ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ကမ္ဘာ့နိုင်ငံများတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို လျှော့ချ ပိတ်သိမ်းလာချိန် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံကို ရာနှုန်းပြည့်လည်ပတ်တော့မည်ဟု နိုဝင်ဘာလ ၂၇ ရက်နေ့ စစ်တပ်ထိန်းချုပ် သတင်းစာများတွင် ထုတ်ပြန်သည်။
ထိုဓာတ်အားပေးစက်ရုံကို ၂၀၁၅ ခုနှစ် မှစ၍ တရုတ်ကုမ္ပဏီ Wuxi Hua Guang က လျှပ်စစ်ဝန်ကြီးဌာနထံမှ နှစ်ရှည်ငှားရမ်း၍ အကြီးစားပြုပြင်လည်ပတ်နေခြင်းဖြစ်သည်။ လိုအပ်သည့် ကျောက်မီးသွေးလောင်စာကို ထိပ်သီးလုပ်ငန်းရှင် တစ်ဦးဖြစ်သော ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီက တူးဖော်သည့် တီကျစ်ကျောက်မီးသွေး မိုင်းတွင်းမှ ရယူအသုံးပြုနေခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ထိုစက်ရုံကိုဆက်လည်ပတ်ခဲ့ပြီး ဓာတ်အား ၉၀ မဂ္ဂါဝပ်ထုတ်ပေးနေခဲ့သည်။ ယခုအခါ စီမံကိန်း၏ ဒုတိယအဆင့် ကျောက်မီးသွေး အခြောက်ခံစက်လည်း တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။
လောင်ကျွမ်းအားကောင်းသည့် အခြောက်ခံထားသော ကျောက်မီးသွေးဖြင့် စက်ရုံကို လည်ပတ်ပါက ၁၂၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဟု စစ်ကော်မရှင် သမ္မတရုံးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်းက ပြောဆိုခဲ့သည့်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ကျောက်မီးသွေးလောင်စာဖြင့် ဓာတ်အားထုတ်လုပ်ခြင်းသည် တည်ငြိမ်သောလျှပ်စစ်ဓာတ်အားရနိုင်ပြီး မြန်မာနိုင်ငံ၏ ကျောက်မီးသွေးသုံးဓာတ်အားထုတ်လုပ်မှုသည် အိမ်နီးချင်းနှင့် အာဆီယံနိုင်ငံတို့ထက် နည်းပါးနေဆဲဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
လျှပ်စစ်ဓာတ်အားစက်ရုံများအကြောင်း ထဲထဲဝင်ဝင်သိသည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း ထိုစက်ရုံအတွက် အသုံးပြုသော တီကျစ်ကျောက်မီးသွေးများသည် မူလက ထင်းချောင်းရေစိုနေသကဲ့သို့ အစိုဓာတ်များသဖြင့် မီးလောင်ကျွမ်းမှုအားနည်းခဲ့ရာ အခြောက်ခံစက် တည်ဆောက်လည်ပတ်ကြောင်း Myanmar Now ကိုပြောသည်။
အခြားတစ်ဖက်တွင်မူ ထိုစက်ရုံကို အကြီးစားပြုပြင်လည်ပတ်ရန် ကြိုးစားချိန်မှစ၍ စက်ရုံအနီးနေသူ ဒေသခံများအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်ပြီး လူမှုဘဝကို ဖျက်ဆီးနေသည်ဟုဆိုကာ စက်ရုံအပြီးတိုင်ပိတ်သိမ်းရန် တောင်းဆိုမှုများရှိခဲ့သည်။
ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများသည် လေထုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေနိုင်သော ဓာတ်ငွေ့များ ထုတ်လွှတ်နိုင်ခြင်းကြောင့် ဒေသခံများအတွက် အန္တရာယ်များကြောင်း ပတ်ဝန်းကျင်နှင့် သယံဇာတ တူးဖော်ထုတ်လုပ်ရေး လေ့လာစောင့်ကြည့်သည့် အဖွဲ့တစ်ခုမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ညစ်ညမ်းတာတွေကို ထိန်းချုပ်တဲ့ နည်းလမ်းကိုသုံးရင်တော့ ညစ်ညမ်းမှုတွေကို လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေကို တီကျစ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့စက်ရုံမှာ မသုံးထားပါဘူး” ဟု သူက ဆိုသည်။
မိုင်းတွင်းနှင့် စက်ရုံများတွင် ကျောက်မီးသွေးနှင့် ကျောက်မီးသွေးပြာများကို စီမံရာတွင် အမှုန်ထွက်နိုင်ပြီး ဒေသခံတို့အတွက် အန္တရာယ်ရှိကြောင်း၊ ကျောက်မီးသွေးပြာနှင့် စွန့်ပစ်ရေများသည် ဂေဟစနစ်ကို ထိခိုက်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
ထိုစက်ရုံစီမံကိန်းအတွက် တရုတ်ကုမ္ပဏီ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇ သန်းဖြစ်သည်။ စီမံကိန်းသက်တမ်းပထမအဆင့် ၂၂ နှစ်ဖြစ်ကာ လျှပ်စစ်ဝန်ကြီးဌာနကို နှစ်စဉ်မြေငှားခ ဒေါ်လာ ၁ ဒသမ ၁၈ သန်းပေးချေရမည်ဟု ပေါက်ကြားလာသည့် ရင်းနှီးမြှုပ်နှံမှု အချက်အလက်များတွင် တွေ့ရသည်။
စက်ရုံလည်ပတ်ရန် နှစ်စဉ် ကျောက်မီးသွေးတန်ချိန် ရှစ်သိန်းလိုမည်ဖြစ်သည်။ ထိုကျောက်မီးသွေးကို လုပ်ငန်းရှင် ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီက တူးဖော်သည့် ကျောက်မီးသွေးမိုင်းမှ ရယူသုံးစွဲနေသည်။
ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးစက်ရုံမှ ဓာတ်သတ္တုထုတ်လုပ်ရာတွင် ဧဒင်ကုမ္ပဏီထံမှရသည့် သတ္တုခွန်လျော့နည်းသဖြင့်၂၀၁၈-၂၀၂၁ အတွင်း ဘဏ္ဍာငွေ ကျပ်ဘီလီယံ တစ်သောင်းခွဲကျော် (၁၅,၉၀၀) နစ်နာသည်ဟုအကြောင်းပြ၍ ဦးချစ်ခိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ ဝန်ကြီးအချို့ကို စစ်ကောင်စီက ဖမ်းဆီးအမှုဆင်ခဲ့သည်။



