သတင်း

ကမာရွတ်မီဒီယာမှ ကိုဟံသာညိမ်း လွတ်ရက်စေ့သဖြင့် အကျဉ်းထောင်မှ လွတ်မြောက်

စစ်ကောင်စီက ခြွင်းချက်ဖြင့် အကျဉ်းသားများ လွှတ်ပေးရာတွင် နိုင်ကျဉ်း ၂၂ ဦး ခန့်ပါသည်ဟု ကနဦး သိရပြီး ၄ နှစ်နီးပါးဖမ်းဆီးခံထားရသည့် ကမာရွတ်မီဒီယာသတင်းဌာန ပူးတွဲ တည်ထောင်သူ ကိုဟံသာ ညိမ်းလည်း လွတ််လာသည်။

စစ်တပ်အာဏာသိမ်းပြီး တစ်လအကြာတွင် ဖမ်းဆီးထောင်ချခံခဲ့ရသည့် ကမာရွတ်မီဒီယာသတင်းဌာန ပူးတွဲ တည်ထောင်သူ ကိုဟံသာညိမ်းသည် လွတ်ရက်စေ့သဖြင့် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ ယနေ့(ဧပြီ  ၁၇) ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။ 

စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ် ၉ တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ် ၆ လမ်းရှိ ကမာရွတ်သတင်းဌာနကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ဝင်ရောက်စီးနင်းပြီး ကမာရွတ် သတင်းဌာန တွဲဖက်တည်ထောင်သူ ကိုဟံသာညိမ်းနှင့် အယ်ဒီတာချုပ် ဦးနေသန်မောင်တို့ကို ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။ 
အမေရိကန်နိုင်ငံသားဖြစ်သော ဦးနေသန်မောင်ကိုမူ ၂၀၂၁ ဇွန်လ ၁၄ ရက်နေ့တွင် စွဲချက်ပြန်ရုပ်သိမ်း၍ မြန်မာနိုင်ငံမှ ထွက်ခွာခွင့်ပြုခဲ့သော်လည်း ကိုဟံသာညိမ်းကို နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ် ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲထောင်ချခဲ့ကြသည်။

စစ်ကောင်စီက မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၄၈၉၃ ဦးကို  ယနေ့ (ဧပြီ ၁၇ ရက်) မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ခဲ့ရာတွင် လွတ်ရက်စေ့ပြီဖြစ်သော အသက် ၄၃ နှစ်အရွယ် ကိုဟံသာညိမ်းလည်း အပါအဝင် ဖြစ်သည်။

ကိုဟံသာညိမ်း လွတ်မြောက်လာကြောင်းကို ၎င်း၏မိတ်ဆွေများနှင့် အကျဉ်းထောင်သတင်းရင်းမြစ်များ က အတည်ပြုကြသည်။ 

ကမာရွတ်မီဒီယာသတင်းဌာန ပူးတွဲ တည်ထောင်သူ အသက် ၄၃ နှစ်အရွယ် ကိုဟံသာညိမ်း။ 

ပြည်၊ ပခုက္ကူ၊ ပေါင်းတည်၊ ထားဝယ်နှင့်ညောင်ဦး အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသား ၂၂ ဦး လွတ်မြောက်လာသည်ဟု  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ နေ့လယ်တွင် ထုတ်ပြန်သည်။ 

စစ်ကောင်စီက ခြွင်းချက်ဖြင့် ယနေ့ လွတ်ငြိမ်းခွင့်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု လွန်စွာ နည်း ပြီး တချို့အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများလုံးဝမပါဝင်သည်ကို ကနဦးတွေ့ရှိရသည် ဟု PPMM က ဆိုသည်။

၎င်းတို့ ကောက်ယူထားသည့် အချက်အလက်များအရ နိုင်ငံရေး အကျဉ်းသား ၅ ရာခိုင် နှုန်းခန့်သာ ပါဝင် နေသေးပြီး ၅၀၅ ပုဒ်မများ နည်းပါးလာကာ နှစ်ကြီးသမားများသာကျန်ရှိတော့သည်၊ တော်လှန်ရေး အောင်မြင်မှသာ နိုင်ကျဉ်းများလွတ်မြောက်နိုင်မည်ဟု PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။ 

“ဒီလူတွေအားလုံး လွတ်မြောက်ဖို့အတွက်ဆိုရင်တော့ တော်လှန်ရေး အမြန်အောင်မှ လွတ်မြောက်မှာ ဖြစ် ပါတယ်။ အကျဉ်းထောင် တံခါးတွေကို တော်လှန်ရေးသမားတွေကိုယ်တိုင် ချိုးဖောက်ပြီးမှ လာရောက် ကယ်တင်မဲ့ အချိန်ကိုပဲ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေက စောင့်မျှော်နေပါတယ်”

စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ  ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့်  အကျဉ်းသား ၄၈၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုပြီး နိုင်ငံခြားသားအကျဉ်းသား ၁၃ ဦး ကိုလည်း လွှတ်ပေးခဲ့ သည်ဟု ၎င်းလက်အောက်ခံ နိုင်ငံပိုင်ရုပ်သံဌာနများမှ တဆင့်ကြေညာခဲ့သည်။ 

ထို့ပြင် လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းအက်ဥပဒေအရ ပြစ်မှုများ၊ မတရား အသင်းဥပဒေ၊ လက်နက်အက်ဥပဒေ ၁၉ (စ) အရပြစ်မှုများ၊ ၁၉၄၉ လက်နက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ လက်နက်ဥပဒေအရပြစ်မှုများ၊ ၁၉၄၂ ရှမ်းပြည်နယ်လက်နက်အမိန့်ရပြစ်မှုများ၊ ၂၀၂၃ လက်နက် ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အဂတိလိုက်စားမှုများမှအပ ကျန်ပြစ်မှုများကို ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံအား လျှော့ချပေး လိုက်ကြောင်း ပါရှိသည်။

ယခင်ကလည်း စစ်ကောင်စီက ချွင်းချက်များဖြင့် အကျဉ်းသားတချို့ကို ပြန်လွှတ်ရာတွင် နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ လွှတ်ပေးခဲ့ပြီး ယခုလည်း လက်နက်မှုအများအပြားဖြင့် လွတ်ငြိမ်း သက်သာခွင့်ကို ကန့်သတ်ထားသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ကို ဆန့်ကျင်၍ ဖမ်းဆီးခံရသူအများစုသည် စစ်ကောင်စီထုတ်ပြန်ချက်ပါချန်လှပ်ခဲ့သော ဥပဒေပုဒ်မ များ ဖြင့်သာ တရားစွဲထောင်ချခံထားရသည်။

ထို့ကြောင့်နိုင်ငံရေးအကျဉ်းသားအများစုသည် ထောင်ဒဏ် ရက် ၆ ပုံ ၁ ပုံ လျော့ပေါ့ခံစားခွင့် ရကြမည် မဟုတ်ပေ။

ယမန်နှစ် ဧပြီ ၁၇ ရက်နေ့တွင် နိုင်ငံအနှံ့ထောင်များမှ အကျဉ်းသား ၃၃၀၃ ဦးကို စစ်ကောင်စီက ပြန်လွှတ် ပေးခဲ့စဉ်ကလည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်ခဲ့သည်။ 

စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း မြန်မာမှ လွတ်လပ်သောသတင်းမီဒီယာသမား ၂၀၀ ကျော်ကို မတရားဖမ်းဆီးခံရပြီး ၇ ဦးမှာ ဥပဒေမဲ့သတ်ဖြတ်ခံရသည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 
သတင်းသမား ၄၀ ကျော်ကို အကျဉ်းထောင်များတွင် မတရားသော ဥပဒေများ၊ သတင်းမီဒီယာသမား များ နှင့် မသက်ဆိုင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆို ထောင်ချထားကြောင်း IPCM က ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ် ဧပြီ ၁၁ ရက်နေ့အထိ စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ ၂၉၀၃၀ ဦး ရှိပြီး ထိုအထဲမှ ၂၂၁၉၇ ဦးမှာ ထိန်းသိမ်းခံနေ ရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၁၀၇၆၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

Show More

Related Articles

Back to top button