အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝက်လက်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်၊ မိသားစုဝင် ၅ ဦးသေဆုံး

နှစ်နှစ်သားကလေးအပါအဝင် မိသားစုဝင် ငါးဦးသည် စစ်တပ်လက်ချက်ဖြင့် အသက်ဆုံးပါးသွားသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယနေ့ (ဒီဇင်ဘာလ ၂ ရက်နေ့) နံနက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် နှစ်နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ကြောင်း သိရသည်။ 

ဝက်လက်မြို့အရှေ့ဘက် ၁၂ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေး နတ်မှော်ဦး ရွာလယ်ခေါင်ကို ည ၁၂ နာရီ ၆ မိနစ် ဝန်းကျင်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

“ဗုံးကတော့ တစ်ကြိမ်တည်းကို နှစ်လုံးကြဲသွားတယ်။ အဲ့ဒီတစ်နေရာတည်းကိုပဲကျတယ်။ အဲ့ဒီပတ်ဝန်းကျင်ကတော့ တော်တော်လေးစုတ်ပြတ်သွားတယ်။ သေဆုံးတာက တစ်အိမ်တည်း”ဟု ဒေသတွင်းစစ်ရေး အခြေအနေများကို ဖော်‌ပြနေသည့် Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဗုံးကျရောက်ပေါက်ကွဲသည့်အိမ်မှ အသက် ၂၅ နှစ်အရွယ် ကိုရှိုင်းကို၊ ဇနီးဖြစ်သူ အသက် ၂၄ နှစ်အရွယ် မစုမြတ်လင်း၊ သမီးဖြစ်သူအသက် နှစ်နှစ်အရွယ် ရွှေပုံစံ၊ အသက် ၂၁ နှစ်အရွယ် မောင်မောင်ဝင်းနှင့် အသက် ၄၀ အရွယ် ဦးရန်နိုင်ဝင်းတို့ သေဆုံးသွားကြပြီး နာရေးကို ယနေ့ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သည်။  

အနီးပတ်ဝန်းကျင်အိမ်များမှ  ထိခိုက်ဒဏ်ရာရသူ ငါးဦးအနက် ကလေးတစ်ဦး ဦးခေါင်းထိမှန်သလို အခြား ကလေးတစ်ဦးသည်လည်း  မျက်လုံးတွင်ထိမှန်ခဲ့ပြီး နေအိမ် ငါးလုံးပျက်စီးသွားကြောင်း သိရသည်။

စစ်တပ် ခြေကုပ်ယူထားရာ ရှိန်းမကားရွာနှင့်  ငါးမိုင်ခန့်သာဝေးသည့် နတ်မှော်ဦးရွာတွင် တော်လှန်ရေး အင်အားစုများ အခြေစိုက်ထားခြင်းမရှိဘဲ  တိုက်ပွဲလည်း ရှိမနေကြောင်း ဒေသခံများက ဆိုကြသည်။

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အနောက်ခြမ်းကျေးရွာများကို နိုဝင်ဘာလဆန်းပိုင်းမှစ၍ သုံးပတ်နီးပါး စစ်ကြောင်းထိုးမီးရှို့ခဲ့ရာ ရွှေဘို-မန္တလေးလမ်းပိုင်းဝန်းကျင်မှ ရွာပေါင်း ၂၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ရပြီး အိမ်ခြေ ရာနှင့်ချီပြာကျခဲ့ရသည်။ 

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ထိခိုက်ပျက်စီးမှုများ (ဓါတ်ပုံ – Wetlet Information Network) 

ရွာကိုမီးရှို့နေသည့်စစ်ကြောင်းကို နိုဝင်ဘာလ တတိယပတ်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက် ခိုက်မှုကြောင့် စစ်တပ်ဘက်မှအထိနာပြီး ပြန်လည်ဆုတ်ခွာသွားသည်။

မြေပြင်စစ်ကြောင်း ဆုတ်သွားသဖြင့် တစ်လနီးပါးကြာစစ်ဘေးရှောင်နေရသည့် ကျေးရွာအချို့ နေရပ် ပြန်ဝင်နိုင်သော်လည်း စစ်တပ် ခြေကုပ်ယူထားသည့် ရွာသာကြီးရွာအနီးရှိ ကျေးရွာ ၇ ရွာခန့်မှ ဒေသခံ များ နေရပ် ပြန်နိုင်ခြင်းမရှိဘဲ ရှောင်တိမ်းနေရဆဲဖြစ်ကြောင်း ဝက်လက်မြို့နယ်လူထုတိုက်ပွဲဦးဆောင် ကော်မတီထံက သိရသည်။

ရွေးကောက်ပွဲကျင်းပမည့် စစ်ကိုင်းနှင့်ရွှေဘိုမြို့ကြားရှိ ဝက်လက်မြို့ကို  နယ်မြေစိုးမိုးနိုင်ရေး စစ်တပ် ကြိုးပမ်းနေသလို အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အခြေစိုက်ရာ မုံရွာမြို့အနီးဝန်းကျင် မြို့နယ်များတွင်လည်း စစ်ရေးလှုပ်ရှားမှုများလုပ်နေသည်။ 

မုံရွာနယ်တဝိုက် 


မုံရွာမြို့တောင်ဘက် ချောင်းဦးမြို့နယ်ကိုလည်း နိုဝင်ဘာလ ၃၀ ရက်ကစပြီး ဒီဇင်ဘာလ ၁ ရက်နေ့အထိ နှစ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။ 

မုံရွာ-ချောင်းဦးနယ်စပ် ချောင်းမနားရွာနှင့်ချောင်းဆုံကျေးရွာကို နိုဝင်ဘာလ ၃၀ ရက်နေ့က ဂျိုင်ရိုကော်ပတာဖြင့် တိုက်ခိုက်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးပြီး၊ ကလေးငယ်အပါအဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ထို့ပြင် ဝယာကျေးရွာအနီးရှိ ကင်းစခန်းတစ်ခုကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။ 

“ည ၁၁ နာရီလောက်ကြီး ဝယာရဲ့အထိုင်စခန်းကို ချသွားတာ။ အထိုင်စခန်းမှာ ကင်းစောင့်တဲ့ ရဲဘော်ကို ထိသွားတာ။ လာကြဲမယ်ဆိုတာကြိုပြီး သတင်းရတယ်။ ဗုံးခိုကျင်းဆီကိုပြေးရင်းနဲ့ ဗုံးစ ခေါင်းမှန်သွားပြီး ဆုံးသွားတာပါ။ စခန်းတည့်တည့်ကို လာကြဲသွားတာ”ဟု ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။ 

ယမန်နေ့ ညနေတွင် ချောင်းဦးမြို့နယ်၊ အမြင့်ရဲစခန်းကို စစ်ကော်မရှင်က အင်အားဖြည့်တင်းခဲ့ပြီး ကျီကုန်းရွာ ဝန်းကျင်တွင်လည်း အင်အား ၈၀ နီးပါးဖြင့် မြေပြင်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံက သိရသည်။ 

စစ်တပ်မြေပြင်စစ်ကြောင်းကြောင့် အမြင့်ဝန်းကျင်အနီး ၁၅ ရွာနှင့် ကျီကုန်းအနီးမှ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေးထည်တို့ လိုအပ် နေကြသည်။ 

ရွေးကောက်ပွဲကျင်းပရန်ရှိနေသည့် ချောင်းဦးမြို့နယ်တွင် နယ်မြေစိုးမိုးမှုပိုမိုချဲ့ထွင်နိုင်ရန် စစ်တပ်က စစ်ရေးလှုပ်ရှားနေခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။ 

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ထိခိုက်ပျက်စီးမှုများ (ဓါတ်ပုံ – Wetlet Information Network) 

“ ကျွန်တော်တို့ဘက်ခြမ်းအနေနဲ့က စစ်ရေးလှုပ်ရှားမှု မရှိဘူး။ စစ်ကောင်စီကပဲ ထိုးစစ်ဆင်တဲ့သဘော။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့သဘောနေမှာပါ။ တော်လှန်ရေးအဖွဲ့တွေ နှောင့်ယှက်မှာစိုးလို့ ကြိုပြီးစစ်ကြောင်းထိုးနယ်မြေရှင်းလင်းတဲ့ သဘောပါပဲ”ဟု ချောင်းဦးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။  

မုံရွာနှင့်မျက်နှာချင်းဆိုင် ချင်းတွင်းမြစ် တစ်ဖက်ကမ်းဆားလင်းကြီးမြို့နယ်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးကျေးရွာအချို့ စစ်ဘေးရှောင်နေရသည်။ 

နိုဝင်ဘာလ နောက်ဆုံးပတ်က ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ဆားလင်းကြီးမြို့ပေါ်သို့ အင်အားဖြည့်တင်းရန် သွားသည့် စစ်ကြောင်းပြန်ထွက်လာချိန် နိုဝင်ဘာလ ၃၀ ရက်နေ့ညပိုင်းတွင် တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ထိခိုက်ပျက်စီးမှုများ (ဓါတ်ပုံ – Wetlet Information Network) 

“ပြီးခဲ့တဲ့လကစပြီး တစ်လကျော်လောက် စစ်ကြောင်းက ဝမ်ပေါင်တဝိုက်မှာပဲလှည့်လည်သွားလာနေတာ ။ ဝမ်ပေါင် ပတ်ပတ်လည်ကို စစ်ကြောင်းထိုးတာ။ တစ်လကျော်ကြာအောင် ဒီဘက်ကိုစစ်ပန်းအောင် လုပ်ပြီးတော့ ဆားလင်းကြီးကို သန်းခေါင်မှာချီတက်သွားတာ။ …ဆားလင်းကြီးကို အင်အားမပို့နိုင်တာ၊ ရိက္ခာမပို့နိုင်တာကြာပြီ။ ရွေးကောက်ပွဲကာလဆိုတော့ စစ်ရေးအရ၊ နိုင်ငံရေးအရ ထပ်မံအားဖြည့်တဲ့ သဘော”ဟု ဆားလင်းကြီးမြို့နယ် ဒေသခံတစ်ဦးကပြောသည်။ 

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ ဆားလင်းကြီးမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်နေရာအတွက် စစ်တပ်ကျောထောက် နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းသာ ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။ 

ရှမ်းမြောက်တွင် တရုတ်ကြားဝင်ဖိအားပေးမှုဖြင့် စစ်တပ်က ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် အပစ် ရပ်ပြီးနောက် နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့်ချင်းပြည်နယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်နေသည်။ 

နယ်မြေထက်ဝက်ကျော် လက်လွှတ်ထားရသည့် ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကြောင်းသုံးခုဖြင့် ဖြန့်ခွဲစစ်ကြောင်းထိုးနေသလို ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားရာ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။

Related Articles

Back to top button