သတင်း

ကျားဖြန့်လုပ်သားများ သောင်တင်နေခြင်းအတွက် စစ်ကောင်စီကို DKBA အပြစ်တင် 

၂၂ နိုင်ငံမှ လူကုန်ကူးခံရသူ ၄၀၀ ကျော် နေရပ်ပြန်ရေး စီစဉ်ရသည်မှာ စိတ်ပင်ပန်းလှသည်၊ စစ်ကောင်စီကလည်း အချိန်ဆွဲနေသည်ဟု DKBA က ဆိုသည်။ စစ်ကောင်စီက အသင့်ဖြစ်နေပြီဟု သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ဘက်ရှိ ကျောက်ခက်ဒေသမှ ကျားဖြန့်လုပ်သားများ နေရပ် ပြန်ပို့ရေး ကြန့်ကြာနေမှုအတွက် ကရင်တပ်ဖွဲ့ (DKBA)၏ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က စစ်ကောင်စီကို  အပြစ်တင်လိုက်သည်။ 

စစ်ကောင်စီက အချိန်ဆွဲ နေခြင်း ဖြစ်သည်ဟု သူက  ယမန်နေ့(မတ် ၅) တွင် သတင်းသမားများကို ပြောသည်။ 

“အခုက လူတွေပြန်ပို့ဖို့ကို မင်းအလှည့်မကျသေးဘူး၊ လက်မှတ်မရသေးဘူး၊ မသိရင် ဆီတန်းစီနေရ သလို တန်းစီရတဲ့ ဘ၀ဖြစ်နေတယ်၊ ကျွန်တော်တို့ စစ်သားဘ၀တုန်းက စစ်မြေပြင်မှာ စစ်တိုက်ပြီး ထမင်းငတ်တာတောင်မှ ဒီလောက်စိတ်မပင်ပန်းဘူး၊ အခုဒီကိစ္စတော်တော်ခက်ခဲတယ်” ဟု  ဗိုလ်ချုပ် စောဆန်းအောင်က ဆိုသည်။ 

၎င်းတို့ ထိန်းချုပ်ထားရာ ကျောက်ခက်ဒေသအတွင်းက ကျားဖြန့်လုပ်ငန်းများကို ရှင်းလင်းပြီး   ၂၂ နိုင်ငံမှ လူကုန်ကူးခံရသူ ၄၄၃ ဦးကို သီတင်းပတ် ၂ ပတ်အတွင်း ကယ်ထုတ်နိုင်ခဲ့သည်ဟု    DKBA ထံက သိရသည်။  

ထိုသူများကို ကျွေးမွေးထိန်းသိမ်း ထားရသည့်   အခက်အခဲအကြောင်း တတွင်တွင် ပြောဆိုနေသော်လည်း ကျားဖြန့်လုပ်ငန်း အဓိကလုပ်ကိုင်ဆောင်ရွက်ခဲ့သူများ နှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကိုမူ DKBA က ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

အချိန်ဆွဲသည်ဟူသော DKBA ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း စစ်ကောင်စီ၏ ယနေ့ ညနေပိုင်း ထုတ်ပြန်ချက်တစ်ခုတွင်မူ ထိုသူတို့ကို ပြန်ပို့ရန် အသင့်ဖြစ်နေပြီဟု ဖော်ပြထားသည်။ နှစ်လအတွင်း  ၁၂၁၃ ဦးကို ပြန်ပို့ပြီးဖြစ်သည်၊ လက်ကျန် “၃၁၂၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကျားဖြန့်အရေးနှင့်ပတ်သက်ပြီး  ထိုင်းအစိုးရက ကရင်ပြည်နယ်ရှိ မြဝတီ၊ ဘုရားသုံးဆူမြို့နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တို့ကို လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထိုသို့ ဖြတ်တောက် ဖိအားပေးအပြီး ကရင်နယ်ခြားစောင့်တပ် BGF နှင့် DKBA တို့ကလည်း ထိုလုပ်ငန်းတွင် ပါဝင်ပတ်သက်သူများကို ထိုင်း နိုင်ငံဘက်မှ တဆင့် သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရေး ကြိုးပမ်းခဲ့ကြသည်။ 

 ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံနေရသည့် နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။   

DKBA သည် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဘာသာရေးကိစ္စ အကြောင်းပြုပြီး ခွဲထွက်ပြီး ထူထောင်ထားသည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်သည်။  ၁၉၉၄ ခုနှစ်တွင် ခွဲထွက်စဉ်က DKBA သည် တပ်ရင်း ၉ ရင်း၊ တပ်ဖွဲ့ဝင် အင်အား ၆,၀၀၀ ခန့်ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းခဲ့သည်။   

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီ နှင့် ဘုရားသုံးဆူ အပါအဝင် လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး ၊ ကော့ကရိတ် အစရှိသော မြို့နယ်များတွင် စစ်ရေးလှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။  

DKBA တပ်ဖွဲ့သည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည်၊  ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတချို့ကို တက်ရောက်ခဲ့သော တပ်ဖွဲ့လည်းဖြစ်သည်။

လူကုန်ကူးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်းတို့ ပါဝင်သော ကျားဖြန့်လုပ်ငန်းများသည် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီ၊ ရွှေကုက္ကို၊ KK Park ၊ ဝမ်ခ၊ မယ်ထော်သလေး နှင့် ကျောက်ခက်ဒေသတို့တွင် အခြေချနေကြသည်။ 

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင်ရှိ ဘုရားသုံးဆူမြို့ နှင့် ရှမ်း ပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင်လည်း တရုတ်ကျားဖြန့်လုပ်ငန်းများမှာ ခိုအောင်း လှုပ်ရှား နေသည်။ 

မကြာသေးမီက တရုတ်နိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး မဲဆောက်-မြဝတီနယ်စပ်တွင် လူကုန်ကူးခံရသည်ဟူသောဖြစ်ရပ် ကမ္ဘာ့သတင်းခေါင်းစဉ် ဖြစ်လာပြီးနောက်  တရုတ်အစိုးရက ထိုဒေသကို ပစ်မှတ်ထားလာသည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး  လျိုကျုံးရီ မြန်မာ-ထိုင်းနယ်စပ်သို့ ဖေဖော်ဝါရီလအတွင်း  ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီ၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF နှင့် ထိုင်းနိုင်ငံမှ အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ အရာရှိများကို ဆက်တိုက် တွေ့ဆုံခဲ့ပြီး  ၎င်းတို့နိုင်ငံသားများ ပြန်လည်လွှဲ ပြောင်းနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသေးသည်။ 

ထို့အပြင် မြန်မာနယ်စပ် ၃ မြို့များကို ဆက်လက် ဖြတ်တောက်ပိတ်ဆို့ရေး၊ တရုတ်နိုင်ငံသားများ နေရပ်ပြန်နိုင်ရေး အပါအဝင် အချက် ၄ ချက် လုပ်ဆောင်ပေးရန် ထိုင်းကို တရုတ်နိုင်ငံဘက်က တောင်းဆိုထားသည်။ 

တရုတ်နိုင်ငံသား ၁၄၃၉ ဦး

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF က ထိန်းချုပ်ထားသော မြ၀တီခရိုင်အတွင်းရှိ ကျားဖြန့်များ ခိုအောင်းရာ ရွှေကုက္ကို နှင့် KK Park တို့မှ ကျားဖြန့်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို မတ်လ ၆ ရက်နေ့မှ  ၉ ရက်နေ့အတွင်း တရုတ်နိုင်ငံသို့ ပြန်လွှဲပေးမည်ဟု သိရသည်။

ထိုသူများ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက် ပြန်ကူးလာလျှင် တရုတ်အစိုးရက  စင်းလုံးငှားလေယာဉ်များဖြင့် ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။  

ဖေဖော်ဝါရီ ၂၀ ရက်က တရုတ်နိုင်ငံသားများကို ပထမဆုံးအသုတ်အဖြစ် လူ ၂၀၀ ပို့ဆောင်ခဲ့ ကြသည်။ (ဓာတ်ပုံ- မြတ်ကြီး/Myanmar Now) 

ဖေဖော်ဝါရီ ၂၀  နှင့် ၂၁ ရက်နေ့တို့တွင်လည်း ကျားဖြန့်အွန်လိုင်ငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား ၅၀၀ ကို ကရင်ပြည်နယ် မြဝတီ မှ ထိုင်းနိုင်ငံ မဲဆောက်သို့ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် လွှဲပြောင်းပေးခဲ့သည်။  

BGF ၏ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စတင်ကာလုပ်ဆောင်ခဲ့သော ကျားဖြန့်နှိပ်နင်းရေးစီမံချက်အတွင်း နိုင်ငံခြားသား ၇၀၀၀ ကျော်တွေ့ရှိခဲ့ပြီး ထိုအထဲမှ ၄၀၀၀ ကျော်မှာ တရုတ်နိုင်ငံသားများဖြစ်သည်ဟု BGF က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button