နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ၁၂ ရွာထက်မနည်းကို အာဏာသိမ်း စစ်ကော်မရှင်တပ်က တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းဝင်၍ လှည့်လည်မီးရှို့နေပြီး ဒေသခံတစ်သောင်းဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တယားယိုယွင်းသွားသည်အထိ တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ပြီး စစ်တပ်ရွေးကောက်ပွဲလည်း ကျင်းပနိုင်ခြင်းမရှိသည့် နွားထိုးကြီးမြို့နယ်တွင် စစ်တပ်ဘက်က လနှင့်ချီကြာ စစ်ကြောင်းများ ဖြန့်ကျက်ထားရာမှ ယခုလအတွင်း မြို့နယ်မြောက်ခြမ်းရှိကျေးရွာများကို စစ်ကြောင်းဝင်ကာ ဒရုန်းများဖြင့်ဗုံးကြဲ၍ နေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သီတင်းပတ်တစ်ခုအတွင်း ငါးဇွန်နှင့် နွားထိုးမြို့နယ်နိမိတ်အစပ်ရှိ မြဝတီ၊ ကျားတွင်း၊ တောဇောက်၊ ဆေးခင်းကြီး၊ ကန်ကြီး၊ ဖောင်ကျင်း၊ ဗဟက်၊ တောဝေး၊ ဝက်လူး၊ အောင်ချမ်းသာ၊ မျက်ရှု၊ သာစည် စသည့်ကျေးရွာများကို ဝင်ရောက်မီးရှို့ခဲ့ပြီး ပစ္စည်းဥစ္စာများကို စစ်ကော်မရှင် တပ်သားများက ယူငှင်သွားကြကြောင်း အမည်မဖော်လို့သည့် မြဝတီရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကြီးနိုင်ငယ်ညှင်းပေါ့ဗျာ။ သူတို့က လက်နက်နဲ့ကိုဗျ။ အိမ်တွေကို မီးရှို့ပြီးတော့ အပေါက်တွေဘာတွေ၊ သော့တွေဘာတွေကို ရိုက်ချိုးပြီးတော့ သူတို့ကြိုက်တဲ့ပစ္စည်းယူပြီးတော့ မီးရှို့တာပဲ။ ဆီစက်၊ ဓားခုံလို့ ခေါ်တဲ့ နွားစာဆင်းစက်တွေလည်းဖြုတ်ယူတာ။ သူတို့ကြိုက်တာ အဖိုးတန်တာ အကုန်ဖြုတ်ယူတာ” ဟု ၎င်းက ဆိုသည်။
မီးရှို့ခံရသော ကျေးရွာအများစုသည် လူဦးရေတစ်ထောင်ကျော်နေထိုင်သော အိမ်ခြေ ၃၀၀ မှ ၅၀၀ ဝန်းကျင်ရှိသည့် ကျေးရွာများဖြစ်ပြီး ဘေးလွတ်ရာ တောင်တောင်များ၊ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးနီးစပ်ရှိသော ရွာနှင့် မြို့ပြများသို့ တိမ်ရှောင်နေကြရကြောင်း ၎င်းက ဆိုသည်။
“ပြေးရတာပေါ့ဗျာ။ ရှိတဲ့နွားလေးတွေရောင်းပေါ့။ နွားတွေသေ၊ ဝက်တွေသေပေါ့။ (လူတွေက) အခုနေရာတဲ့ နေရာလေးတွေ၊ ဘုန်းကြီးကျောင်းတို့မှာ တွယ်ကပ်နေကြရတာပေါ့။ ငြိမ်သွားလို့ ပြန်သွားရင် အိမ်မရှိတော့လို့ မဆောက်နိုင်ရင်လည်း မိုးကာကာပြီးနေရုံရှိတာပေါ့” ဟု သူက ဆက်ပြောသည်။
တော်လှန်ရေးတပ်များအခြေပြုထားသည်ဟု ယူဆချက်ဖြင့် အင်အားရာဂဏန်းဝင်းကျင်ရှိသည့် စစ်ကြောင်းသုံးကြောင်းခွဲ၍ ထိုကျေးရွာများကို စစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် သီးတင်းပတ်အတွင်း မြဝတီကျေးရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံတို့က ပြောသည်။
နွားထိုးကြီးမြို့ပေါ်၊ ဝက်လူးကျေးရွာနှင့် ငါန်းဇွန်မြို့နယ် မြို့သာမှ လာသည့် စစ်ကြောင်း ကြောင်းက ထိုကျေးရွာများကို ညှပ်ပိတ်၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာသို့မဝင်မီ ဒရုန်းအလွန်အကျွံအသုံးပြု၍ ဗုံးသီးချတိုက်ခိုက်လေ့ရှိကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားချင်းစာနာ ကူညီရေးဆိုင်ရာ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ပစ်ခတ်မှုများကြောင့် လူနှင့် ကျွဲနွားများထိခိုက်ဒဏ်ရာရသူများရှိသောလည်း အများစုသည် စစ်ကြောင်းဝင်လာသည်ကို ကြိုတင်သတင်းရ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် နေအိမ်များကို စစ်တပ်က ပိုက်စိပ်တိုက်မီးရှို့ခြင်းကြောင့် ဒေသခံအများပြား အိုးမဲ့အိမ့်မဲ့ဖြစ်ကြရကြောင်း ၎င်းက ဆိုသည်။
“စစ်ဘေးရှောင်တွေက အကူညီတွေလိုတာပေါ့ဗျာ။ ရွာတွေကလည်း တော်တော်များများ မီးရှို့ခံထားရတယ်။ ရွာတွေပေါ်လည်း ပြန်သွားလို့မရတဲ့အနေအထားမှာရှိတယ်။ စစ်ကြောင်း ဒီနားရောက်လာရင် ဟိုနားကိုရွှေ့ရတယ်။ သွားလာရွှေ့နေရတဲ့ ဒုက္ခကကို မသေးဘူး။ သူတို့ စားဖို့သောက်ဖို့က ရုတ်တရက်ချက်စားဖို့မလွယ်ဘူး။ ဒုက္ခတော်တော်ရောက်ကြတယ်” ဟု သူက ဆိုသည်။
ထိုစစ်ကြောင်းသည် ယနေ့မနက် အစောပိုင်းတွင် ဗဟက်၊ နဘူးတောနှင့် ရုံးရင်တောရွာတို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်နေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
ဧရာဝတီမြစ်အရှေ့ဘက် ဖိုခနောက်ဆိုင် တည်ရှိသည့် မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့သည် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများ က စိုးမိုးထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လတွင် “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် တော်လှန်ရေးတပ်များက နွားထိုးကြီးမြိုပေါ်ရှိ ရဲစခန်းနှင့် စစ်ရေးပစ်မှတ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်တက်ကာ စစ်ကောင်စီတပ်ဖွဲ့များကို စီးနင်းတိုက်ခိုက်ခြင်း၊ ရှောင်တစ်ခင် စစ်ဆေးခြင်းတို့ မကြာခဏ ဆောင်ရွက်လျှက်ရှိသည်။



