သမ္မတရာထူးရယူပြီး တပ်ချုပ်ကိုပါ ထိန်းချုပ်မည့် မင်းအောင်လှိုင်၏ အာဏာမြဲရေး စီမံကိန်း

ဒီဇိုင်း/Myanmar Now

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေထံမှ အမွေဆက်ခံခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်းသည် လာမည့် မတ်လကုန်တွင် ၁၅ နှစ်တင်းတင်းပြည့်ပြီဖြစ်သည်။

 

နေပြည်တော်မှ Myanmar Now သတင်းအရင်းအမြစ်များ၏အဆိုအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ယူနီဖောင်းချွတ်ပြီး သမ္မတကြီးဦးမင်းအောင်လှိုင်အဖြစ် အာဏာကို ဆက်လက်ကိုင်စွဲထားမည်ဟုသိရသည်။ 

 

ထိုစီမံကိန်းကို အကောင်အထည်ဖော်ပေးရန်အတွက် စစ်ခေါင်းဆောင်၏သစ္စာခံ ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် လွှတ်တော်များကလည်း နေပြည်တော်တွင် စတင်နေပြီ။

 

၂၀၁၁ ခုနှစ်က အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ စစ်တပ်ခေါင်းဆောင် ရာထူးကို စွန့်ခွာချိန်တွင် အရပ်ဝတ်လဲထားသည့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်သမ္မတ ဖြစ်လာပြီးနောက် ၁၅ နှစ်အကြာတွင် နောက်ထပ် စစ်ဗိုလ်ချုပ်ဟောင်းသမ္မတတစ်ဦး နေပြည်တော်တွင် ရုံးထိုင်မည်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတရည်မှန်းချက်သည် ဦးသိန်းစိန်ထက်ပိုသည့် ရည်မှန်းချက်များရှိကြောင်း အကဲခတ်များကခန့်မှန်းကြသည်။ 

 

မင်းအောင်လှိုင်သည် အာဏာအားလုံးကို ချုပ်ကိုင်မည့်  ‘ရှင်ဘုရင်လိုသမ္မတ’ ဖြစ်ရန်ကြိုးစားနေကြောင်း ချက်သမ္မတနိုင်ငံအခြေစိုက် Prague Civil Society Center ၏ အကြီးတန်းအကြံပေးနှင့် မြန်မာနိုင်ငံ Education Initiative Program ၏ ကထိက အီဂေါ ဘလာဇီဗစ်က ပြောကြားသည်။

“အရပ်ဘက်ရော စစ်ဘက်ပါ နှစ်ခုလုံးကို ချုပ်ကိုင်မယ့် သမ္မတလည်းငါ၊ ရှင်ဘုရင်လည်းငါဆိုတဲ့ နပိုလီယံရူးခဲ့သလိုမျိုး လမ်းကြောင်းကို မင်းအောင်လှိုင်လှမ်းနေပုံရပါတယ်” ဟု အီဂေါကဆိုသည်။

“မင်းအောင်လှိုင်ဟာ  အာဏာရဲ့ ဗဟိုချက်မှာ ဆက်ရှိနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့အခက်အခဲ ပြီးဆုံးမှာမဟုတ်ပါဘူး။ စစ်တပ်က ပြည်သူတွေကို ဆက်လက်အကြမ်းဖက်နေဦးမယ်။ ပိုပြီးတောင် ပြင်းထန်လာဦးမယ်လို့ ထင်ပါတယ်”

ဓာတ်ပုံ - မတ်လ ၁၃ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သော အခမ်းအနားတွင် မင်းအောင်လှိုင်က ၎င်း၏ ၁၅ နှစ်တာ တပ်ချုပ်သမိုင်းကြောင်းကို ဂုဏ်ယူစွာပြောဆိုခဲ့သည်။
ဓာတ်ပုံ - မတ်လ ၁၃ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သော အခမ်းအနားတွင် မင်းအောင်လှိုင်က ၎င်း၏ ၁၅ နှစ်တာ တပ်ချုပ်သမိုင်းကြောင်းကို ဂုဏ်ယူစွာပြောဆိုခဲ့သည်။

မင်းအောင်လှိုင်သည် စစ်တပ်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် လွှတ်တော်နှင့် ထိုလွှတ်တော်မှဖွဲ့မည့် အစိုးရအဖွဲ့၊ စစ်တပ်၊ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီတို့တွင် ဩဇာခံ စစ်ဗိုလ်ချုပ်များ ဖြန့်ချထားပြီး အာဏာ၏ အချက်အချာအားလုံးကို ဆက်လက် ဆုပ်ကိုင်ထားရန် ပြင်ဆင်နေသည်။

တပ်ချုပ်ကိုကွပ်ကဲမည့်သမ္မတ

၂၀၀၈ ဖွဲ့စည်းပုံအရ ‘တပ်ချုပ်’ ဟုခေါ်ကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးသည် သမ္မတထက် ပိုဩဇာကြီးသည်။ ရွေးကောက်ပွဲမှတဆင့် သမ္မတဖြစ်လာသူများသည် တပ်ချုပ်ကို ကျော်လွန်ပြီး စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို တိုက်ရိုက်အမိန့်ပေးခွင့်မရ။ 

 

ထို့ကြောင့်ပင် ၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သမ္မတဦးဝင်းမြင့်ကို လွယ်လွယ်ကူကူ ဖမ်းဆီးပြီး အာဏာသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ 

 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် သမ္မတလုပ်မည်ဆိုပါက စစ်တပ်အကြီးအကဲ ရာထူးကို သေချာပေါက်စွန့်လွှတ်ရမည်။ အခြားတစ်ဖက်တွင် နောက်တက်လာမည့် တပ်ချုပ်က သူ့အားသမ္မတ ရာထူးမှ ဖြုတ်ချပြီး သူ့နည်းတူ အာဏာသိမ်းမည်ကိုလည်း သေချာပေါက်ကာကွယ်ရမည်။

 

ထို့ကြောင့် အစိုးရမဖွဲ့ခင် နှစ်လခန့်အလို ဖေဖော်ဝါရီလ ၃ ရက်တွင် “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ” အမည်ဖြင့် ဥပဒေတရပ်ကို မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အလျင်အမြန် ပြဋ္ဌာန်းခဲ့သည်။

 

ထိုကောင်စီသည် လုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြံပေးခြင်းနှင့် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

 

အဖွဲ့ဝင် ငါးဦး ပါဝင်မည့် ကောင်စီတွင် ဥက္ကဋ္ဌနေရာကို မင်းအောင်လှိုင်က ရယူပြီး ကိုင်တွယ်ရခက်ခဲသော တပ်ချုပ်ရာထူးကို ၎င်းလက်အောက်၌ ထည့်သွင်းပြီး ကောင်စီကို ဖွဲ့စည်းလိမ့်မည်ဟု Myanmar Now ၏ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

 

“တပ်ချုပ်အသစ်က တကယ်ကို ခေါင်းမာတယ်ဆိုရင် သမ္မတ(မင်းအောင်လှိုင်)က တပ်ချုပ်ကို ကိုင်ဖို့ခက်တယ်။ အဲ့ဒီလိုတွေ ရှိတဲ့အတွက် တပ်ချုပ်အသစ်ကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ အနေနဲ့ ကိုင်မယ်ပေါ့။ ဒါကြောင့် ဥက္ကဋ္ဌရာထူးကော၊ သမ္မတရာထူးကော နှစ်ခုလုံးကို မင်းအောင်လှိုင် တွဲကိုင်မှာ” ဟု နေပြည်တော်ရှိ အဆင့်မြင့် တပ်အရာရှိဟောင်းတစ်ဦးက ပြောသည်။

 

“သမ္မတရာထူးက ဖွဲ့စည်းပုံအခြေခံဥပဒေကန့်သတ်ချက်ကြောင့် သက်တမ်း နှစ်ခုထက်ပိုယူလို့ မရပေမယ့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌရာထူးကိုတော့ သေသည်အထိ ယူချင်ပုံရပါတယ်” ဟု ၎င်းက သုံးသပ်သည်။

 

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ ပုဒ်မ ၉ တွင်မူ ‘ကောင်စီ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်း ဖြစ်သည်’ ဟု ပြဋ္ဌာန်းထားသည်။

တပ်ချုပ်အသစ်နေရာအတွက် တစ်ပြေးနေသူများ

တပ်ချုပ်မင်းအောင်လှိုင်အလွန် မြန်မာစစ်တပ်၏ ကိုးယောက်မြောက် တပ်ချုပ်ဖြစ်လာမည့်သူကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ခန့်မှန်းတွက်ဆနေကြသည့် အဆင့်သာရှိသည်။

 

လက်ရှိဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်  မကြာသေးခင်ကမှ စစ်တပ်တွင် နံပါတ်လေးအဆင့်ရှိသည့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်လာသူ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့သည် လာမည့်သီတင်းပတ်များအတွင်း တပ်ချုပ်ဖြစ်လာရန် ရေပန်းအစားဆုံး စစ်ဗိုလ်ချုပ်များဟု Myanmar Now ၏သတင်းအရင်းအမြစ်များက ခန့်မှန်းထားသည်။

 

စစ်ရုံးနှင့်နီးစပ်သည့် စစ်တပ်၏အဆင့်မြင့်အရာရှိဟောင်းတစ်ဦးကတော့ အသက် ၅၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် အသက်အရွယ်နှင့် မင်းအောင်လှိုင်၏ အရေးပေးမှုအရ စစ်ခေါင်းဆောင်သစ် ဖြစ်လာနိုင်ခြေ အရှိဆုံးဟု ခန့်မှန်းသည်။

 

“မတ်အကုန်မှာ ကျော်စွာလင်းကို တပ်ချုပ်အဖြစ်ခန့်တဲ့ အမိန့်ထွက်လာမယ်။ ၂၀၁၁ မတ် ၃၀ တုန်းကလည်း ညှိနှိုင်းကွပ်ကဲရေးမှူး မင်းအောင်လှိုင်ကို တပ်ချုပ်၊ ကစထ ၆ မှူး စိုးဝင်းကို ဒုတပ်ချုပ် ခန့်တဲ့ အမိန့် ထွက်လာသလိုမျိုးပါပဲ” ဟု သူလက်ခံရရှိထားသည့် ထောက်လှမ်းရေးသတင်းများကို အခြေခံပြီး အဆိုပါတပ်အရာရှိဟောင်းကပြောသည်။ 

 

မင်းအောင်လှိုင်သည် သူနှင့်အတူ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်လည်း တပ်မှထွက်ရန် စီစဉ်ထားပြီး ဒုတပ်ချုပ်နေရာကို စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ဆင်း ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်ကို ခန့်အပ်နိုင်သည်ဟုလည်း ၎င်းကခန့်မှန်းသည်။ 

 

“ဒုချုပ်နဲ့ တပ်ချုပ်ကို အသက် ငါးနှစ်လောက် ခွာထားတဲ့ ပုံစံမျိုး သွားချင်တဲ့အတွက် သန်းထိုက်ပေါ့။ လက်ရှိ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်နေတဲ့ သန်းထိုက်ကို ဒုချုပ်ပေးလိမ့်မယ်” ဟု အငြိမ်းစား တပ်အရာရှိကြီးက ဆိုသည်။

 

အခြားသူများက တပ်ချုပ်ဖြစ်လာမည်ဟု ထင်ကြေးပေးနေကြသည့် ထောက်လှမ်းရေးတပ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မူလရာထူးအတိုင်းဆက်ရှိနေမည်ဟုလည်း ၎င်းကခန့်မှန်းသည်။

 

သို့သော်နောက်ထပ် စစ်ရုံးသတင်းရင်းမြစ်တစ်ဦးကမူ တပ်ချုပ်အသစ်ရာထူးအတွက် ဖြစ်နိုင်ခြေရှိသည့် ဗိုလ်ချုပ်များကို ခန့်မှန်းနေကြခြင်းသာဖြစ်ပြီး မင်းအောင်လှိုင်ကိုယ်တိုင်က ၎င်း၏နေရာကို ဆက်ခံမည့် ကာယကံရှင်များကို ထုတ်မပြောသေးဘဲ နောက်ဆုံးအချိန်အထိ ချိန်ဆနေဆဲဖြစ်ကြောင်းဆိုသည်။

 

အဆိုပါအခြေအနေသည် မြန်မာစစ်တပ်၏ လုပ်လေ့လုပ်ထရှိသည့် အလေ့အကျင့်ဖြစ်သည်။ ၁၉ နှစ်ကြာ စစ်တပ်ခေါင်းဆောင် ရာထူးယူခဲ့သည့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ ၂၀၁၁ ခုနှစ်က တပ်ချုပ်ရာထူးမှ စွန့်ခွာချိန်တွင်လည်း စီနီယာစစ်ဗိုလ်ချုပ်ကြီးများကို ကျော်လွှားပြီး ထိုစဉ်က ​​ဗိုလ်ချုပ်ကြီး အဆင့်သာရှိသည့် မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးအပ်ခဲ့သည်။

တပ်ချုပ်အသစ်ဖြစ်လာရန် အလားအလာအရှိဆုံး ဗိုလ်ချုပ်ကြီးကျော်စွာလင်း။
တပ်ချုပ်အသစ်ဖြစ်လာရန် အလားအလာအရှိဆုံး ဗိုလ်ချုပ်ကြီးကျော်စွာလင်း။ (ဓာတ်ပုံ- AFP)

မြှောက်စားခံ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းတွင်  ‘သံသယများသူ’ဟုတံဆိပ်ကပ်ခံရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏တပ်ချုပ် ၁၅ နှစ်တာသက်တမ်းအတွင်း အာဏာတည်ဆောက်နေရသလို အခြားတစ်ဖက်တွင် သူ့အားဩဇာခံမည့်၊ ယုံကြည်စိတ်ချရမည့် သစ္စာခံ စစ်ဗိုလ်ချုပ်များကို ရှာဖွေ စုဆောင်းခဲ့ရသည်။

 

ထိုအထဲတွင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကျော်စွာလင်းတို့သည် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် အရေးအပေးဆုံး စစ်ဗိုလ်ချုပ်များ ဖြစ်လာခဲ့သည်။ စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ဆင်းများအနက် အသက်အငယ်ဆုံးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တပ်ချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ဆင်း ကျော်စွာလင်းကို ဒုချုပ်အဖြစ် စစ်ခေါင်းဆောင်က လျာထားခဲ့သည်။

 

သို့သော် မိုးမြင့်ထွန်းကို အဂတိမှုစွပ်စွဲချက်ဖြင့် ရာထူးဖြုတ်ချထောင်ချခဲ့ပြီးနောက်  ကျော်စွာလင်းသည် တပ်ချုပ်ဖြစ်ရန် အလားအလာအကောင်းဆုံးဟု စစ်ရုံးသတင်းရင်းမြစ်က ပြောသည်။

 

ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့ဇာတိဖြစ်သူ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ခေါင်းဆောင်၏ မြှောက်စားမှုဖြင့် စစ်တပ်အတွင်း အရေးကြီးရာထူးများကို ဆက်တိုက် ရလာခဲ့သည်။

 

၂၀၁၈ ခုနှစ် တွင် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး နှစ်နှစ်အကြာတွင် ဒုတိယဗိုလ်ချုပ်ကြီး၊ ထို့နောက် စစ်ထောက်ချုပ်ရာထူးအထိ တိုးမြှင့်ခံခဲ့ရသည်။

 

အသက် ၅၀ မပြည့်မီပင် ရှားရှားပါးပါး ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာကာ ရာထူးတိုး အမြန်ဆုံး စစ်သားတစ်ဦးဖြစ်လာသည့် ကျော်စွာလင်းကို မင်းအောင်လှိုင်က “သူ့အရိုက်အရာဆက်ခံဖို့ လမ်းခင်းနေတယ်” ဟု စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းတွင် စတင် သတိပြုမိခဲ့ကြသည်။

 

“ဘဏ္ဍာစိုး” ဟု စစ်တပ်အသိုင်းအဝိုင်းတွင် တင်စားကြသည့် စစ်ထောက်ချုပ်ရာထူးသည် စစ်ခေါင်းဆောင်အသီးသီးက မိမိအယုံကြည်ရဆုံးသူများကိုသာ ခန့်ထားလေ့ရှိသည့် ရာထူးဖြစ်သည်။ နိုင်ငံတဝန်းရှိ တပ်ပိုင်မြေများ အပါအဝင် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများ၊ ပြည်ပဝယ်ယူရေးနှင့် ထောက်ပို့ဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ရသည့် အရေးပါသော ရာထူးလည်း ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း စစ်ခေါင်းဆောင်၏ ရုရှားနှင့် တရုတ်နိုင်ငံ ခရီးစဉ်များတွင်လည်း ကျော်စွာလင်းသည် လက်ရုံးတစ်ဦးအဖြစ် အနီးကပ် လိုက်ပါခဲ့သည်။ ရန်ကုန်မြို့တွင် ပြုလုပ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ စစ်တပ်နှစ်ပတ်လည်နေ့ အခမ်းအနားများတွင်လည်း ကျော်စွာလင်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

 

ကျော်စွာလင်းသည် စစ်ဆင်ရေးအတွေ့အကြုံ မရှိသည့် ‘စစ်မင်းသား’ ဟူ၍  စစ်ရုံးအသိုင်းအဝိုင်းတွင် နာမည်ကြီးသည်ဟု Myanmar Now စစ်ရုံးသတင်းရင်းမြစ်က ပြောသည်။ 

 

“တပ်ထဲမှာက စစ်တိုက်တာတော်တဲ့သူ၊ စစ်တိုက်တာ အတွေ့အကြုံရှိတဲ့သူကို စစ်သားချင်း အထင်ကြီးတာ။ ဒီကောင်တွေကတော့ လူကြီးနားမှာ အိတ်ဆွဲ၊ တံခါးဖွင့်လိုပေါ့ဗျာ။ ကိုယ်ရေးအရာရှိ အလုပ်ပဲ လုပ်ပြီးတော့မှ ရုံးပေါ်ကနေပဲ မြေပုံတုတ်ထောက်တွေနဲ့ ဆင်းလာတာဆိုတော့ အထင်မကြီးကြဘူး” ဟု ၎င်းကပြောသည်။

 

ကျော်စွာလင်းသည် ဗိုလ်ကြီးဘဝတွင် နအဖ စစ်အစိုးရ၏ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေး၏ ရုံး၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့နောက် ပျဉ်းမနားအခြေစိုက် အမှတ် (၄၁၁) ခြေမြန်တပ်ရင်းတွင် တပ်ရင်းမှူး၊ တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တာချီလိတ်မြို့နယ်တွင် ဗျူဟာမှူး၊ နေပြည်တော်အခြေစိုက် အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် တပ်မမှူး၊ စစ်ရုံးချုပ်တွင် စစ်ဦးစီး ဗိုလ်မှူးချုပ်အဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

 

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို ပစ်မှတ်ထား ရှင်းလင်းခဲ့သည့် စစ်ဆင်ရေးအတွင်း ကျော်စွာလင်းသည် စစ်ရုံးချုပ်တွင် စစ်ဦးစီးဗိုလ်မှူးချုပ်အနေဖြင့် ကွပ်ကဲခဲ့သည်ဟု ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်တပ်ကိုစွန့်ခွာလာသည့် CDM တပ်အရာရှိများဖြင့် ဖွဲ့စည်းထားသော စစ်ဘက်နှင့် လုံခြုံရေးရာ သုတေသနအဖွဲ့ (MDSI) က ဆိုသည်။

 

စစ်ဦးစီးဗိုလ်မှူးချုပ်ရာထူးမှာ တပ်ချုပ်နှင့် မြေပြင်တပ်မှူးများ၊ တိုင်းမှူးများကြား ဆက်သွယ်ချိတ်ဆက်ပေးရသည့် ရာထူးဖြစ်သည်။

“အဲဒီ ရိုဟင်ဂျာတွေကို သတ်ဖြတ်၊ ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့ ၂၀၁၇ စစ်ဆင်ရေးကာလမှာတော့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအပေါ်ကို လက်ရှိ စစ်ခေါင်းဆောင်က အတော်လေး နှစ်ခြိုက် သဘောကျခဲ့တာ” ဟု MDSI အဖွဲ့၏ စစ်ဘက်သုတေသနတာဝန်ခံ ဗိုလ်မှူး နောင်ရိုးက ပြောသည်။

ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို နိုင်ငံတကာအရေးယူမှုအဖြစ် ၂၀၂၃ ခုနှစ်တွင် ဆွစ်ဇာလန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနှင့် ၂၀၂၄ ခုနှစ်တွင် ဗြိတိန်တို့က ခရီးသွားလာခွင့်အပါအဝင် ပိုင်ဆိုင်မှုနှင့် စီးပွားရေးလုပ်ဆောင်ခွင့်များကို ကန့်သတ် ပိတ်ပင်ထားသည်။

မင်းအောင်လှိုင်နှင့် ကျော်စွာလင်း။ (ဓာတ်ပုံ- စစ်တပ်)
မင်းအောင်လှိုင်နှင့် ကျော်စွာလင်း။ (ဓာတ်ပုံ- စစ်တပ်)

ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးသည် စစ်တပ်တွင် ယခင်က မရှိခဲ့ဘဲ တိုးချဲ့လိုက်သည့် ဒုတိယဗိုလ်ချုပ်ကြီးများကို ကွပ်ကဲရန် ၂၀၀၁ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စတင်တီထွင်ခဲ့သော ရာထူးဖြစ်သည်။ စစ်တပ်အတွင်း နံပါတ်သုံး အဆင့်ရှိ ညှိကွပ်ရာထူးကို ရရှိခဲ့သူ ဗိုလ်ချုပ်ကြီးများအနက် ကျော်စွာလင်းသည် ခုနစ်ဦးမြောက်ဖြစ်သည်။

 

သို့သော် ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးမှ တပ်ချုပ်ဖြစ်လာသူမှာ မင်းအောင်လှိုင် တစ်ဦးတည်းသာ ရှိသည်။

 

ဗိုလ်ချုပ်ကြီးများဖြစ်သည့် သူရရွှေမန်း၊ လှဌေးဝင်း၊ ခင်အောင်မြင့်၊ မြထွန်းဦး၊ မောင်မောင်အေးတို့ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့ကြသော်လည်း တပ်ချုပ်ရာထူးနှင့် လွဲချော်ခဲ့ကြသည်။

 

ကျော်စွာလင်း တပ်ချုပ်ဖြစ်လာပါက ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးမှ တပ်ချုပ်ဖြစ်လာသူ ဒုတိယမြောက် စစ်ဗိုလ်ချုပ်ဖြစ်လာမည်ဖြစ်သည်။

အကြွင်းမဲ့သစ္စာခံများနှင့် လွှတ်တော်

၂၀၁၀ ရွေးကောက်ပွဲမှ သမ္မတဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် နှင့် ထိုစဉ်က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်းရွှေမန်းတို့ အားပြိုင်ခဲ့ကြပြီး ဦးသိန်းစိန်သည် လွှတ်တော်နှင့် ကြံ့ခိုင်ရေးပါတီတို့တွင် သြဇာအာဏာလျော့ကျသွားခဲ့ရသည်။

 

မင်းအောင်လှိုင်က ထိုအဖြစ်အပျက်မျိုးထပ်မဖြစ်ရန် သေချာပြင်ဆင်နေသည်။ ထိုအတွက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရာထူးများတွင် သူ့အားအကြွင်းမဲ့ သစ္စာခံမည့် စစ်ဗိုလ်ချုပ် ဟောင်းများကို တာဝန်ယူခိုင်းထားသည်။ 

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့်စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ စစ်ကောင်စီ လ.ဝ.က ဝန်ကြီးဟောင်းနှင့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ခင်ရီသည် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသည်။ 

 

ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးသည် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ်လည်း ပူးတွဲ တာဝန်ယူထားသည်။ ထိုရာထူးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရွေးချယ်ရေးကို ကြီးကြပ်ရသည်။

ပြည်ထောင်စုလွှတ်တော်နာယက ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းဒွေး(အလယ်)။
ပြည်ထောင်စုလွှတ်တော်နာယက ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းဒွေး(အလယ်)။ (ဓာတ်ပုံ- AFP)

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီမှ စစ်ဗိုလ်ချုပ်များဖြစ်ကြသည့် ညိုစော၊ မြထွန်းဦး၊ တင်အောင်စန်း တို့အပြင် စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် သက်ပုံ၊ တေဇကျော်၊ ကံမြင့်သန်း၊ လင်းအောင်နှင့် စိုးတင့်နိုင်တို့သည်လည်း အရပ်ဝတ်များလဲပြီး လွှတ်တော်အမတ်များဖြစ်လာကြပြီဖြစ်သည်။ 

 

လက်ရှိ စစ်ကော်မရှင်၏ဝန်ကြီးချုပ် ညိုစောသည် မင်းအောင်လှိုင်၏နောက် ဒုသမ္မတဖြစ်လာမည်ဟု ရေပန်းစားနေပြီး မြထွန်းဦးနှင့် တင်အောင်စန်းတို့ကိုလည်း မကြာမီ ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် ပြန်လည် ခန့်အပ်ဖွယ်ရှိနေသည်။

 

၂၀၁၁ ခုနှစ်က ပဲခူးတိုင်း ကေတုမတီအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ညိုစော တိုင်းမှူးတာဝန်ယူစဉ် နှလုံးကျန်းမာရေးမကောင်းဖြစ်၍ နိုင်ငံတော်စရိတ်ဖြင့် စင်္ကာပူ၌ သွားရောက်ကုသပြီး ပြန်လည်ကောင်းမွန်လာခဲ့သည်။

 

ဆေးကုသပြီးအပြန် စစ်ခေါင်းဆောင်ကို ဝင်ရောက်ကန်တော့ရာကနေ နှစ်ဦးကြား ရင်းနှီးမှု ပိုမိုခိုင်မာလာခဲ့သည်ဟု ထိုစဉ်က စစ်ခေါင်းဆောင်၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့သူ ဦးလင်းဇော်ထွန်း၏ ပြန်ပြောင်းပြောပြချက်ကို ကိုးကား၍ လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောပြသည်။

မင်းအောင်လှိုင်နှင့် ညိုစော။ (ပုံ- စစ်တပ်)
မင်းအောင်လှိုင်နှင့် ညိုစော။ (ပုံ- စစ်တပ်)

“ဦးညိုစောက ကန်တော့တဲ့အခါမှာ သူ့ခေါင်းနဲ့ မင်းအောင်လှိုင်ရဲ့ ခြေထောက်နဲ့ ထိပြီးတော့ ‘ကျွန်တော် ဗိုလ်ချုပ်မှူးကြီးအပေါ်မှာ ထာဝရ သစ္စာရှိပါ့မယ်။ အသက်သေသည်ထိ ကတိပြုပါတယ်။ ပေးတဲ့တာဝန်ကို ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ပါ့မယ်’ ဆိုပြီး ကန်တော့တယ်။ အဲ့ဒီကန်တော့တာကို သူ တော်တော်အသည်းခိုက် သွားတယ်” ဟု ၂၀၁၅-၂၀၂၀ ခုနှစ်က လွှတ်တော်အမတ်ဖြစ်ခဲ့သူက ပြောသည်။

ကြံ့ခိုင်ရေးပါတီကိုပါ ချုပ်ကိုင်မည့်သမ္မတ

စစ်တပ်၊ လွှတ်တော်နှင့် အစိုးရအဖွဲ့သာမက ကြံ့ခိုင်ရေးပါတီကိုပါ ချုပ်ကိုင်ရန် လိုအပ်သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယုံကြည်နေပြီး လက်ရှိပါတီခေါင်းဆောင်စစ်ဗိုလ်ချုပ်များ၏ နေရာတွင် သူ့အားပိုမိုသစ္စာခံသည့် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် အစားထိုးရန် အနာဂတ်အစီအစဉ် ချမှတ်ထားသည်ဟု  ပါတီထိပ်သီးများနှင့် နီးစပ်သူများက ဆိုသည်။

 

ထိုအစီအစဉ်သည် ၂၀၁၀ မတ်လကုန်တွင် သမ္မတဖြစ်လာပြီးနောက် ကြံ့ခိုင်ရေးပါတီအား စွန့်လွှတ်လိုက်ရသည့် ဦးသိန်းစိန်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မှ ဆင်းသက်လာသည်ဟု ပါတီထိပ်သီးများနှင့် နီးစပ်သူများက ဆိုသည်။ 

 

၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတသည် ပါတီတာဝန်များကို စွက်ဖက်ခွင့်မရှိရာ ဦးသိန်းစိန်၏နေရာတွင် ထိုစဉ်က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်းရွှေမန်းက ဝင်ရောက်နေရာယူခဲ့ပြီး စစ်တပ်ကပါ ဝင်ထိန်းရသည့် သိန်းစိန်ဂိုဏ်းနှင့် ရွှေမန်းဂိုဏ်း အကွဲအပြဲဇာတ်လမ်းများဖြစ်ခဲ့သည်။ 

 

လက်ရှိကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဦးခင်ရီသည် လွှတ်တော်ဥက္ကဋ္ဌရာထူးယူထားသဖြင့် ကြံ့ခိုင်ရေးပါတီကို ဆက်လက်ဦးဆောင်ခွင့်ရှိနေသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ ဗိုလ်မှူးချုပ်ဟောင်းခင်ရီ။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ ဗိုလ်မှူးချုပ်ဟောင်းခင်ရီ။ (ဓာတ်ပုံ- AFP)

သို့သော် ယခုနှစ်အတွင်း ပါတီညီလာခံတရပ် ကျင်းပရန်ရှိနေပြီး ဦးခင်ရီ၏နေရာတွင် စစ်ခေါင်းဆောင်၏ လူယုံဗိုလ်ချုပ်ကြီးတစ်ဦးကို ပါတီဥက္ကဋ္ဌအဖြစ် အစားထိုးလိမ့်မည်ဟု ပါတီထိပ်သီးများနှင့် နီးစပ်သူများက ဆိုသည်။

 

လက်ရှိ ပါတီ၏ ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိမ်းသည် ပါတီဥက္ကဋ္ဌသစ်ဖြစ်လာရန် တစ်ပြေးနေသည်။ ထို့အပြင် မင်းအောင်လှိုင်၏ လူရင်း ဗိုလ်ချုပ်ကြီးများနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းများသည်လည်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်လာကြလိမ့်မည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ကြံ့ခိုင်ရေးပါတီ
ဓာတ်ပုံ - ကြံ့ခိုင်ရေးပါတီ

ညတာရှည်ခဲ့သည့် မင်းအောင်လှိုင်၏သမ္မတအိပ်မက်

စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း မင်းအောင်လှိုင်သည် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လကုန်ပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာပြီး ခုနစ်လခန့်အကြာ ၂၀၁၁ ခုနှစ် မတ်လကုန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ရရှိခဲ့သည်။

 

ထိုစဉ် အသက် ၅၅ နှစ်အရွယ် မင်းအောင်လှိုင်ကို တပ်ချုပ်၊ အသက် ၅၀ အရွယ် စိုးဝင်းကို ဒုတပ်ချုပ်အဖြစ် ဗိုလ်သန်းရွှေက နေရာပေးခဲ့သည်မှာ ငါးနှစ်သက်တမ်းအတွက်သာ ဖြစ်သည်ဟု ထိုစဉ်အစိုးရအဖွဲ့တွင် ပါဝင်သူများက ပြောကြသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် မင်းအောင်လှိုင်၊ စိုးဝင်း၊ အောင်လင်းဒွေး၊ ညိုစောနှင့် ရဲဝင်းဦးတို့အားတွေ့ရစဉ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် မင်းအောင်လှိုင်၊ စိုးဝင်း၊ အောင်လင်းဒွေး၊ ညိုစောနှင့် ရဲဝင်းဦးတို့အားတွေ့ရစဉ်။ (ဓာတ်ပုံ- AFP )

ဦးသန်းရွှေ ချမှတ်ခဲ့သည့် အစီအစဉ်မှာ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ် အထိ ငါးနှစ်သက်တမ်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတပ်ချုပ်အဖြစ် တာဝန်ယူ၍ ငါးနှစ်ပြည့်လျှင် မင်းအောင်လှိုင် ပင်စင်ယူပြီး စိုးဝင်း တပ်ချုပ်ဆက်လုပ်ရန် ဖြစ်သည်။

 

သို့ရာတွင် ၂၀၁၄ ခုနှစ်တွင် ကာကွယ်ရေးဌာနကောင်စီ၏ ညွှန်ကြားလွှာဖြင့် တပ်ချုပ်နှင့် ဒုတပ်ချုပ်သက်တမ်းကို အသက် ၆၅ နှစ်အထိ သတ်မှတ်လိုက်ခြင်းဖြင့် မင်းအောင်လှိုင်သည် စစ်ခေါင်းဆောင်သက်တမ်းကို စတင်တိုးယူခဲ့သည်။

 

“အဲ့ဒီအချိန်မှာ ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့ မြှောက်ပေးတဲ့အခါမှာ ဦးသိန်းစိန်က အပေးအယူ လုပ်လိုက်တယ်။ ဒီရွေးကောက်ပွဲ ၂၀၁၅ အောင်နိုင်ဖို့အတွက်ကို ကိုမင်းအောင်လှိုင်နဲ့ တွဲမှဖြစ်မယ်။ အဲ့ဒီတော့ အာဏာခွဲဝေတဲ့ အနေနဲ့ ကျွန်တော်က ဒုတိယသက်တမ်းမှာ သုံးနှစ်ပဲလုပ်မယ်။ ကျန်တဲ့ နှစ်နှစ်ကို ခင်ဗျားလုပ် ဆိုပြီး ဦးမင်းအောင်လှိုင်ကို သမ္မတပိုး သွင်းပေးလိုက်တာ” ဟု ဦးသိန်းစိန်လက်ထက် အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

သို့သော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သဖြင့် ဦးသိန်းစိန်နှင့် မင်းအောင်လှိုင်တို့၏ သမ္မတအိပ်မက် ပျက်ပြယ်ခဲ့ရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နှင့် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့စဉ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နှင့် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့စဉ်။ ( ဓာတ်ပုံ- EPA)

ထိုအခြေအနေတွင် မင်းအောင်လှိုင်က အားမလျှော့ဘဲ ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ အနိုင်ရပြီး ၎င်းက သမ္မတလုပ်မည်ဟု ဆက်လက် မျှော်မှန်းခဲ့သည်။

 

သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း NLD ပါတီက ထပ်မံ အနိုင်ရခဲ့ရာ မဲမသမာမှု အကြောင်းပြ၍ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရအဖွဲ့ဝင် အများအပြားကို ဖမ်းဆီးပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်အာဏာသိမ်းခဲ့သည်။

 

အာဏာသိမ်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီလ ၄ ရက်တွင် တပ်ချုပ်နှင့် ဒုတပ်ချုပ် သက်တမ်းကို “အကန့်အသတ်မရှိ” တိုးမြှင့်လိုက်သည့် ကာကွယ်ရေးဌာနကောင်စီ ၁/၂၀၂၁ ညွှန်ကြားလွှာအသစ်ကို ထုတ်ပြန်ခဲ့သည်။ 

 

ထိုသို့ အသက်အကန့်အသတ်မရှိ တိုးမြှင့်ခဲ့သည့် စစ်ခေါင်းဆောင်သည် တပ်ချုပ်သက်တမ်း ၁၅ နှစ်ပြည့်ချိန်ဖြစ်သော ယခုလကုန်တွင် စစ်ယူနီဖောင်းချွတ်ပြီး သမ္မတရာထူးဖြင့် အမည်ခံ အရပ်သားအစိုးရကို ဦးဆောင်တော့မည်ဖြစ်သည်။

 

“မင်းသားလုပ်ချင်လို့ ဇာတ်ထောင်တာပဲဗျာ။ အာဏာသိမ်းတာ သူသမ္မတဖြစ်ချင်လို့ အာဏာသိမ်းတာ ဒါကြီးက ရှင်းနေတဲ့ကိစ္စပဲ။ ဒီရာထူးကို သူတော်တော်ရူးတာ။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတရာထူးကို သူယူမယ်” ဟု နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်က ပြောသည်။ 

 

လွှတ်တော်ခေါ်ကာ အရပ်ဝတ်ပြောင်းပြီး အစိုးရဖွဲ့ရန် ကြိုးပမ်းနေသည့် စစ်တပ်၏ လုပ်ရပ်သည် မြန်မာပြည်သူများကိုသာမက နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ လှည့်ဖြား၍ မရနိုင်သလို ၎င်းတို့ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကိုလည်း ဖျောက်ဖျက်၍ မရဘဲ နောက်ဆုံးတွင် တာဝန်ခံရလိမ့်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စစ်တပ်က စိတ််တိုင်းကျစီစဥ်ဖန်တီးခဲ့သည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် စစ်ဗိုလ်ချုပ်များကြီးစိုးသည့် လွှတ်တော်၏ ပထမဆုံးအစည်းအဝေး
စစ်တပ်က စိတ််တိုင်းကျစီစဥ်ဖန်တီးခဲ့သည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် စစ်ဗိုလ်ချုပ်များကြီးစိုးသည့် လွှတ်တော်၏ ပထမဆုံးအစည်းအဝေး (ပုံ-AFP)

 

“မင်းအောင်လှိုင်ဟာ အရပ်သား သောင်းနဲ့ချီ သတ်ဖြတ်ခဲ့တယ်။ တိုင်းပြည်ကို မီးမွှေးပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်နေတာ။ ဒါတွေအားလုံးက သူ့ကိုယ်သူ သမ္မတဖြစ်ရေး ကိုယ်ကျိုးရှာ ကြိုးပမ်းမှုကြောင့် ဖြစ်တာ” ဟု SAC- M အဖွဲ့ဝင်ဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီက ပြောသည်။

 

စစ်တပ်က ရွေးကောက်ပွဲလုပ်ပြီး ပေါ်ထွက်လာသည့် လွှတ်တော်နှင့် အစိုးရဖွဲ့ပြီးချိန်တွင် နိုင်ငံတကာ၌ တရားဝင်မှုနှင့် ထောက်ခံမှုအချို့ ရလာနိုင်သည်ဟု တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်သည်။

 

“သူတို့ ဒီဟာအတွက်ပဲ လုပ်တာကိုး။ သူတို့အတွက် နိုင်ငံရေးအရ တစ်စုံတစ်ရာ အသက်ရှူပေါက်ကလေးတော့ ချောင်သွားသလို ဖြစ်တာပေါ့” ဟု ဒေါက်တာ လှကျော်ဇောက ပြောသည်။

 

သို့သော် အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း အရပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် စစ်တပ်အပေါ် မြန်မာလူထု၏ သဘောထားမှာ အများကြီး ပြောင်းလဲသွားပြီး စစ်တပ်ကို စိတ်ကုန်နေကြပြီဟု ၎င်းက ဆိုသည်။

 

ဘူးလက်လှဆွေဟု လူသိများသော ကြံ့ခိုင်ရေးပါတီ၏ နေပြည်တော်ဥက္ကဋ္ဌဖြစ်သူ ဦးလှဆွေကလည်း ၎င်းတို့အနေဖြင့် တိုင်းပြည်ကို နောက်ထပ် ဆယ်စုနှစ်တစ်ခုမက အုပ်ချုပ်ရန် ပြင်ဆင်နေကြောင်း မတ်လ ၁၆ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောထားသည်။

 

“ကျွန်တော်တို့ ဒီ ငါးနှစ်တင်မက လာမယ့် ငါးနှစ်၊ ၁၀နှစ်၊ ၁၅နှစ် နိုင်ငံကို ဦးဆောင်သွားဖို့ ကျွန်တော်တို့ စဉ်းစားထားတယ်” ဟုဆိုသည်။

 

များမကြာမီရက်များအတွင်း မြန်မာနိုင်ငံတွင် သက်ဦးဆံပိုင် စနစ်နှင့်မခြား အာဏာ၏ အချက်အချာ  အားလုံးကို ဆက်လက် ဆုပ်ကိုင်ထားမည့် မင်းအောင်လှိုင်၏ ရှင်ဘုရင်ဆန်သည့်သမ္မတစနစ်သစ် စတင်တော့မည်ဖြစ်သည်။