အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သရော်စာ

‘ကျားဖြန့်’ မကြားဖူးသော မင်းသားစောချစ်သူနှင့် စစ်ကော်မရှင်၏ ပေါရုပ်ရှင်

ကမ္ဘာနှင့်ချီ လိမ်ညာသည့် လုပ်ငန်းများကြောင့် ကမ္ဘာကျော်နေသူများ မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

(မှတ်ချက် –  နတ်ကျော်ကလောင်အမည်ဖြင့် ရေးသားချက်မှာ  သတင်းဆောင်းပါး မဟုတ်ပါ။ သရော်စာ ဖြစ်ပါသည်။)

‘ကျားဖြန့်’ မကြားဖူးသော စောချစ်သူနှင့် စစ်ကော်မရှင်၏ ပေါရုပ်ရှင်သည် ယခုထိ ရုံတင်ပြသဆဲဖြစ်ပါသည်။ “ကျားဖြန့်” ဆိုသော အသံကြားလိုက်သည်နှင့် တစ်ကမ္ဘာလုံးက ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ဆိုက်ဘာဖောက်ထွင်းဘုရင် ရွှေပေါက်ဖော်တို့အခြေချရာ ရွှေကုက္ကိုမြို့သစ်ကို  မျက်စိထဲ ပြေးမြင်ကြသည်။ 

သို့သော် ထိုဒေသကို ထိန်းချုပ်သော ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ကမူ ထိုဝေါဟာရကို သူ့ဘဝမှာ တစ်ခါမျှ ကြားဖူးနားဝပင်မရှိဟု ဖြူစင်စွာ တဖွဖွထုတ်ပြောလေ့ရှိသည်။

“ကျားဖြန့်ဆိုတာ ချိုနဲ့လား၊ ဘာကြီးလဲဗျာ” ဟု BGF ခေါင်းဆောင် သီရိပျံချီဘွဲ့ရ ဗိုလ်မှူးကြီး စောချစ်သူက  အလွန်အင်မတန် ရိုးသားဖြူစင်ဟန်ဖြင့် မေးလေ့ရှိသည်။ 

ယခုနှစ်ဆန်းတွင် သောင်ရင်းမြစ်ကမ်းဘေး မြဝတီနှင့် ရွှေကုက္ကိုရှိ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန်အလို့ငှာ ထိုင်းအစိုးရက လျှပ်စစ်၊ အင်တာနက်နှင့် ကုန်စည်များဖြတ်တောက်ပိတ်ဆို့ခဲ့သည်။ 

ထို့နောက်  BGF ထိန်းချုပ်သော ရွှေကုက္ကိုမြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများ အုတ်အော်သောင်းနင်းဖြစ်ပေါ်ခဲ့ကြောင်း သတင်းများတွင် တွေ့ရသည်။ အခြေအနေ မဟန်မှန်း ရိပ်စားမိသည့် BGF က မခုတ်တတ်သည့် ကြောင်သဖွယ် ဒရမ်မာဆန်စွာဖြင့်  နိုင်ငံခြားသားပေါင်း သောင်းနှင့်ချီကို ပြန်လွှတ်ပေးရသည်။

ထိုဒေသရှိ မြေယာ၊ အဆောက်အအုံ၊ လုံခြုံရေး၊ အခွန်ကောက်ခံမှုနှင့် ကူးသန်းရောင်းဝယ်မှုကဲ့သို့ စီပွားရေးဆိုင်ရာအကျိုးအမြတ်များကို တစ်စွန်းတစ်စမျှ မမက်မောဘဲ လူထုမျက်နှာကိုသာ ကြည့်သော ဗိုလ်မှူးကြီးစောချစ်သူကမူ ကျားဖြန့်နှင့် လုံးဝပတ်သက်မှုမရှိကြောင်း သတင်းဌာနများကို ဖိတ်ခေါ်ပြောဆိုခဲ့သည်။ 

ဖွတ်တစ်ကောင်ပြီး တစ်ကောင်ထွက်သွားသော်လည်း ထိုနေရာသည် တောင်ပို့မဟုတ်ကြောင်း သူက မျက်ရည်ခံထိုးပြီး အထုပ်ဖြေပြခဲ့သည်။

“ရွှေကုက္ကို၊ KK Park ငွေလိမ်လည်တဲ့လုပ်ငန်းနဲ့ ကျွန်တော်တို့ လုံးဝမပတ်သက်ဘူး။ အခုချိန်ထိ ရှင်းရှင်းပြောရမယ်ဆိုရင်လေ ကျားဖြန့်ဆိုတာ ဘာလဲမှ ကျွန်တော်လည်းမသိသေးဘူး” ဟု စိတ်ကောင်းစေတနာ ဗရပွဖြင့် ၎င်းက သစ္စာပြုလိုက်သေးသည်။ 

ရွှေကုက္ကိုမြို့သစ်တွင် ဟိုတယ်နှင့် အဆောက်အအုံတည်ဆောက်ရန် မြေငှားရမ်းပေးသူသာဖြစ်ပြီး ပထမဆုံးနှစ်၌ မြေငှားရမ်းခ ကျပ်သိန်း ၄၀ ခန့် သာရသည်ဟု ရိုးရိုးကျင့် မြင့်မြင့်ကြံလေ့ရှိသော သူက ပြောဆိုခဲ့သည်။

သို့ဆိုလျှင် BGF ခေါင်းဆောင်သည် ငွေကြေးအကျိုးအမြတ်ကို တစ်စက်ကလေးမျှ ထည့်မတွက်ဘဲ ဒေသဖွံ့ဖြိုးရေးကိုသာ ရှေ့ရှုသူပင် ဖြစ်သည်။ ဝင်ငွေအကျိုးအမြတ် နည်းပါးလှသော BGF ခေါင်းဆောင် စောချစ်သူသည် မည်သည့်လုပ်ငန်းများမှ ပိုက်ဆံရသည်မသိ၊ ရွှေကုက္ကိုတွင် ဘီလျံနာသူဌေးကြီးတစ်ဦးသဖွယ် သုံးစွဲနိုင်ပြီး အပေးအကမ်းလည်း ရက်ရောလှသည်။ 

ယခုနှစ် စက်တင်ဘာလက သူ၏မြေးဖြစ်သူ တစ်နှစ်ပြည့်မွေးနေ့ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကျင်းပပေးခဲ့ရာ အကြီးတန်း အမျိုးသား ဘောလုံးပြိုင်ပွဲအတွက် ဆုကြေးငွေ ကျပ်သိန်း နှစ်ထောင် အထိ ချီးမြှင့်ခဲ့သည်။

သူ၏ “စွန့်လွတ်၍ ဖွံ့ဖြိုးတိုးတက်စေသော” လုပ်ဆောင်မှုများကြောင့်ပင် ရွှေကုက္ကိုမြို့သစ်သည် ကမ္ဘာကျော်ဒေသ ဖြစ်လာပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုများဖြင့် ကမ္ဘာ့အရိုးသားဆုံးမြို့တော် သဖွယ် ထင်ရှားလာသည်။

နိုင်ငံတကာမှ အလုပ်အကိုင်ရှာဖွေသူ ထောင်သောင်းချီကို ရေမီးအစုံဖြင့် နားရက်မရှိ အလုပ်အကိုင် ပေးထားသော ထိုဒေသရှိ ရာဇဝတ်မှုကြီးများအကြောင်း စနည်းနာရန် နိုင်ငံတကာမှ ရဲများ၊ ထောက်လှမ်းရေးများလည်း မဲဆောက်မြို့တွင် ရုပ်ဖျက်ပြီး နေထိုင်စောင့်ကြည့်ကြသည်။ ကျားဖြန့်ရုံနားသို့မူ မကပ်ရဲကြပေ။ ကိုးကန့်ဒေသကျားဖြန့်ရုံထဲအထိ ရောက်သွားသော တရုတ်ထောက်လှမ်းရေးများကို ကိုးကန့်ကြံ့ခိုင်ရေးအမတ်၊ ကိုးကန့်နယ်ခြားစောင့်ရဲတို့က ခေါ်ယူမေးမြန်း အစဖျောက်ခဲ့ဖူးသောကြောင့် အနားမကပ်ရဲကြခြင်းဖြစ်သည်။

မြဝတီရှိ ရာဇဝတ်ဂိုဏ်း ကျော်ဇောသတင်းများကြောင့် စောချစ်သူနှင့် ၎င်း၏ မိသားစုဝင်များအပါဝင် ကရင် BGF တပ်မှူးများကို အမေရိကန်၊ ဥရောပ၊ ဗြိတိန်နှင့် ကနေဒါ စသည့်နိုင်ငံများက မချင့်မရဲဖြင့် အရေးယူဒဏ်ခတ်ပိတ်ဆို့ရသည်အထိ စာရင်းသွင်းခဲ့ကြရသည်။ 

မြဝတီ၊ ရွှေကုက္ကိုဒေသရှိလုပ်ငန်းများသည် အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်သော်လည်း အကောင်းအဆိုးဒွန်တွဲမှုများ ရှိနေပြီး မကောင်းသတင်းအချို့ပေါ်အခြေခံကာ ပိတ်ဆို့ခြင်းဖြစ်ကြောင်း ၎င်းက မျက်ရည်ဝဲဝဲဖြင့် မချိတင်ကဲ တုံ့ပြန်ဖူးသည်။

အခြားတစ်ဖက်တွင်မူ ဒဏ်ခတ်ပိတ်ဆို့မှုများကို မမှုကြောင်း သက်သေပြရန် ဗိုလ်မှူးကြီးစောချစ်သူက တိတ်တဆိတ် ပညာသားပါပါ ကြံစည်ခဲ့သည်။ ထိုင်းဘက်မှ လျှပ်စစ်နှင့် အင်တာနက် ဖြတ်တောက်မှုများကို မီးစက်ကြီးများ၊ အမေရိကန်နိုင်ငံသား ကမ္ဘာ့ထိပ်တန်းသူဌေး အီလွန်မက်စ်၏ တန်ဖိုးနည်း Starlink အင်တာနက်တို့ဖြင့် အစားထိုး လည်ပတ်ခဲ့သည်။ 

ထိုအကြံအစည်များသည် အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ခဲ့ပြီး အသားကျခါနီးတွင် စောချစ်သူအနေဖြင့် ကျားဖြန့်ဟူသော စကားကို ထပ်မံ၍ မကြားဖူးချင်တော့သော အချိန်ပေါ်ပေါက် လာပြန်သည်။ 

၎င်း၏ မိတ်ဖက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်သားများက မြဝတီမြို့နယ်အတွင်း လူသိရှင်ကြားဖြစ်လွန်းနေသော ကျားဖြန့်ရုံ များစွာထဲမှာ အနည်းငယ်ကို ဟန်ပြ ဝင်ရောက်စီးနင်းပြလိုက်သည်။

အွန်လိုင်းငွေကြေးလိမ်လည်သည့် ကျားဖြန့်လုပ်ငန်းများကြောင့် ကျော်ကြားသည့် KK Park ကို   “အမှန်အတိုင်း” ဝင်ရောက်ရှင်းလင်းခဲ့ပြီး Star Link အင်တာနက် စလောင်းအစုံ ၃၀ နှင့် ဆက်စပ်ပစ္စည်းများသိမ်းမိကာ လူ ၂၁၉၈ ဦးတွေ့ကြောင်း စစ်ကော်မရှင်က  ၎င်းတို့၏ အောက်တိုဘာလ ၂၀ ရက်နေ့ထုတ် သတင်းစာတွင် ဇာတ်လမ်းဆင်ခဲ့သည်။

ထိုဇာတ်လမ်း၏ ရည်ရွယ်ချက်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာ ၂၆ -၂၈  အာဆီယံထိပ်သီးအစည်းဝေးတက်ရောက်မည့် နိုင်ငံတကာခေါင်းဆောင်များ၏ အာရုံစိုက်မှုကို ရယူရေး ဖြစ်ဖွယ်ရှိကြောင်း လေ့လာသူ တချို့က ယူဆသည်။

ထိုအစည်းအဝေးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါဝင် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များ၊  အာဆီယံခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ကမ္ဘာသူကမ္ဘာသားတို့အား အကြီးအကျယ် လိမ်လည်နေသည့် ထိုင်းနယ်စပ် ကရင်ပြည်နယ်မှ ကျားဖြန့်လုပ်ငန်းများကို  လေးနက်စွာ နှိမ်နင်းနေကြောင်းပြသကာ အာဆီယံထိပ်သီးအစည်းအဝေးတက်ပြီး လူရာဝင်လိုခြင်း ဖြစ်သည်ဟု ဆိုသည်။ 

သို့သော် ဤအစည်းအဝေးတက်ရန်  စစ်ခေါင်းဆောင်ကို   ဖိတ်မထားကြောင်း အာဆီယံက ထုတ်ပြောလိုက်ရာ   ကျားဖြန့်ဇာတ်လမ်း၏ ရည်ရွယ်ချက်မှာ သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။

သို့သော် အဖမ်းပြသည့် ရုပ်ရှင်သည် ကျားဖြန့်ပုရွက်ဆိတ်အုံကို တုတ်နှင့်ထိုးလိုက်သလိုဖြစ်သွားကာ ထိန်းမနိုင်သိမ်းမရဖြစ်သွားခဲ့ကြောင်း မဲဆောက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

 “သူတို့က နည်းနည်းပဲဖမ်းမယ်ဆိုပြီးတော့ လုပ်လိုက်တာ။ ဒါပေမဲ့ ကျန်တဲ့သူတွေအကုန်လုံးက သူတို့ပါအဖမ်းခံရတော့မှာပဲဆိုပြီး ကြောက်လန့်ပြီးပြေးကုန်ကြတာပေါ့နော်”ဟု သူက ဆိုသည်။

“အမှန်ကတော့ ရုပ်ရှင် ရိုက်တာက နည်းနည်းပဲရိုက်လိုက်တာ။ ဒါပေမဲ့ ရုပ်ရှင်အရိုက်လွန်သွားတာပေါ့။ အခုဟာက ပုရွက်ဆိတ်အုံ တုတ်နဲ့ထိုးသလိုဖြစ်ကုန်တော့ အရှက်တွေကွဲကုန်တာပေါ့” ဟု သူက ဆိုသည်။

အဆိုပါ ဟန်ပြဖမ်းဆီးမှုကို ကြောက်လန့်၍   ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြသော ကျားဖြန့်လုပ်သား ရာထောင်ချီသည် မယ်ထော်သလေး၊ မြဝတီနှင့် နီးစပ်ရာကျေးရွာများအပြင် သောင်ရင်းမြစ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်ဘက်အခြမ်းထိ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးကြရသည်။

နောက်ကျသည့်ခြေထောက် သစ္စာဖောက်ဟူသော အတွေးဖြင့် ထွက်ပြေးသူများကို စစ်ကော်မရှင်နှင့် ကရင် BGF တို့လည်း ဘယ်လိုမှ ထိန်းမနိုင်သိမ်းမရတော့ပေ။ ကျားဖြန့်များကို အပြတ်ရှင်းလင်းနေကြောင်း ပြောဆိုချက်များသည် လက်တွေ့အခြေအနေနှင့် တက်တက်စင် ကွဲလွဲနေကြောင်း ထွက်ပြေးနေသော လူအုပ်ကြီးများက သက်သေပြလျက်ရှိသည်။ 

ယခင် ထိုင်း၏ ပိတ်ဆို့မှုကြောင့် ကျားဖြန့်လုပ်ငန်းများနှိမ်နင်းခဲ့စဉ်က ကျားဖြန့်နှင့်ပတ်သက်မှုမရှိဟု ပြောဆိုခဲ့သော ဗိုလ်မှူးကြီးစောချစ်သူသည် ယခုတစ်ကြိမ်တွင်လည်း မည်ကဲ့သို့ တုံ့ပြန်ရမည်ကို အထူးတလည် စဉ်းစားရန်မလိုအပ်တော့။

ကျားဖြန့်ရုံများရှေ့တွင် ‘ကျားဖြန့်’ ဆိုသည်ကို ကြားပင်မကြားဖူးကြောင်း တုံ့ပြန်ရန်သာဖြစ်လေသည်။

(မှတ်ချက် –  နတ်ကျော် ကလောင်အမည်ဖြင့် ရေးသားချက်မှာ  သတင်းဆောင်းပါး မဟုတ်ပါ။ သရော်စာ ဖြစ်ပါသည်။)

Related Articles

Back to top button