိုင်းဘက်ကမ်း House Of Opium Museum (ဘိန်းပြတိုက်) ထဲ ဝင်ကြည့်သည့်အခါ တစ်ခေတ်တစ်ခါက ဘိန်းရောင်းဝယ်ဖောက်ကားမှုများ၊ ဘိန်းဘုရင် ခွန်ဆာ၊ ဘိန်းစစ်ပွဲများအကြောင်း စသဖြင့် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သည့် အကြောင်းအရာများစွာကို တွေ့ရပါသည်။ ပြတိုက်ဝင်ကြေး ထိုင်းဘတ် ၅၀ ပေးရသည်။ နိုင်ငံခြားသားခရီးသွားများ လူးလာခေါက်ပြန်ဝင်ထွက်နေသည်။
ထိုင်းပြတိုက်ထဲမှ မြန်မာနှင့်ဆက်နွယ်သည့်အကြောင်းများကို လေ့လာပြီး နာရီဝက်ခန့်ကြာသည့်အခါ ကျွန်တော်ထွက်လာခဲ့သည်။ အိမ်ပြန်ရတော့မည်ဖြစ်သည်။ သို့သော် ထိုအိမ်က အမိမြေမှအိမ် မဟုတ်။
အဝေးက မြန်မာဘက်ကို လှမ်းမျှော်ကြည့်သည့်အခါ တောအုပ်ငယ်များ၊ မှိုင်းပြပြတောင်တန်းများက ဆိတ်ငြိမ်သက်နေသယောင်ပင်။ သို့သော် နိုင်ငံ၏ နယ်နိမိတ်အတွင်းပိုင်းတွင်မူ တော်လှန်စစ်ပွဲများ၊ ခက်ထန်ကြမ်းတမ်းသော ဘဝများအကြောင်း ပြေးမကြည့်သော်လည်း အတွေးဖြင့် မှန်းဆမိလေသည်။



