အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးအတွေးအမြင်

တိုင်းရင်းသားအချင်းချင်း သွေးကွဲစစ်ခင်းစေသော စစ်ဗိုလ်ချုပ်များ၏ဗျူဟာ

နယ်မြေများစွာဆုံးရှုံးထားရသည့် စစ်တပ်အတွက် လွန်စွာအရေးပါပြီး အလုပ်ဖြစ်နေသည့် ဗျူဟာတစ်ခုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား သပ်လျှိုခြင်း ဖြစ်သည်။

မြန်မာစစ်အာဏာရှင်အဆက်ဆက် အောင်မြင်စွာကျင့်သုံးနိုင်သော  စစ်ဗျူဟာကို ပြပါဆိုလျှင် တိုင်းရင်းသားလူမျိုးများ အချင်းချင်းကြား သို့မဟုတ် တိုင်းရင်းသားလူမျိုး တစ်မျိုးအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြား၊ အချင်းချင်းသွေးကွဲပြီး အပြန်အလှန်စစ်ခင်းသတ်ဖြတ်စေသော စစ်ဗျူဟာပင် ဖြစ်သည်။ အဆိုပါ စစ်ဗျူဟာသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုကျယ်ပြန့်လာသည်ကို ပကတိအရှိတရား အဖြစ် တွေ့မြင်နေရပါသည်။   

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး အကြားတွင် စစ်အာဏာသိမ်းမှုအပေါ် သဘောထားရပ်တည်ချက်အမျိုးမျိုး ကွဲပြားခဲ့သည်ကို လွန်ခဲ့သော ငါး နှစ်အတွင်း ပြည်သူတို့ ရှင်းရှင်းလင်းလင်းတွေ့မြင် သိရှိခဲ့ကြပြီး ဖြစ်သည်။ အဆိုပါ ရပ်တည်ချက် အမျိုးမျိုးကို သရုပ်ခွဲလေ့လာကြည့်သည့်အခါ အခြေခံအားဖြင့် သုံး မျိုး တွေ့ရှိရသည်။

ပထမအမျိုးအစားသည် စစ်အာဏာသိမ်းမှုတွင် ဗမာစစ်တပ်နှင့် ဗမာအရပ်သား ရွေးကောက်ခံအစိုးရကြား ဖြစ်သောပြဿနာဖြစ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြားဝင်ပါစရာမလိုဟူသော ရပ်တည်ချက်ရှိသည့် အုပ်စု ဖြစ်သည်။ ထိုအုပ်စု၌ -တရုတ်နယ်စပ်အခြေစိုက်  အဖွဲ့များ ဖြစ်ကြသော “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မိုင်းလား (NDAA) နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-North) တို့မှာ ထင်ရှားသည်။ ထိုင်းနယ်စပ် အခြေစိုက် ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA – South) လည်း အလားတူ ရပ်တည်ချက်ရှိသောအဖွဲ့ ဖြစ်သည်။ 

ဒုတိယအမျိုးအစားမှာ အာဏာသိမ်းသည့် ကနဦးကာလ အပြစ်မဲ့ဆန္ဒပြပြည်သူများ ရက်ရက်စက်စက် သတ်ဖြတ်ခံရသည်ကို မြင်တွေ့နေရပြီး၊ စစ်တပ်ကို လက်နက်ကိုင်တော်လှန်ရေးဆင်နွဲရန် ၎င်းတို့နယ်မြေ အသီးသီးသို့ ခိုလှုံလာကြသည့် ထောင်သောင်းချီသော လူငယ်များကို ကူညီရင်း၊ ထိုလူငယ်များနှင့်အတူ အာဏာသိမ်းစစ်တပ်ကို လက်မခံ ဆန့်ကျင်တော်လှန်မည်ဟူသော ရပ်တည်ချက်ရှိသည့် အုပ်စုဖြစ်သည်။ ယခုအခါ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ (EROs) ဟု လေ့လာသူတို့က ခေါ်ဝေါ်သုံးနှုန်း နေကြသည့် ကချင် (KIA)၊ ကရင် (KNLA)၊ ကရင်နီ (KNPP)၊ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နှင့် အာရက္ခ (AA) စသည့်အဖွဲ့များ ဖြစ်သည်။ 

ဤနေရာတွင် ညီနောင်မဟာမိတ် သုံး ဖွဲ့ ဟု လူသိများသော  MNDAA, TNLA, AA  တို့သည် စစ်တပ်အာဏာသိမ်းမှု အစောပိုင်းကာလတွင် ၎င်းတို့၏ ရပ်တည်ချက်ကို မဖော်ပြဘဲ နှုတ်ဆိတ်နေခဲ့ကြပြီး၊ တော်လှန်ရေးဆင်နွှဲမည့် လူငယ်များကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး “၁၀၂၇ စစ်ဆင်ရေး” ဖြင့် ညီနောင်မဟာမိတ် သုံး ဖွဲ့သည် ၎င်းတို့ လေ့ကျင့်ဖွဲ့စည်းပေးခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် လက်တွဲ၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်နက်ကိုင် တော်လှန်ရေးထဲ အတိအလင်းပါဝင်လာခဲ့ကြသည်။

EROs နှင့် PDFs တို့၏ ပူးပေါင်းထိုးစစ်များကြောင့် အာဏာသိမ်းစစ်တပ်သည် လက်ရှိကာလအထိ မြို့ကြီး မြို့ငယ် (၁၀၀) ခန့်နှင့် ကျယ်ပြန့်သော ကျေးလက်ဒေသနယ်မြေများကို လက်လွှတ်ဆုံးရှုံးရသည်အထိ စစ်ရေး ရှုံးနိမ့်မှုကို ကြုံတွေ့လာရသည်။ 

ထိုအခါ မင်းအောင်လှိုင်သည် စစ်တပ်နှင့် ပူးပေါင်းတိုက်ခိုက်ပေးမည့် စစ်တပ်သစ္စာခံ လက်နက်ကိုင်တပ်များ တိုင်းရင်းသားနယ်အသီးသီးတွင် ပေါ်ပေါက်လာစေရန်၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းအပြင်၊ စစ်တပ်ကို ကူညီတိုက်ခိုက်ပေး၍ ရရှိလာသော နယ်မြေများတွင် ဒေသန္တရအုပ်ချုပ်ခွင့်နှင့် စီးပွားရေး လုပ်ပိုင်ခွင့် ရရှိစေရမည်ဟုဆိုကာ နည်းလမ်းအမျိုးမျိုးဖြင့် မက်လုံးပေးစည်းရုံးခဲ့သည်။

ဤတွင် အာဏာသိမ်းစစ်တပ်နှင့်ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အုပ်စုသည် တတိယအမျိုးအစားအဖြစ် ပေါ်ထွက်လာသည်။ ထိုအုပ်စု တွင် ကချင်ခွဲထွက်အဖွဲ့ (NDA-K)၊ ရှမ်းနီ (SNA)၊ ပအိုဝ်း (PNO)၊ ကရင်ခွဲထွက်အဖွဲ့ KNU/KNLA (PC)၊ ဗုဒ္ဓဘာသာကရင်အဖွဲ့ (DKBA)၊ စစ်တပ်သစ္စာခံ ကရင်နယ်ခြားစောင့်တပ် (BGF – KNA) တို့က ထင်ရှားသည်။ ထို့အပြင် စစ်တပ်က တိုင်းရင်းသားဒေသများတွင် ပြည်သူ့စစ်အသွင် (ဥပမာ ကချင်ပြည်နယ်ရှိ ဝါရာဇွပ်ပြည်သူ့စစ်)  လက်နက်ကိုင်အဖွဲ့ငယ်များကို  လက်နက်ခဲယမ်းတပ်ဆင်ပေးလျက်ရှိရာ၊ အချိန်တိုအတွင်း အင်အား အသင့်အတင့်ကောင်းသော လက်နက်ကိုင်အဖွဲ့များ ဖြစ်လာသည်။ 

ခေတ်သစ်ပဒေသရာဇ် “နယ်စားပယ်စား စနစ်” ကျင့်သုံးနေသော စစ်အာဏာရှင်စနစ်

စစ်ရှုံးနိမ့်မှုကြောင့် မြို့ရွာအများအပြား လက်လွှတ်ဆုံးရှုံးနေရမှုကို ဟန့်တားနိုင်ရန်၊   ထိုးစစ်များကို လမ်းလွှဲရန် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်အတွက် အကောင်းဆုံးဗျူဟာမှာ တိုင်းရင်းသားပြည်နယ်များရှိ မတူကွဲပြားသော လူမျိုးစုအချင်းချင်း သို့မဟုတ် လူမျိုးတစ်မျိုးတည်းအတွင်း သွေးကွဲ၊ စစ်ခင်းလာကြစေရန် စနစ်တကျ လုပ်ဆောင်ခြင်း ဖြစ်သည်။   

ထို့အတွက် မင်းအောင်လှိုင် ကျင့်သုံးနေသော စစ်ဗျူဟာမှာ ရိုးရှင်းလှသည်။ စစ်တပ်အပေါ် သစ္စာခံမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ၎င်းတို့မက်မောလောက်သည့် အခွင့်အရေးများပေး၍ စစ်တပ်နှင့်ပူးပေါင်းစေခြင်း ဖြစ်သည်။ ထို့အတွက် မင်းအောင်လှိုင်စစ်တပ်သည် ကောက်ကျစ်သော နည်းလမ်းမျိုးစုံကို သုံးစွဲခဲ့သည်။ 

ဥပမာ  ၂၀၂၃ ဖေဖော်ဝါရီလတွင် အာဏာသိမ်းတပ်က  နေပြည်တော်နှင့် ထိစပ်နေသော ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် သံဃာသုံးပါး အပါအဝင် လူပေါင်း ၃၀ နီးပါးကို အစုအပြုံလိုက် သတ်ဖြတ်ပြီး  ထိုလုပ်ရပ်သည် ကရင်နီဒေသတော်လှန်ရေးအဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု ဝါဒဖြန့်၍ ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းပြည်သူ့စစ်အဖွဲ့နှင့် ရန်တိုက်ပေးသည့် သာဓက အထင်အရှားရှိခဲ့ဖူးသည်။  

ထိုကဲ့သို့ စစ်တပ်နှင့်ပူးပေါင်း၍ တော်လှန်ရေးအင်အားစုများကို စစ်တိုက်ပေးလျှင် ၎င်းတို့သိမ်းပိုက်ထိန်းချုပ် နိုင်သော နယ်မြေများတွင် ဒေသန္တရအုပ်ချုပ်ခွင့်အာဏာ တစ်စိတ်တစ်ပိုင်းရရှိမည် ဖြစ်ပြီး၊ ချမ်းသာကြွယ်ဝ နိုင်သော စီးပွားရေးလုပ်ကိုင်ခွင့် အခွင့်အလမ်း ရရှိမည်ဖြစ်သည်။ ထို့အပြင်  ၎င်းတို့လိုအပ်သော လက်နက်ခဲ ယမ်းများကိုပင် စစ်တပ်က အလုံးအရင်းထောက်ပံ့ပေးမည် ဖြစ်သည်။

စစ်နိုင်လျှင် ထိုဒေသရှိ သယံဇာတရင်းမြစ်များ ထုတ်ယူခွင့်၊ နယ်စပ်ကုန်သွယ်လမ်းကြောင်းများမှ အခွန် ကောက်ခံရရှိငွေကို နေပြည်တော်ရှိ စစ်ခေါင်းဆောင်နှင့် အချိုးကျခွဲဝေယူ စီးပွားရှာခွင့် စသည့် အခွင့်အရေးများ ရရှိကြမည်ဖြစ်ပြီး၊ ယင်းစနစ်သည် ပဒေသရာဇ်ခေတ် မြန်မာမင်းများ လက်ထက် ကတည်းက ၎င်းတို့အုပ်ချုပ်နိုင်ခြင်း မရှိသော နယ်မြေများတွင် ဘုရင်ကို အခွန်တော်ဆက်သရသော “နယ်စားပယ်စား” အဖြစ် ခန့်အပ်အုပ်ချုပ်စေသော စနစ်ပင် ဖြစ်သည်။  

မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်တပ်အပေါ် သစ္စာခံလာစေရန် ထိုနည်းဗျူဟာကို ကျင့်သုံးသလို ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် လှုပ်ရှားနေသော ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့များကိုလည်း အလားတူ ကျင့်သုံးနေသည်၊ ထိုအဖွဲ့များအား လက်နက် ထောက်ပံ့ပြီး အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကို ပူးပေါင်းခုခံနေကြခြင်း ဖြစ်သည်။  မြန်မာ-အိန္ဒိယ နယ်စပ်တွင် လှုပ်ရှားနေသော အိန္ဒိယမှ ကသည်းခွဲထွက် သူပုန်အဖွဲ့ကိုလည်း  ထိုဒေသရှိ တော်လှန်ရေး တပ်ဖွဲ့များကို စစ်တပ်နှင့်ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် လက်နက်ခဲယမ်း ထောက်ပံ့ခဲ့သည်။ 

စင်စစ် ထိုအဖွဲ့များကို စစ်ခေါင်းဆောင်အဆက်ဆက် နိုင်ငံသားအဖြစ် အသိအမှတ်မပြုသော၊  အိမ်နီးချင်းနိုင်ငံအစိုးရအား ပုန်ကန်သည့် လက်နက်ကိုင်သူပုန်အဖွဲ့အဖြစ် မြန်မာ့မြေပေါ်တွင် လက်နက်ကိုင်တပ်စွဲခွင့် မပြုသော မြန်မာနိုင်ငံ၏ အစဉ်အလာ နိုင်ငံခြားရေး “မူ” များကို မင်းအောင်လှိုင် ချိုးဖောက်ခဲ့ပြီး ရသည့်နည်းလမ်းဖြင့် အာဏာထိန်းချုပ်နိုင်ရေး လုပ်ဆောင်လာရင်း စည်းမဲ့ကမ်းမဲ့ စစ်တပ် ဖြစ်လာသည်။ 

စစ်တပ်သစ္စာခံ ဖက်ဒရယ်စနစ် 

မင်းအောင်လှိုင်သည် ၎င်းစတင်မီးမွှေးခဲ့သော စစ်အာဏာသိမ်းမှုကို မည်ကဲ့သို့ အဆုံးသတ်ရမည် မသိဖြစ်နေခဲ့ရာမှ ယခုအခါ ရွေးကောက်ပွဲတစ်ခု ကျင်းပပြီး၊ ရွေးကောက်ပွဲအလွန်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆိုနေသော ဖက်ဒရယ်စနစ် ထူထောင်မည်ဟု မက်လုံးပေးသွေးဆောင်လျက် ပြဿနာများ ဖြေရှင်းနိုင်တော့မယောင် ပြောဆိုလျက်ရှိသည်။ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေအလဲ ဆုပ်ကိုင်ထားပြီး၊ ထိုအခြေခံဥပဒေတွင် ဖက်ဒရယ်စနစ် အင်္ဂါရပ်များ ပါဝင်ပြီး ဖြစ်သည်ဟု မင်းအောင်လှိုင် အထပ်ထပ်အခါခါ ပြောနေသည်မှာ အကြောင်းမဲ့ မဟုတ်ပါ။ ဖက်ဒရယ်စနစ်၏ ဒေသန္တရအာဏာခွဲဝေခြင်း သဘောတရားကို ခြေ/ဥ ၏ အခန်း (၁) “နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံ”၊ ပုဒ်မ ၅၆ တွင် ပြဋ္ဌာန်းထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများ သတ်မှတ် ပြဋ္ဌာန်းပေးထားခြင်းနှင့် နှိုင်းယှဉ်ပြောဆိုနေခြင်း ဖြစ်သည်။  

ထိုအချက်ကို နားလည်နိုင်ရန် စစ်ဗိုလ်ချုပ်များ ဖန်တီးခဲ့သော “အထူးဒေသများ” နှင့် ပုဒ်မ ၅၆ အဆက်အစပ်ကို သဘောပေါက်ရန် လိုအပ်သည်။ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွင် စစ်ဗိုလ်ချုပ်များသည် ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲပြီး အသစ်ပေါ်ပေါက်လာသော မြန်မာ- တရုတ်နယ်စပ်အခြေပြု ကိုးကန့်၊ “ဝ”၊ မိုင်းလား စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ထိုအဖွဲ့များကို လက်နက်ကိုင်ဆောင်ခွင့် ပြုခဲ့ရုံမျှမက၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်၍ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ခွင့်ပြုခဲ့သည်။    

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသည့်အခါ သန်းရွှေသည် MNDAA ထိန်းချုပ်ဒေသ အထူးဒေသ (၁) ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ UWSA ထိန်းချုပ်ဒေသ အထူးဒေသ (၂) ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စသည်ဖြင့် ထည့်သွင်းရေးဆွဲခဲ့ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ထိုစဉ်က ဖုန်ကြားရှင် ဦးဆောင်သော MNDAA နှင့် ပေါက်ယိုချမ်း ဦးဆောင်သော UWSA တို့ကို စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ အသွင်ပြောင်းရန် စည်းရုံးခဲ့သည်။ 

အဆိုပါ နှစ်ဖွဲ့လုံးက ငြင်းဆန်သည့်အခါ သန်းရွှေသည် လက်နက်အင်အားတောင့်တင်းပြီး အဖွဲ့တွင်း စည်းလုံး ညီညွတ်မှုခိုင်မာသော UWSA ကိုမူ မထိရဲခဲ့ပေ။ သို့ရာတွင် UWSA ကဲ့သို့ အင်အားတောင့်တင်းခြင်း မရှိသော MNDAA အဖွဲ့အတွင်း ဖုန်ကြားရှင်ကို သစ္စာဖောက်မည့် ပယ်ဆောက်ချိန် ဦးဆောင်သော လက်နက်ကိုင်အုပ်စုကို စည်းရုံးကာ MNDAA ကို ဖြိုခွင်းခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထိုစဉ်က အထူးစစ်ဆင်ရေးအဖွဲ့မှူး တာဝန်ဖြင့် မင်းအောင်လှိုင်သည် ထိုစစ်ဆင်ရေးကို အောင်မြင်စွာဖော်ဆောင်နိုင် ခဲ့ပြီး၊ ကိုးကန့်ဒေသကို စစ်တပ်ထိန်းချုပ် ဒေသအဖြစ် အသွင်ပြောင်းနိုင်ခဲ့သည်။

MNDAA ပြိုကွဲအောင် ကူညီခဲ့သော ပယ်ဆောက်ချိန်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့၏ ခေါင်းဆောင် အဖြစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် စစ်တပ်ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ခန့်အပ်ခဲ့ ပြီး၊ ယခုအခါ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ပတ်သက်မှု၊ လူသတ်မှုများ အပါအဝင် ရာဇဝတ်မှု စွဲချက်များစွာဖြင့် တရုတ်အစိုးရ၏ သေဒဏ်အမိန့်ချမှတ်ခံထားရပြီး၊ တရုတ်နိုင်ငံ အကျဉ်းထောင်ထဲတွင် ရာဇဝတ်အကျဉ်းသား ဖြစ်နေပြီ ဖြစ်သည်။ 

ထိုဖြစ်ရပ်တွင် သန်းရွှေ၊ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်အားလုံး အရှက်ကွဲခဲ့ရုံမျှမက၊ ၂၀၀၈ ခြေ/ဥနှင့် တည်ဆဲဥပဒေများကို အကြီးမားဆုံး ချိုးဖောက်ခဲ့ကြသည့် အချက်မှာ တရုတ်နိုင်ငံသား ခံယူထားသော ပယ်ဆောက်ချိန်ကို ကိုးကန့်ဒေသတစ်ခုလုံးအား အုပ်ချုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မင်းအောင်လှိုင်သည် ၎င်း၏ဆရာသမား သန်းရွှေဖန်တီးခဲ့ပြီး အရှက်တကွဲ ကျရှုံးခဲ့ပြီဖြစ်သော အတုအယောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ဒေသန္တရအာဏာခွဲဝေပေးသည့် “ဖက်ဒရယ်စနစ်” ဖြစ်ကြောင်း ခပ်တည်တည်ဖြင့် ပြောဆိုနေပြီး၊ လက်နက်ကိုင်ပြီး နယ်မြေတောင်းဆို၍ မရကြောင်း၊ ၂၀၀၈ ခြေ/ဥ မူဘောင်ထဲမှ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲမှတစ်ဆင့် တရားဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး အာဏာယူရန် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို ထပ်မံသွေးဆောင်နေ ပြန်သည်။ 

အဆိုပါ အချင်းအရာကို လေ့လာမည်ဆိုလျှင် စစ်ခေါင်းဆောင်များ၏ အခြေခံအတွေးအခေါ်သည် ပြောင်းလဲခြင်း လုံးဝမရှိကြောင်း တွေ့နိုင်သည်။ မင်းအောင်လှိုင်သည် ၎င်း၏ ဆရာသမား သန်းရွှေ ခြေရာအတိုင်း ယခုအခါ EROs များ သာမက PDFs များကိုပင် ဖက်ဒရယ်စနစ် ထူထောင်လိုသည့် ရည်မှန်းချက်ခြင်း တူညီမှုရှိသည် ဟု ဆိုကာ အပစ်အခတ်ရပ်စဲရေးအတွက် “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ” သို့ ဖိတ်ခေါ်လျက်ရှိသည်။ 

အကယ်၍ ၎င်း၏ဖိတ်ခေါ်ချက်ကို လက်ခံမည်ဆိုလျှင် သက်ဆိုင်ရာဒေသတွင် သယံဇာတစီးပွားရေး လုပ်ပိုင်ခွင့်၊ နိုင်ငံရေးပါတီထောင်၍ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး စစ်တပ်အပေါ် သစ္စာခံသော ဒေသန္တရအာဏာပိုင်အဖွဲ့များအဖြစ် ကူးပြောင်း၍ တရားဝင်မှုကို ရယူရန် မက်လုံးပေး သွေးဆောင် နေခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ဖြစ်စဉ်မျိုး ကချင်ခွဲထွက်အဖွဲ့ NDA-K ခေါင်းဆောင် စခုန်တိန့်ယိန်းနှင့် ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန် စသည့် ပုဂ္ဂိုလ်များ၏ နမူနာများ ရှေ့တွင်ရှိထားခဲ့ပြီး ဖြစ်သည်။ 

ထို့ကြောင့် မြန်မာ့နိုင်ငံရေးပြဿနာသည် ၂၀၀၈ ခုနှစ် ခြေ/ဥ အောက်တွင် မည်သို့မျှ ပြောင်းလဲခြင်းမရှိသော သမိုင်းတစ်ပတ်ပြန်လည်လာခြင်းဖြစ်ပြီး၊ ထိုသမိုင်းတစ်လျှောက် ကိုယ်တိုင်ပါဝင်တွေ့ကြုံခဲ့ပြီး ဖြစ်သော KIA, KNU, KNPP ကဲ့သို့ EROs များသာမက မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် သွေးဆောင်စည်းရုံး နေခြင်းကို မယုံကြည်ကြသော AA, TNLA နှင့် MNDAA အဖွဲ့များကလည်း လက်ခံခြင်း အလျဉ်း မရှိခဲ့ကြပါ။ မင်းအောင်လှိုင် ဖိတ်ခေါ်တိုင်း နေပြည်တော်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသော UWSA, NDAA နှင့် SSA – North အဖွဲ့များသည်လည်း နှုတ်ပိတ်လျက်ရှိသည်။

တိုင်းပြည်တည်ငြိမ်မှုကို လိုလားလျှင် နိုင်ငံရေးကို စစ်တပ် ကျောခိုင်းရန်လို 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်၏ အဓိက ပြဿနာသည် “ပေးတာ ယူ၊ ကျွေးတာ စား၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့” ဆိုသည့် စစ်တပ်၏အမိန့်ပေးစနစ် အကျင့်ဆိုး (Bad Mindset) ဖြင့် နိုင်ငံရေးကို ထိန်းချုပ်နေခြင်း ဖြစ်သည်။ ထိုအကျင့်ဆိုးများ စွဲကပ်နေသော စစ်ဗိုလ်ချုပ်များသည် မြန်မာ့နိုင်ငံရေးကို စစ်တပ်က ဦးဆောင်ရမည်ဟုဆိုကာ စစ်တပ်ပါတီ ရွေးကောက်ပွဲမနိုင်တိုင်း အာဏာကို ဆက်လက် ချုပ်ကိုင်ခဲ့၊ သိမ်းခဲ့သည်မှာ ၁၉၉၀ နှင့် ၂၀၂၀ ရွေးကောက်ပွဲများက သက်သေပင်ဖြစ်သည်။

စစ်ဗိုလ်ချုပ်တစ်သိုက်သည် နိုင်ငံတော်အာဏာကို ၎င်းတို့လက်ထဲတွင် အစဉ်အမြဲရှိနေရမည် ဟု အယူအစွဲ ကြီးမားနေခြင်းက မြန်မာ့နိုင်ငံရေးပြဿနာ၏ “ဗဟိုချက်” ဖြစ်သည်။ ယင်းအယူအစွဲကြောင့် တိုင်းပြည်သည် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကြောင့် ၂၆ နှစ်၊ ၁၉၈၈ အာဏာသိမ်းမှုကြောင့် ၂၂ နှစ်၊ ၂၀၂၁ အာဏာသိမ်းမှုက လက်ရှိအချိန်ထိ ငါး နှစ်၊ စုစုပေါင်း ၅၃ နှစ်ကြာ စစ်အုပ်ချုပ်ရေးဘေးဒဏ်သင့်ခဲ့ရပြီး၊ တိုင်းပြည်စီးပွားရေးလည်း ပြိုကျပျက်စီးလျက်ရှိသည်။ 

ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သည့်အဖြစ် မရောက်ရလေအောင် မင်းအောင်လှိုင်သည် စစ်တပ်ပါတီသာ အမြဲနိုင်စေရန် ရွေးကောက်ပွဲစည်းမျဉ်းများကို စိတ်တိုင်းကျ တစ်ဖက်စောင်းနင်း လိုသလိုပြင်ဆင်ခဲ့သည်။ ထိုမျှ တရားမျှတမှုကင်းမဲ့သော လုပ်ရပ်များကို ပြည်သူတစ်ရပ်လုံးရှေ့မှောက် ပြောင်ပြောင်တင်းတင်း လုပ်နေပါလျက် စစ်တပ်က စီစဉ်ကျင်းပပေးသော ရွေးကောက်ပွဲသာလျှင် တရားမျှတမှု အရှိဆုံး၊ လွတ်လပ်မှုအရှိဆုံး ရွေးကောက်ပွဲအဖြစ် ကြွေးကြော်နေခြင်းက မရယ်ရသော ဟာသပြက်လုံးတစ်ခု ဖြစ်သည်။ ထိုမျှ အနိုင်ကျင့်တတ်သော စိတ်ဓာတ်အပြည့်ရှိသည့် စစ်ဗိုလ်ချုပ်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မယုံကြည်ကြခြင်းမှာလည်း အဆန်းတကြယ်မဟုတ်ပေ။

အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင်ကျင်းပခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း (၁၀) နှစ်မြောက် အခမ်းအနားတွင် မင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်ရန် အရေးကြီးကြောင်း ပြောခဲ့သည်။ သို့သော် တိုင်းပြည်မတည်ငြိမ်ရသည့် အကြောင်းရင်းမှာ ၎င်းကိုယ်တိုင် ဖန်တီးခဲ့သော စစ်အာဏာသိမ်းခြင်းကြောင့် ဆိုသည်ကို လုံးလုံးလျားလျား မြင်နိုင်စွမ်းမရှိပါ။ ယင်းသည် စစ်ဗိုလ်ချုပ်များအကြား ဖျောက်ဖျက်မရအောင် အရိုးစွဲနေသော၊ တလောကလုံး မှားယွင်းနေကြပြီး ၎င်းတို့သာ မှန်ကန်သည်ဆိုသော အကျင့်ဆိုး ဖြစ်သည်။

လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်း၍မရ၊ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် စင်ပေါ်တက် ပြောနေသော မင်းအောင်လှိုင်သည် “သူခိုးက လူဟစ်” ဆိုရိုးစကားအတိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၎င်းကိုယ်တိုင် လက်နက်အားကိုး အကြမ်းဖက်အာဏာသိမ်းခဲ့သူပင်။ ထိုလုပ်ရပ်၏အကျိုးဆက်များကို ယနေ့ ရင်ဆိုင်နေရခြင်းပင်။ 

အမှန်စင်စစ် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်သည် တရုတ်နှင့် ရုရှားကဲ့သို့ တိုင်းတစ်ပါး အကူအညီ ယူစရာ မလိုအပ်ဘဲ တိုင်းပြည်တည်ငြိမ်ရေးအတွက် နေ့ချင်းညချင်း လုပ်နိုင်စွမ်းသောသူများ ဖြစ်ကြပါသည်။ ယင်းမှာ စစ်တပ်က နိုင်ငံရေးကို ကျောခိုင်းပြီး စစ်တန်းလျားပြန်သွားလိုက်ရုံပင် ဖြစ်သည်။ မင်းအောင်လှိုင် ထိုကဲ့သို့ ကြေညာချက် ထုတ်ပြန်သည့်နေ့သည် တိုင်းပြည်တည်ငြိမ်ရေး လမ်းကြောင်းပေါ် အမှန်တကယ်ရောက်ရှိလာသောနေ့ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Related Articles

Back to top button