ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၈) နယ်မြေတွင် ယမန် နေ့ (မတ် ၃၁) ညနေက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သင်တန်းတက်ရန် ရောက်နေသူ လူငယ် ၃၈ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် စစ်လေယာဉ် ၂ စီးက တောတွင်းတစ်နေရာကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တပ်မဟာ (၈) သို့ သင်တန်းတက်ရန်လာရင်း လမ်းခုလပ်မှာ ၃၀၀ လောက်ခေတ္တစုနေချိန် မနေ့ ညနေ ၅း၃၀ အချိန်ခန့် လေယာဉ် ၂ စီးနဲ့ ကြဲသွားတာ၊ ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရတာပါ” ဟု အဆိုပါသတင်းရင်းမြစ်က ဆက်ပြောသည်။
ဒဏ်ရာရသူ ၂၀ ကျော်အနက် ဒဏ်ရာပြင်းထန်သူများပါဝင်နေသည်ဟု သိရသည်။
မည်သည့်ဒေသမှ လူငယ်များဖြစ်သည်ကို မသိရသေးပေ။ KIA သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှု အပြီး လက်နက်ကိုင်ခုခံလိုသူ အများအပြားကို စစ်ပညာသင်ပေးနေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ဗုံးကြဲခံရမှုကြောင့် သင်တန်းသွားမည့်သူများ တိုက်ခိုက်ခံရမှုများထဲတွင် အသေအပျောက်အများဆုံး ဖြစ်ရပ်ဖြစ်လာသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဗုံးကြဲခံရမှုကို အတည်ပြုသည်။ ဗုံးကြဲသည့်နေရာနှင့် သေဆုံးသူများ၏အခြေအနေကို မသိရသေးကြောင်း Myanmar Now ကို ပြောသည်။
“လေယာဉ်ကတော့ ၂ စီးလို့ပြောတယ်၊ ပထမ ၁ စီးက ဗုံးမကြဲဘဲနဲ့ လှည့်ပတ်ပြီးမှ ပြန်သွားတယ် ပြော တယ်၊ ဒုတိယတစ်စီးကတော့ ဗုံး ၂ ခုကြဲတယ်လို့ကြားရတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မြန်မာပြည်အလယ်ပိုင်းတွင် ငလျင်ဒဏ်ခံရသူများအတွက် ကယ်ဆယ်ကူညီရေးလုပ်ငန်း အားသွန်ခွန်စိုက်လုပ်ရမည့်အချိန် ဖြစ်သော်လည်း စစ်ကောင်စီတပ်က ကချင်ပြည်နယ်တွင် နေ့စဉ်ရက်ဆက် ဗုံးကြဲနေသလို စစ်ရေးလှုပ်ရှားမှုနှင့်ထိုးစစ်ဆင်မှုများ မရပ်တန့်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။
ပြီးခဲ့သည့်ရက်များအတွင်း ဝိုင်းမော်ရှိ KIA တပ်များ ထိုးစစ်ဆင်ခံရသည်ဟု သူက ဆိုသည်။
ယနေ့ (ဧပြီ ၁ ရက်) နံနက်တွင် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်ရှိသည့် ဝိုင်းမော်မြို့နယ်ရှိ KIA တပ်ဖွဲ့နေရာကို စစ်ကောင်စီတပ်က ဒရုန်းများဖြင့်ဗုံးကြဲခဲ့သည်ဟု ဝါရှောင်းဒေသခံတစ်ဦးထံက သိရသည်။
“တိုက်ပွဲဖြစ်နေတာ မဟုတ်ပါ။ ဒရုန်းနဲ့ လာပစ်တာပါ၊ အခုပြန်ငြိမ်နေပြန်ပါပြီ၊ ကိုယ်တိုင်ကြားတာ အသံကျယ်ကတော့ ၅ ချက်ပါ” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီး ဗဟိုပြုသည့် ပြင်းအား ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် အခြားမြို့ကြီးများ တွင် သေဆုံးသူအများအပြား ရှိခဲ့သည်။ သေဆုံးသူအရေအတွက် ခုန်တက်လျက်ရှိရာ အရေအတွက် ၂၀၀၀ ကျော်လာပြီ ဖြစ်ကြောင်း စစ်ကောင်စီ၏နောက်ဆုံးထုတ်ပြန်မှုတွင် တွေ့ရသည်။
စစ်ကောင်စီက မတ် ၃၁ ရက်နေ့မှ ဧပြီ ၆ ရက်နေ့အထိိ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်ကြောင်းကြေညာခဲ့သည်။
NUG အစိုးရက ငလျင်ကယ်ဆယ်ရေး လုပ်ဆောင်ရန် ၁၄ ရက်ကြာ ထိုးစစ်ရပ်ကြောင်း၊ စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်သော မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက CDM ကျွမ်းကျင်ဝန်ထမ်းများက အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မတ် ၂၉ ရက်နေ့တွင် ကြေညာထားသည်။
စစ်ကောင်စီက ထိုကြေညာချက်ကို တုံ့ပြန်ခြင်း မရှိပေ။ သို့သော်လည်း တိုင်းရင်းသားဒေသများ အပါအဝင် မန္တလေးတိုင်းအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများကို ဆက်လုပ်နေသည်။
မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့တွင် မြေပြင်တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုက နေ့စဉ်နီးပါးရှိနေသည်ဟု KIA နှင့် နီးစပ်သူ လိုင်ဇာဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
မတ် ၃၀ ရက်နေ့တွင် ဗန်းမော်မြို့ကို လေတပ် ဗုံးကြဲခဲ့ပြီး ယနေ့ (ဧပြီ ၁ ရက်နေ့) နံနက် ၁၁ နာရီခွဲခန့်က ဗုံးကြဲသွားသည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းတစ်နေ့တည်းမှာပင် ဖားကန့်ဒေသရှိ KIA တပ်မဟာ(၉)ဌာနချုပ် ရှိရာသို့ ဒရုန်းများဖြင့် ဗုံးကြဲခဲ့သလို နောက်တစ်နေ့တွင် မိုးညှင်းဒေသရှိ တပ်မဟာ (၈) ဌာနချုပ်ဘက်သို့ စစ်လေယာဉ်က ဗုံးကြဲခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် သီတင်းနှစ်ပတ်ခန့်က စစ်ကောင်စီနှင့် ပြည်သူ့စစ်များက ဖားကန့်မြို့နယ်၊ လီဒိုလမ်းမကြီးပေါ်ရှိ လဝါးကျေးရွာအနီး KIA စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ယမန်နေ့ မွန်းလွဲတွင် KIA နှင့် ပူးပေါင်းတပ်များက ထိုစခန်းကို ပြန်တိုက်ယူလိုက်သည်ဟု ၎င်းက ဆက်ပြောသည်။
“ဝါရာဇွပ်က ပြည်သူ့စစ်တွေရော နမ္မတီး၊ မိုးကောင်းက စစ်ကောင်စီတွေရောက လဝါးရွာကို ဝင်ပြီး တပ်စွဲ ထားတယ်၊ မနေ့ကတော့ အဲဲဒီတပ်စွဲထားတဲ့ စစ်ကောင်စီတွေကို တိုက်ပွဲဖြစ်ပြီးတော့ မောင်းထုတ်လိုက်တာပေါ့၊ သူတို့ထွက်ပြေးသွားတယ်”
ယခုလလယ်ခန့်မှ စတင်ကာ စစ်ကောင်စီတပ်က KIA ထိန်းချုပ်ထားသည့် ဖားကန့်-ကာမိုင်းလမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ရန် ကာမိုင်းရွာမှ စစ်ကြောင်းထိုးခဲ့သည့်အတွက် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။



