သတင်း

အင်အားပြင်း ငလျင်ဒဏ်ကြောင့် မန္တလေးတွင် ထိခိုက်ဆုံးရှုံးမှုအများဆုံးဖြစ်နေ 

ရာစုနှစ်တစ်ခုကျော်အတွင်း ဒုတိယကမ္ဘာစစ်ဒဏ်၊ မီးဘေးဒဏ်တို့သင့်ခဲ့ဖူးသည့် မန္တလေးမြို့သည် ငလျင်ဒဏ်ကြောင့် မြို့ပျက်ကြီးတစ်ခုလိုဖြစ် သွားသည်ဟု ဒေသခံတစ်ဦးက ဆိုသည်

ယမန်နေ့က မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် အထက်မြန်မာပြည်၏ မြို့တော် မြန်မာ့ယဉ်ကျေးမှုများစုဝေးရာ ထိုမြို့တွင် လူထိခိုက်သေဆုံးမှု၊ ရှေးဟောင်းယဉ်ကျေးမှုနှင့် နေအိမ်တိုက်တာ အဆောက်အအုံထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့သည်။ 

စစ်ကောင်စီ၏ ယနေ့ (မတ် ၂၉) ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၆၉၄ ဦး၊ ဒဏ်ရာရသူ ၁၆၇၀ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦးရှိပြီး နေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ တံတားနှင့် ဘုရားစေတီ အဆောက်အအုံပေါင်း ၂,၆၀၀ ကျော် ထိခိုက်ပျက်စီးကြောင်း ဖော်ပြသည်။ 

ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု တိုးလာနိုင်ပြီး   ငလျင်ဗဟိုချက် ဖြစ်သည့် မန္တလေးမြို့ပေါ်တွင် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးသမားများက ပြောသည်။

ယခင်”ရတနာပုံ” မင်းနေပြည်မှ နောင်အခါ “မန္တလေး” ဟု အမည်တွင်ခဲ့ပြီး ရာစုနှစ်တစ်ခုကျော်အတွင်း ဒုတိယကမ္ဘာစစ်ဒဏ်၊ မီးဘေးဒဏ်တို့သင့်ခဲ့ဖူးသည့် မန္တလေးမြို့တော်သည် ယမန်နေ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မြို့ပျက်ကြီးတစ်ခုနီးပါး ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“တကယ့်ကို အံ့ဩဖို့ကောင်းတယ်။ ဟိုတယ်ကြီးတွေ၊ ကြီးမားတဲ့(အဆာက်အဦကြီးတွေ) က ပြိုကျနေတယ်။ ဆိုင်တွေကလည်း တော်တော် များများပိတ်ထားတယ်။ ဆိုင်ကယ်အပိုပစ္စည်းဆိုင်တွေ၊ အိမ်ဆောက်ပစ္စည်းဆိုင်တွေ၊ ကားအပိုင်ပစ္စည်း ဆိုင်တွေ၊ နောက်ဆုံး EV ကား(အားသွင်းရုံ)ကအစ ပျက်စီးနေတာပေါ့နော်။ မြို့ပျက်ကြီးအတိုင်းပဲ” ဟု ငလျင်ဒဏ်ခံရပြီး တစ်ရက်အကြာ မြင်ကွင်းကို ထိုအမျိုးသမီးက ပြောသည်။ 

မြို့အနှံ့ ရှိရှိသမျှသော ရှေးဟောင်းယဉ်ကျေးမှုစေတီပုထိုးများ၊ တိုက်တာအဆောက်အအုံအားလုံးနီးပါး အနည်းနှင့်အများ ပျက်စီးသွားပြီး ပြိုကျသောအဆောက်အအုံများထဲတွင်  ရဟန်းရှင်လူ ရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်၊ အပျက်အစီးများအတွင်း အသက်ရှင်ကျန်သူတို့ကို ကယ်ဆယ်နိုင်ရန်ကြိုးစားနေသည်ဟု ၎င်းက ပြောသည်။

ပြိုကျအဆောက်အဦများစွာအနက် မစိုးရိမ်တိုက်သစ်၊ ဦးလှသိန်းဗိမာန် (မဟာအောင်မြေစာဖြေဌာန)၊ အစ္စလမ်ဘာသာရေးအဆောက်အဦတစ်ခုဖြစ်သည့် ၄၁ လမ်းဗလီ၊ ဂရိတ်ဝေါဟိုတယ်နှင့် Sky Villa ကွန်ဒိုအဆောက်အဦ ပြိုကျမှုများတွင် လူထိခိုက်သေဆုံးမှုအများဆုံးဖြစ်သည်ဟု ဆိုသည်။

မဟာအောင်မြေမြို့နယ်ရှိ သကျသီဟ အသင်းကြီး၊ ဦးလှသိန်းဗိမာန်တွင် သံဃာအပါး ၁၀၀၀ ကျော် ဓမ္မာစရိယ စာမေးပွဲ ဖြေဆိုနေချိန် ငလျင်ကြောင့် စာ‌ဖြေကျောင်းဆောင်တစ်ဆောင် ပြိုကျခဲ့ရာ  သံဃာအပါးရာနှင့်ချီ၍ ပိတ်မိနေပြီး ကူညီကယ်ဆယ်မှုဆောင်ရွက်နေကြောင်း မြန်မာ့ကူညီကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) တာဝန်ရှိသူတစ်ဦးက ဆိုသည်။  

အဆောက်အဦပျက်များထဲတွင် ပိတ်မိနေသူများကို လူမှုကူညီရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့များက ဆက်တိုက်ရှာဖွေကယ်ဆယ်နေပြီး ယနေ့မနက်ပိုင်အထိ ရုပ်အလောင်း ၄ လောင်းထုတ်ယူထားနိုင်ကာ အချို့ကို ကယ်ဆယ်ထားနိုင်ကြောင်း ၎င်းက ပြောသည်။

“ကယ်ဆယ်ရေးတွေ ပြန်လုပ်နေရပါတယ်။ အောက်အထိ ဆင်းဖို့ကိုက တော်တော်ခက်ခဲတယ်ဗျ။ တချို့တွေက ပိတ်မိနေတာ၊ ပိမိနေတာတွေလည်း ရှိတယ်။ အောက်ဘက်ကနေ အသံတွေ ကြားနေရတယ်ဆိုတော့ အသက်ရှင်ကျန်နေသေးတဲ့ လူတွေကတော့ ရှိနေသေးတယ်။ ဒီအဆောက်အဦ ပြိုကျသွားပြီး လူတွေပါသွားတာက ရာဂဏန်းလောက်အထိတော့ ရှိတယ်ဗျ” ဟု ၎င်းက ပြောသည်။ 

“အခုလို ဖြစ်ရပ်ကြီး နဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေက ကျွန်တော်တို့အတွက်လည်း ပထမဆုံးဆိုတော့ အခက်အခဲ​တွေက အများကြီးပဲ”

ပိတ်မိနေသူများကို ကယ်ထုတ်ရေးအတွက် ပြိုပျက်အဆောက်အဦများဖယ်ရှားရန် စက်ယန္တရား၊ ကယ်ဆယ်ရေးသမား၊ ကျွမ်းကျင်ပညာရှင်များ လိုအပ်နေသည်ဟုလည်း သိရသည်။ 

ဂရိတ်ဝေါဟိုတယ်နှင့် Sky Villa ကွန်ဒိုတို့တွင်လည်း အသေအပျောက်များနိုင်ပြီး ငလျင်လှုပ်ချိန်တွင် အပြင်ထွက်၍ တိမ်းရှောင်ရန်ပင် အချိန်ရဖွယ်မရှိကြောင်း မန္တလေးမြို့ခံ အမျိုးသမီးက ဆိုသည်။ 

အောင်မြေသာစံမြို့နယ်ရှိ အထပ်မြင့် Sky Villa ကွန်ဒိုမှာ ငလျင်ဒဏ်ကြောင့် မြေကြီးအတွင်း ကျွံဝင်သွားပြီး  အများအပြား သေဆုံးနိုင်ကြောင်း ၎င်းက ဆိုသည်။ 

ထိုအဆောက်အဦပြိုကျမှုနှင့်ပတ်သက်၍ ပျောက်ဆုံး၊ သေဆုံးစာရင်းကို အတိအကျ မသိရသော်လည်း အဆောက်အဦမြေညီထပ်တွင် စိန်ဆိုင်ဖွင့်ထားသည့် သုခဒိုင်းမွန်းစိန််််််ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်မိုးသီတာရွှေ၊ သားသမီးနှင့် မြေးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း ထိုစိန်ဆိုင်က လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

ထိုအဆောက်အဦပျက်များအနီး လမ်းများပိတ်၍ ကူညီကယ်ဆယ်နေပြီး လူအဝင်ကန့်သတ်ထားကြောင်း သိရသည်။ လမ်းထောင့်များတွင်လည်း စစ်ကောင်စီတပ်သားများက လုံခြုံရေးယူထားကြသည်။ 

အစ္စလာမ်ဘာသာဝင်တို့ ထိခိုက်သေဆုံးမှုများပြားသည့် ဗလီပြိုကျမှု

ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတို့ရှိ အစ္စလာမ်ဘာသာဝင်များ ကိုးကွယ်ဝတ်ပြုရာ ဗလီ ၅၀ ထက်မနည်း ပြိုကျပျက်စီးပြီ အနည်းဆုံး ၂၅၀ ကျော်သေဆုံးနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ခန့်မှန်းသည်။

လူသေဆုံးမှုများပြားခဲ့သည့် ဗလီများအနက် မန္တလေးမြို့ အနောက်အပ်ချုပ်ဗလီ၊ ရွှေဘုန်းရှိန်ဗလီတို့ ပါဝင်ပြီး မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ဆူးလေကုန်းဗလီ၊ တောင်ဆင်ကျုံးဗလီ၊  ပဲခူးတိုင်း တောင်ငူမြို့ ကန်တော်ဗလီတို့တွင်လည်း အသေအပျောက် များနိုင်သည်ဟုလည်း ဖြစ်စဉ်သိရှိသူ တစ်ဦးက ပြောသည်။ 

စင်္ကြာမြောက်ဗလီတွင်လည်း ဒါဇင်နှင့်ချီသေဆုံးကြောင်းလည်း အစ္စလမ်ဘာသာဝင်အချို့က အွန်လိုင်းလူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြထားသည်။ 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ပန်းဆက်ဗလီကြား ပျံကျရပ်ကွက်ကဲ့သို့ဖြစ်နေသည့် နေရာတွင် ငလျင်ဒဏ်ကြောင့် အုတ်တံတိုင်းပိ၍ အနည်းဆုံး ၆ ဦး သေဆုံးသွားကြောင်း မန္တလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဲ့နားက အဆောက်အဦတိုက်တွေရဲ့ နံရံလေးတွေမှာ မှီပြီး သူတို့က မိုးကာလေးတွေနဲ့ နေကြတယ်။ ငလျင်လှုပ်တော့ ပြိုကျပြီးတော့ ပိတာပေါ့” ဟု ၎င်းက ဆိုသည်။

သဘာဝဘေးအန္တရာယ်အကြီးအကျယ် ကျရောက်နေချိန် ဆင်းရဲနွမ်းပါးသူတို့၏ နာရေးအစီအစဉ်များကို အကျဥ်းချုံး ဆောင်ရွက်နေရသည်ဟု ဆိုသည်။

ယမန်နေ့က ဝတ်ပြုနေစဉ် ကြုံတွေ့လိုက်ရသည့် ငလျင်ကြောင့် ပြိုကျခဲ့သည့် ဗလီများမှာ ရှေ့ဟောင်းအဆောက်အဦများဖြစ်ကြောင်း၊ ထိုအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေးကို ၁၉၆၂ ခုနှစ်ကမှစ၍ စစ်အာဏာရှင်အဆက်ဆက်က ခွင့်မပြုသောကြောင့် ဗလီပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ရာနှင့်ချီသေ ဆုံးရခြင်းဖြစ်သည်ဟု အစ္စလာမ်ဘာသာဝင် တရားလွတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အိုးဘိုထောင်တွင် အကျဉ်းသားတချို့ဒဏ်ရာရ၊ သုံးဦးဒဏ်ရာပြင်းထန်

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်တွင် အဆောင်တချို့ ထိခိုက် ပျက်စီးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ သုံးဦးအပါဝင် အကျဉ်းသားများ ဒဏ်ရာရမှုများရှိသည်ဟု ထောင်ဝန်ထမ်းတစ်ဦးက ယနေ့ (မတ် ၂၉)တွင်  ပြောသည်။

အိုးဘိုထောင် အမျိုးသားအလုပ်ရုံ ပြိုကျပျက်စီးခဲ့သလို အမျိုးသမီးအကျဉ်းဆောင် နံရံပြိုကျမှုကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ အလုပ်ရုံပြိုကျမှုအတွင်း အမျိုးသား သုံးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦး ခြေထောက်ကျိုးသွား ခဲ့သည်ဟု အထက်ပါ သတင်းအရင်းမြစ်က ဆက်ပြောသည်။

အလားတူ အမျိုးသမီးအဆောင်မှာလည်း ငလျင်ဒဏ်ကြောင့် နံရံပြိုကျပျက်စီးခဲ့ကာ အကျဉ်းသူ တချို့  ဒဏ်ရာရရှိခဲ့သည်၊  သက်ကြီးပိုင်း အကျဉ်းသူနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသည်ဟု သိရသည်။

ယမန်နေ့ညက ငလျင်နောက်ဆက်တွဲအန္တရာယ်ကြောင့်  အကျဉ်းသူ၊ အကျဉ်းသားများအားလုံးကို ထောင်အတွင်း အမိုးအကာမရှိသည့်နေရာများတွင် အိပ်စက်ခိုင်းခဲ့သည်ဟု ၎င်းက ပြောသည်။ 

Myanmar Now အနေဖြင့် ထောင်တွင်းထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို စုံစမ်းနိုင်ခြင်း မရှိသေးပေ။

ရှေးဟောင်းအဆောက်အဦများပြိုကျပျက်စီး

ခရီးသွားများကြားထင်ရှားသည့် မန္တလေးကျုံးမြို့ရိုး၊ မဟာမုနိဘုရားမုခ်ဦး၊ ရွှေစာရံဘုရား ထိခိုက်ပျက်စီးပြီး အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းနှင့် လေးထပ်ကျောင်းတို့လည်း ငလျင်ဒဏ်ကြောင့်  ပြိုကျပျက်စီးသွားသည််။ ထို့အပြင် စစ်ကိုင်းတံတားပြိုကျခဲ့သည်။

မဟာမုနိဘုရားမုခ်ဦး၊ ထိုမုခ်ဦးရှိ ခြင်္သေ့ရုပ်များ၊ ဘုရားစောင်းတန်း၊ ရှေးဟောင်းစေတီများပျက်စီးကြောင်း၊  မဟာမုနိဗုဒ္ဓရုပ်ပွားတော်မှာ ထိခိုက်မှုမရှိကြောင်း မန္တလေးဒေသခံများက အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။ 

 မန္တလေးတက္ကသိုလ်အဆောက်အဦထိခိုက်ပျက်စီးပြီး မီးလောင်ကျွမ်းခဲ့သည်။ ထို့အပြင် မန္တလေး စိန်ပန်းရပ်ကွက်နှင့် သံနောက်ရပ်ကွက်တို့တွင်လည်းမီးလောင်ကျွမ်းပြီး လူသေဆုံးမှု ရှိသည်ဟု သိရသည်။ 

ယနေ့ မနက်ပိုင်းအထိ နောက်ဆက်တွဲငလျင်များ ပေါ်ပေါက်နိုင်ခြင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်သွားသည့် အဆောက်အဦများ ပြိုကျနိုင်ခြင်းတို့ကြောင့်   ဒေသခံများ ကျုံးဘေးလမ်းအပါအဝင် လမ်းမများ၊ ကွင်းပြင်များတွင် နေထိုင်နေကြကြောင်း  မန္တလေးဒေသခံ အမျိုးသမီးနောက်တစ်ဦးက ပြောသည်။

လျှပ်စစ်မီး၊ ဖုန်းနှင့် အင်တာနက်လိုင်းအချို့ပြတ်တောက်နေပြီး စားရေးသောက်ရေးအခက်ခဲရှိကြောင်း ၎င်းက ပြောသည်။

“လူတွေက ခုက လမ်းမှာ။ ကျုံးဘေးပလက်ဖောင်းမှာ အများကြီးပဲ။ ရပ်ကွက်ထဲကလူတွေဆိုလည်း  ကွင်းရှိတဲ့နေရာကြီးမှာ နေနေရကြတယ်” ဟု ၎င်းက ပြောသည်။

စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်အများစုလည်းမဖွင့်နိုင်ကြသေးသလို လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် အစားသောက်ချက်ပြုတ်ရန်လည်းအခက်ခဲရှိသည်ဟု သူက ဆိုသည်။ စက်သုံးဆီဆိုင်များတွင်လည်း လူဦးရေအများအပြားတိုးကြိတ်ဝယ်ယူနေကြောင်း ၎င်းက ဆိုသည်။

မန္တလေးတွင်သာမက အခြားမြို့နယ်များတွင်လည်း ငလျင်ဒဏ်ခံခဲ့ရ၍ လမ်းများ ပျက်နေခြင်း၊ အားလုံးနီးပါး သဘာဝဘေးဒဏ်ခံရခြင်းကြောင့် ပြည်သူအချင်းချင်း အစားအစာနှင့် အကူအညီပေးရန် အခက်ခဲတွေ့နေကြောင်း ၎င်းက ပြောသည်။

အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် စစ်ကိုင်း၊ မန္တလေး မကွေး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် သေဆုံး၊ ထိခိုက်မှု များပြားနေသည်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရသည့် မြန်မာလူထုသည်   သဘာဝဘေးဒဏ်ကို ထိခိုက်ခံစားနေရသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများကို ကူညီကယ်ဆယ်မည်ဟု ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဥရောပသမဂ္ဂတို့က ဆိုထားသည်။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်သော နယ်စည်းမထားဆရာဝန်များအဖွဲ့ကလည်း မတ်လ ၂၈ ရက်၊ သောကြာနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ရာ  ငလျင် ဖြစ်စဉ်အတွင်း မြန်မာနိုင်ငံရှိ ၎င်းတို့ဝန်ထမ်းအားလုံး ဘေးကင်းကြသည်၊  ထိခိုက်ဒဏ်ရာကြောင့် အသက်ကယ်ကျန်းမာရေးအကူအညီ ချက်ချင်းလိုအပ်နေသူများအတွက် စိတ်ပူမိသည်ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။  

“အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရတာနဲ့ တပြိုက်နက် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဝန်ထမ်းတွေက ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

အမြန်ဆုံး ခွင့်ပြုပေးရန် အရေးတကြီး လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။




Show More

Related Articles

Back to top button